ကလေး ဖွံ့ဖြိုးမှု ကောင်းစေရေး အလေးပေး လှုံ့ဆော်ပေး
ကလေးတွေဟာ မွေးခါစ ၁ နှစ်အတွင်းမှာ ဖွံ့ဖြိုးမှု အထူးအပြောင်းအလဲ မြန်ပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုဟာ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူညီပါဘူး။ ပထမနှစ်အတွင်းမှာ ကလေးတွေဟာ အဓိက ဒီနေရာတွေမှာ ဖွံ့ဖြိုးပါတယ်။
♦ ကိုယ် ဖွံ့ဖြိုးမှု : ကလေး ကိုယ်ခန္ဓာကြီးထွားမှုနဲ့ ကိုယ်အလေးချိန် တိုးလာခြင်းပဲ ဖြစ်ပါတယ်။
♦ အသိဉာဏ် ဖွံ့ဖြိုးမှု : ကလေးရဲ့ဦးနှောက်က စတင်လေ့လာသင်ယူ မှတ်သားပြီး လူတွေကို မှတ်မိစ ပြုလာပါတယ်။
♦ စိတ်ခံစားမှုနဲ့ ဆက်ဆံရေး ဖွံ့ဖြိုးမှု : ကလေးလေးဟာ မိသားစုဝင်တွေနဲ့ အခြားလူတွေကို စတင်ဆက်သွယ်စ ပြုလာပြီး စိတ်ခံစားမှုကို ပြသလာခြင်း ဖြစ်ပါတယ်။
♦ ဘာသာစကား ဖွံ့ဖြိုးမှု : အစပိုင်းမှာ ငိုသံအမျိုးမျိုး ပြုပါတယ်။ နောက်ပိုင်းမှာ မပီကလာ စကားသံတွေ စကြားလာရပြီး ၁၂ လကျော်တဲ့အခါ စကားလုံး နည်းနည်းကို တီတီတာတာ ပြောတတ်လာပါတယ်။
♦ အာရုံ ခံစားမှုနဲ့ လှုပ်ရှားမှုဖွံ့ဖြိုးမှု : ကလေးတွေ စတင်လှုပ်ရှားလာခြင်း ဖြစ်ပါတယ်။ ပထမ ၁ နှစ်အတွင်း အချို့ကလေးတွေဟာ ထိုင်နိုင်ပြီး တချို့ကလေးတွေက မတ်တပ်ရပ်နိုင်ပါတယ်။ အချို့ကလေးတွေကတော့ လမ်းစလျှောက်နိုင်တဲ့အထိ ဖွံ့ဖြိုးနိုင်ပါတယ်။
အထက်ပါ ဖွံ့ဖြိုးမှုတွေထဲက တစ်နေရာရာမှာ နောက်ကျနေရုံနဲ့ ပြဿနာရှိတယ်လို့ မဆိုလိုပါဘူး။ ကလေးတွေဟာ တစ်နေရာမှာ နောက်ကျနေပေမယ့် တခြားတစ်နေရာမှာ စောနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်တယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်တာ အကောင်းဆုံး ဖြစ်ပါတယ်။
ကလေးရဲ့ဖွံ့ဖြိုးမှု တိုးတက်လာအောင် မိဘတွေက ထွေးပွေ့ပြီး ချစ်ခင်မှုကို ပြသပါ။ စကားစမြည် ပြောဆိုပြီး နို့တိုက်၊ အစာ ကျွေးပေးပါ။ အဝတ်အစား လဲ၊ အညစ်အကြေး သန့်စင်ပေးပါ။
ဆရာဝန် ရက်ချိန်းမှန်မှန်ပြသဖို့ အရေးကြီးပါတယ်။ ရက်ချိန်းကို မှန်မှန်ပြသဖို့ အရေးကြီးသလို ပြဿနာ တစ်စုံတစ်ရာ ရှိပါကလည်း ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ မမေ့ပါနဲ့။ ကလေးရဲ့ ဆေးစစ်ချက်တွေနဲ့ သောက်ရတဲ့ဆေးတွေကို သေချာမှတ်သားထားဖို့လည်း အရေးကြီးပါတယ်။
>> အိမ်မှာ ကလေးကို ဘယ်လိုစောင့်ရှောက်ရမလဲ?
● မှောက်တတ်တဲ့အရွယ် ရောက်ပြီဆိုရင် ကလေး နိုးလာချိန်မှာ မှောက်လျက်ထားပြီး ဆော့စေကာ စောင့်ကြည့်ပေးပါ။ ကလေးနဲ့ အတူဆော့ပါ။
● ကလေးရဲ့ စူးစမ်းလိုစိတ်ကို အားပေးပါ။ ဒါပေမဲ့ ကန့်သတ်ချက်တော့ ထားပါ။ ဥပမာအားဖြင့် ကလေးက ခွေးအမြီးကို သွားဆွဲနေရင် အရုပ်တစ်ရုပ်ပြ အာရုံပြောင်းပေးပြီး ခွေးကို အခြားနေရာ ပြောင်းလိုက်ပါ။
● ကလေးတွေဟာ လိုအပ်ချက်တိုင်းကို ငိုသံပေး အချက်ပြလေ့ရှိတာကြောင့် ကလေးငိုသံကို သတိထား နားစွင့်ပါ။
● ကလေးနဲ့ မျက်လုံးချင်းဆိုင် ကြည့်ပေးပါ။ နို့တိုက်ရင်း ကြည့်ပေးနိုင်သလို တူတူရေဝါး ဆော့ရင်လည်း ကြည့်ပေးနိုင်ပါတယ်။
Ceelin 1
>> ကလေးကို လေ့လာသင်ယူစေပါ။
● ကလေးကို မကြာမကြာ စကားပြောပေးပါ။
● ကလေးကို စာဖတ်ပြပါ။ ပြုံးပြပါ။ သီချင်း ဆိုပြပါ။
● ကလေးကို စိတ်ဝင်စားစရာ အသစ်အဆန်းလေးတွေ ပြသပါ။ အိမ်မှာ ပုံလေးတွေပြတာ၊ အပြင်ထွက် လမ်းလျှောက်တာ၊ မြင်တာတွေကို ပြောပြတာမိျုးတွေ လုပ်ပေးပါ။
● ကလေးကို စကားလုံးအသစ်တွေ သင်ကြားပေးပါ။ ကလေး၊ ကြောင်၊ ခွေး၊ ပူ၊ အေး စသည်ဖြင့် စကားလုံးတွေ သင်ကြားပေးပါ။
● ကလေးဆော့ဖု့ိ အရုပ်အသစ်လေးတွေ ပေးပါ။ အိမ်တွင်းသုံး ပစ္စည်းတွေဖြစ်တဲ့ ဇွန်းလို အရာမျိုးကလည်း အရုပ် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးကို ထိခိုက်စေမယ့်၊ ကလေး မျိုချနိုင်မယ့် ပစ္စည်းတွေကို မကိုင်ပါစေနဲ့။
>> ဘယ်အချိန်မှာ ဆရာဝန်အကူအညီ ယူသင့်သလဲ?
ကလေးကျန်းမာရေး အပြောင်းအလဲကို စောင့်ကြည့်ပါ။
● တွားသွားတာလိုမျိုး ကလေး လုပ်နိုင်နေပြီးသားဖြစ်တဲ့ ဖွံ့ဖြိုးမှု ပြန်လည်ရပ်တန့်သွားတာမျိုး
● ကလေးရဲ့ အမြင်အာရုံ၊ အကြားအာရုံနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်နေတယ်လို့ ထင်တာမျိုး
● ကလေးဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်နေတယ်လို့ စိုးရိမ်နေတာမျိုး ရှိပါက ဆရာဝန်နဲ့ သွားရောက်ဆွေးနွေး တိုင်ပင်ပါ။
Ceelin 2
(Unicode)






























