/
node/7570

အမျိုးသားတိုင်း သတိပြုဖွယ် ကျန်းမာရေး အန္တရာယ်အသွယ်သွယ်

Category
အမျိုးသားများနှင့်ကျန်းမာရေး

          အမျိုးသားတွေအနေနဲ့ မိမိကိုယ်မိမိ ဂရုမစိုက်ခြင်း၊ ကျန်းမာရေးဗဟုသုတ လေ့လာလိုက်စားမှုနည်းခြင်းနဲ့ အလုပ်နဲ့အနားယူမှု မညီမျှခြင်းတို့ကြောင့် ကျန်းမာရေးအထွေထွေ ချွတ်ယွင်းတတ်ကြပါတယ်။

 

1.       အမျိုးသား ၃ ဦးမှာ တစ်ဦးက နှလုံးရောဂါဖြစ်ဖို့ အခြေအနေများနေပါသတဲ့။ နှလုံးနဲ့ ဆက်စပ်လို့ လေဖြတ်ရောဂါကလည်း အမျိုးသားတွေမှာ ပိုပြီးအဖြစ်များနေပြန်ပါတယ်။ ပုံမှန် သွေးပေါင်ချိန်ခြင်း၊ နှလုံးဓာတ်မှန်ရိုက်ခြင်းဖြင့် ကာကွယ်ထားသင့်ပါတယ်နော်။

2.       ဆေးလိပ်သောက်သူ ကိုလူချောတို့ကို နာတာရှည်အဆုတ်ပွရောဂါ၊ အဆုတ်ရောင်ရောဂါတွေက စောင့်ကြိုနေပါတယ်။ ဆေးလိပ်စွဲနေရင်တော့ မြန်မြန်ဖြတ်လိုက်ခြင်းဖြင့် သက်ရှည်ကျန်းမာနေနိုင်မှာ ဖြစ်ပါတယ်။

3.       အမျိုးသားတွေမှာ မိမိကိုယ်ကို သတ်သေနှုန်း ပိုများတယ်ဆို အံ့သြကြမလား။ အမျိုးသားတွေဟာ အလုပ်ပင်ပန်းမှု၊ စိတ်ဓာတ်ကျဆင်းမှုနှင့် အထီးကျန်မှုတွေရဲ့ သားကောင်ဖြစ်မှန်းမသိ ဖြစ်လာတဲ့အခါ နောက်ဆုံး သတ်သေတာအထိ စိတ်အခြေအနေ ဆိုးရွားသွားတတ်ပါတယ်။

4.       အရေပြားကင်ဆာတွေက အမျိုးသားတွေမှာ ပိုဖြစ်ပါသတဲ့။ အရေပြားကင်ဆာကို ကာကွယ်ဖို့ နေရောင်ခြည်ပြင်းပြင်းမှ ကာကွယ်ပါ၊ အစိမ်းရောင်အသီးအရွက် တစ်မျိုးမျိုး နေ့စဉ်စားပါ။

5.       အရက်လေး တမြမြဝင်မှ နေသာထိုင်သာရှိ်သူ အန်ကယ်တို့ကတော့ လေဖြတ်လေငန်းရောဂါနဲ့ အစာအိမ်ရောဂါတွေက အသင့်စောင့်နေပါသတဲ့။ သင့်တင့်စွာ သောက်သုံးတဲ့အရက်ဟာ ပြဿနာမရှိပေမယ့် အလွန်အကျွံဆိုတာ ဘယ်ဟာမှ မကောင်းတာမို့ ဆင်ခြင်ကြဖို့ သတိပေးချင်တာပါပဲ။

Revicon 1

6.       အမျိုးသားနဲ့ ဆီးချိုရောဂါမှာ ကြောက်စရာအကောင်းဆုံးဆိုရင် ပန်းသေပန်းညှိုးတာပဲလို့ ဆိုရမှာပါပဲ။ ဆီးချိုရောဂါ အမျိုးသားတွေမှာဖြစ်ရင် ပိုမိုဆိုးဝါးတတ်ပြီး သတိမမူ ဂူမမြင်တတ်တာကြောင့် စားသောက်နေထိုင်မှု မပြုပြင်ဖြစ်ဘဲ နောက်ဆုံး အာရုံကြောတွေ ထိခိုက်ကုန်ကြပါတယ်။

7.       အသည်းရောဂါတွေကလည်း အမျိုးသားတွေမှာ အဖြစ်များဆဲပါပဲ။ အသည်းရောင်အသားဝါရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သည်းခြေပြွန်ကျောက်ပိတ်ရောဂါ၊ အသည်းခြောက်ရောဂါတွေဟာ အမျိုးသားတွေကို စိန်ခေါ်နေတဲ့ ကြောက်စရာ ရောဂါဆိုးတွေပါပဲ။ ဘီပိုး၊ စီပိုးတွေ သိပ်များနေတဲ့ကာလမှာ သွေးစစ်ပြီး ကာကွယ်ဆေး ထိုးထားသင့်သလို အဆီအအိမ့်တွေလည်း ရှောင်သင့်တယ်နော်။

8.       အဆုတ်ရောင်ရောဂါဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပါသတဲ့။ အမျိုးသားတွေမှာ ဖြစ်တဲ့ အဆုတ်ရောင်ရောဂါဟာ သေဆုံးနှုန်း ပိုမြင့်မားတာကြောင့် သတိပြုဖွယ်အနေနဲ့ ထည့်လိုက်ရတာပါ၊ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးစေချင်တယ်နော်။

9.       ကာလသားရောဂါ အိပ်ချ်အိုင်ဗီပိုးဝင်တာ အေအိုင်ဒီအက်စ် ရောဂါတွေကတော့ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့ မောင်တို့အတွက် ဒုက္ခပေးဖို့ ရယ်ဒီပါပဲတဲ့။ သိပ်မသောင်းကျန်းဖို့ လိုတဲ့အပြင် ကွန်ဒုံးသုံးပါလို့ အကြံပြုချင်တာပါပဲ။ ကုမရတဲ့ရောဂါတွေဝင်ရင် လူဒုက္ခရောက်တဲ့အပြင် အရှက်လည်း ကွဲရတာမို့ ဆင်ခြင်သတိရှိဖို့ လိုပါတယ်။

          မိမိရဲ့ အနေအထိုင်အပြုအမူတွေကို ထိန်းသိမ်းစောင့်ရှောက်တာဟာ အလွန်အရေးပါတဲ့အဆင့်ပါပဲ။ အပေါ်ကပြောသွားတဲ့ ရောဂါအတော်များများက ကိုကို၊ မောင်မောင်တို့ရဲ့ စရိုက်အနေအထိုင်တွေ ဘယ်လောက် ဂရုစိုက်နိုင်တယ်ဆိုတဲ့အပေါ်မှာ မူတည်တာမို့ လိုအပ်သလို ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်ကြပါလို့ တိုက်တွန်းလိုက်တယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Revicon 2

(Unicode)


