/
node/7644

သွေးနီဥများခြင်း / သွေးပျစ်ခြင်းအကြောင်း သိကောင်းစရာ

Category
ကလေးများနှင့်ကျန်းမာရေး

          သွေးနီဥများခြင်း ဆိုသည်မှာ သွေးကြောထဲရှိ သွေးနီဥပမာဏများဟာ လိုအပ်သည်ထက် များပြားနေခြင်းကို ဆိုလိုပါတယ်။ သွေးနီဥများ စုပုံနေသောကြောင့် plethora ခေါ် အရေပြားနီရဲနေခြင်းလည်း ဖြစ်ပေါ်တတ်ပါတယ်။

 

>>    ဖြစ်ပေါ်စေသော အကြောင်းရင်းများကတော့ -

(၁)    သွေးနီဥထုတ်လုပ်မှု လွန်ကဲခြင်း

          နာတာရှည် အောက်ဆီဂျင် ပြတ်လပ်နေသော ကလေးငယ်များတွင် အောက်ဆီဂျင် ပြတ်လပ်မှုကို တွန်းလှန်ဖို့ သွေးနီဥများ ပိုမိုထုတ်လုပ်ပါတယ်။ အချို့သော ခရိုမိုဆုန်းဆိုင်ရာ ပြဿနာများတွင်လည်း သွေးနီဥထုတ်လုပ်မှု များပြားတတ်ပါတယ်။

 

(၂)    အခြားသော ကိုယ်အစိတ်အပိုင်းမှသွေးများ သွေးကြောတွင်း စီးဆင်းလာခြင်း

          မွေးပြီးပြီးချင်း ချက်ကြိုးမဖြတ်မိပါက ချက်ကြိုးမှသွေးတွေဟာ ကလေးရဲ့ သွေးကြောများဆီသို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အမြွာအချင်းချင်း သွေးသွင်းသော ဖြစ်စဉ်များတွင်လည်း ကလေးတစ်ဦးဆီကနေ နောက်တစ်ဦးဆီသို့ သွေးများရောက်သွားစေပါတယ်။

        သွေးနီဥများခြင်းဖြစ်ရန် အလားအလာရှိသူများမှာ -

●        တောင်ပေါ်ဒေသတွင် နေထိုင်သူ / မွေးဖွားသူများတွင် သွေးတွင်းအောက်ဆီဂျင် နည်းပါးနိုင်လို့ ဖြစ်နိုင်ချေ များပါတယ်။

●        ကိုယ်ဝန်ပတ် ၄၂ ပတ်အကြာမှ မွေးသောကလေးများ၊ ပေါင်မပြည့်သော ကလေးများ၊ အချင်းတူအမြွာများ၊ ဆီးချိုရောဂါရှိသော မိခင်ဖြစ်သူမှ မွေးလာသောကလေးများ၊ ခရိုမိုဆုန်းပြဿနာရှိသော ကလေးများတွင်လည်း ဖြစ်နိုင်ချေ များပါတယ်။

 

>>    ကလေးငယ်များတွင် သွေးနီဥများခြင်း၏ လက္ခဏာများမှာ -

●        အသားအရေနီမြန်းခြင်း သို့မဟုတ် ပြာနှမ်းခြင်း၊ နို့ ကောင်းစွာမစို့ခြင်း၊ မအီမသာဖြစ်ခြင်း၊ အသက်ရှူမြန်ခြင်း/အသက်ရှူမဝခြင်း၊ အသားဝါခြင်း၊ သွေးတွင်းအချိုဓာတ် နည်းပါးခြင်းတို့ ဖြစ်ပါသည်။

●        သွေးနီဥများခြင်းကို စစ်ဆေးရန် လိုအပ်သော သွေးစစ်ဆေးမှုများ ပြုလုပ်ပေးရမှာဖြစ်ပြီး ခရိုမိုဇုန်းပြဿနာရှိသူ ကလေးများတွင်လည်း gene နှင့်ဆိုင်သော စစ်ဆေးချက်များ ပြုလုပ်ရပါမယ်။

          ကုသပုံနည်းလမ်းများကတော့ ကလေးတစ်ဦးချင်းစီအပေါ် မူတည်ပြီး ကွာခြားတာမို့ ဆရာဝန်နှင့် သေချာတိုင်ပင် ပြသသင့်ပါတယ်။

          သွေးကြောရှိ သွေးပမာဏ များပြားနေပါက အခြားသောအရည်များဖြင့် အစားထိုးဖယ်ထုတ်ခြင်း၊ သွေးတစ်စိတ်တစ်ပိုင်းကို လဲလှယ်ခြင်းစသော ကုသနည်းလမ်းများဖြင့် သက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။

          သွေးနီဥနည်းသောကြောင့်ဖြစ်သော သွေးအားနည်းရောဂါဟာ ကြောက်စရာကောင်းသလိုပဲ သွေးနီဥများသော ရောဂါဟာလည်း ကြီးမားတဲ့ဆိုးကျိုးတွေကို ဖြစ်စေနိုင်တာကြောင့် မိဘတိုင်းဟာ မိမိရင်သွေးငယ်များကို ဂရုစိုက်ကြဖို့အရေးကြီးကြောင်း တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)