အဖြူတွေ အဆင်းများနေသလား
အမျိုးသမီးတွေ ကြုံတွေ့နေကျဖြစ်တဲ့ ပြဿနာတစ်မျိုးပါပဲ။ အဖြူဆင်းတာဟာ စိုစိစိနဲ့ နေရထိုင်ရ ခက်တတ်ပေမယ့်လည်း တကယ်တော့ အမျိုးသမီးတစ်ယောက်အတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါပဲနော်။
အဖြူဆိုတာ သားအိမ်ခေါင်းနဲ့ မိန်းမကိုယ်ကနေ ဆင်းလာတာပါ။ သူ့ရဲ့ အဓိကအလုပ်ကတော့ မိန်းမကိုယ်နဲ့အထဲကို ပိုးမဝင်အောင် တားဆီးပေးတာပေါ့။ သူ့ရဲ့ပမာဏနဲ့ အရောင်အဆင်းပေါ် မူတည်ပြီးတော့ ၅ ရောင် ခွဲခြားထားပါတယ်။ ဖြူဖြူပျစ်ပျစ် အဖြူဆင်းတာဟာ ပုံမှန်ဖြစ်ပြီးတော့ ယားယံတာ၊ ပူပူစပ်စပ် ဖြစ်တာတွေ ရှိရင်တော့ မှိုပိုး ဖြစ်နိုင်ပါတယ်။ မှိုပိုးဝင်တဲ့အခါ ဖြူဖြူပျစ်ပျစ် ကော်တိတ်ချိစ်လိုပုံစံမျိုး ဆင်းတတ်ပါတယ်။ ဝါစိမ်းစိမ်းကြီးတွေ ဆင်းတာကတော့ လုံးဝပုံမှန်မဟုတ်ပါဘူးနော်။ ဘက်တီးရီးယားပိုးသော်လည်းကောင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ညိုညစ်ညစ်ကြီးတွေ ဆင်းတယ်ဆိုရင်တော့ ရာသီမမှန်ဘဲ သွေးစပ်စပ် ဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ မကြာမကြာ အဲဒီလို ဆင်းနေပြီဆိုရင်တော့ သားအိမ်ကင်ဆာတွေ၊ သားအိမ်ခေါင်းကင်ဆာတွေကို ကြောက်ရပါပြီ။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ဟာကိုယ် ကြိတ်ကုနေလို့ မဖြစ်ပါဘူးနော်။ မီးယပ်ဆရာဝန်နဲ့ သေချာပြပြီး ကုသဖို့လိုနိုင်ပါတယ်။ အဖြူ ဆင်းတယ်ဆိုတာ အမျိုးသမီးတွေအတွက် ပုံမှန်ဆိုပေမယ့် မျိုးပွားအင်္ဂါတွေမှာရှိတဲ့ ဂလင်းတွေရဲ့ အလုပ်လုပ်ပုံတွေ၊ ဟော်မုန်းတွေရဲ့ အလုပ်လုပ်ပုံတွေကို သေချာသိရှိနားလည်ဖို့လိုပြီး ပုံမှန်ထက် ပိုဆင်းနေပြီဆိုရင် ဘာများဖြစ်နေပြီလဲ ဆိုတာကို ရှာဖွေဖို့ လိုပါတယ်။
>> မိန်းမကိုယ်ထဲ လစဉ်သုံးတန်ပွန်ရှိနေခြင်း
တချို့အမျိုးသမီးတွေဟာ နည်းနည်းပါးပါးပဲ လာတော့တဲ့ ရာသီပြီးခါနီးရက်ပိုင်းတွေမှာ တန်ပွန်သုံးပြီး ပြန်ထုတ်ဖို့ မေ့သွားတတ်ကြပါတယ်။ ဒီလိုနဲ့ အနံ့ဆိုးဆိုး အဖြူတွေဆင်းပြီး ယားယံတဲ့အခါမျိုးမှ ဆရာဝန်ဆီ လာတတ်ကြပါတယ်။ တချို့ဆို ၇ ရက်လောက်နေမှ ရောက်လာတတ်ကြတာကိုတောင် တွေ့ရတတ်တယ်တဲ့။ ဒီလို တန်ပွန်အထဲမှာ ကျန်နေခဲ့တာမျိုးဟာ ပိုးဝင်တာအပြင် သွေးဆိပ်တက်တာတွေအထိကို ဖြစ်တတ်ပါတယ်။ ဒါကြောင့် တန်ပွန်သုံးသူတွေဟာ ဖြစ်နိုင်ရင် ၆ နာရီခြားတစ်ခါလောက် လဲပေးဖို့ လိုပါတယ်။ ပြီးတော့ မနက်ခင်း ထုတ်ဖို့မေ့တတ်လွန်းလို့ ညဘက်မှာ တန်ပွန်ထည့်မအိပ်တာ ပိုကောင်းပါတယ်။ အချိန်မီ မထုတ်မိနိုင်ရင် ပိုးဝင်တာ၊ သွေးဆိပ်တက်တာတွေဖြစ်ပြီး အသက်ဆုံးရှုံးရတာအထိကို ဖြစ်နိုင်ပါတယ်။
>> ဟော်မုန်းတားဆေးများ
ဟော်မုန်းတားဆေးတွေသုံးတဲ့ အမျိုးသမီးတွေမှာ ဒီလိုအဖြူတွေ အများကြီးဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ သွေးအဆင်းများတာ၊ ဝက်ခြံ၊ အရည်အိတ်တွေကို ကုသမယ့် ရည်ရွယ်ချက်နဲ့ ကိုယ်ဝန်တားချင်တဲ့ ရည်ရွယ်ချက်တွေကြောင့် ဟော်မုန်းတားဆေးတွေကို အသုံးများကြပါတယ်။ တားဆေးတွေကြောင့် အဖြူဆင်းများတဲ့အပြင် ခေါင်းကိုက်တာ၊ ပျို့ချင်အန်ချင်တာ၊ ရင်သားတွေနာတာ၊ လိင်စိတ်ဆန္ဒတွေ ပြောင်းလဲတာတွေ ဖြစ်လာနိုင်ပါတယ်။
>> သားဥကြွေခြင်း
ရာသီမလာခင်နဲ့ ရာသီစက်ဝန်း အလယ်နားလောက်မှာ သားဥကြွေဖို့ ပြင်ဆင်ရတာကြောင့် အဖြူ အဆင်းများတတ်ပါတယ်။ ပရိုဂျက်စထရုန်း ဟော်မုန်းပမာဏ များလာတာကြောင့် ဖြစ်တာမို့ ပုံမှန်ပါပဲနော်။ သားဥကြွေပြီးချိန်မှာတော့ အဖြူဆင်းတာနည်းသွားပြီး ပျစ်ပျစ်ကြီး ဖြစ်လာတတ်ပါတယ်။ သားဥကြွေချိန် တခြားလက္ခဏာတွေကတော့ နားနေချိန် ကိုယ်ခန္ဓာ အပူချိန်တက်လာတာ၊ ဗိုက်တစ်ခြမ်းအောင့်တာ၊ သွေးစစဆင်းတာမျိုးတွေပါပဲ။
>> လိင်စိတ်ဆန္ဒဖြစ်ချိန်
စိတ်ဆန္ဒဖြစ်ချိန်မှာ မိန်းမကိုယ်မှာရှိတဲ့ သွေးကြောတွေ ကျယ်လာပြီး အရည်လေးတွေ စိမ့်ထွက်လာပါတော့တယ်။ ဒီအရည်တွေက မိန်းမကိုယ်လမ်းကြောင်းကို ချောမွေ့စေနိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့ မိန်းမကိုယ်နှုတ်ခမ်းသား ဖောင်းလာခြင်း၊ အသက်ရှူ မြန်လာခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ လည်ပင်းနဲ့ ရင်ဘတ်တွေ နီရဲလာခြင်းတို့ပါပဲ။
>> စိတ်ဖိစီးမှုများခြင်း၊ ဟော်မုန်းမညီညွတ်ခြင်း
သားဥအိမ် အရည်အိတ်များ ရောဂါလိုမျိုးမှာ ဟော်မုန်းတွေ ထိန်းမရဘဲ မျက်နှာနဲ့ ကိုယ်ခန္ဓာ အမွေးအမျှင် များလာခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်း၊ ရာသီမမှန်ခြင်း၊ ကလေးမရနိုင်ခြင်း စတဲ့ လက္ခဏာတွေနဲ့အတူ အဖြူဆင်း များတတ်ပါတယ်။
>> ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ဆောင်ချိန်မှာ အဖြူကြဲကြဲတွေ ဆင်းတာ သဘာဝပါပဲ။ ပိုးမွှားတွေ အပေါ်ကိုတက်လာပြီး ကလေးဆီ မကူးစက်ရလေအောင် ကာကွယ်ထားတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါ့အပြင် ကလေးမွေးချိန် အဆင်ပြေအောင် လမ်းကြောင်းကို ချောမွေ့ထားတဲ့သဘောလည်း ပါပါတယ်။ သွေးတွေပါပါလာရင်တော့ ဆရာဝန်နဲ့သာ ပြကြည့်ပါတော့။
>> ကလေးနို့တိုက်ခြင်း
ကလေးနို့တိုက်ချိန်မှာ အနီရောင်ပုတ်ပုတ်တွေ ဆင်းတာ၊ ဒီကနေ ပန်းရောင်၊ နို့နှစ်ရောင်တွေ ဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကလေးမွေးပြီးပြီးချင်း ၆ ပတ်အတွင်းမှာ တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် နို့တိုက်ချိန် နှောင်းပိုင်းတွေမှာလည်း အဖြူပုံစံမျိုးစုံ ဆင်းလာတတ်ပါတယ်။
>> လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါများ
ဂနိုဆီးပူညောင်းကျနဲ့ ကလိုင်မိုင်းဒီးယား ဘက်တီးရီးယားပိုးတွေဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေပါပဲ။ ဒီရောဂါတွေကြောင့်လည်း အဖြူတွေ အများကြီး ဆင်းနိုင်ပါတယ်။ အစပိုင်းမှာ ဘာမှထူးထူးခြားခြား မဖြစ်တတ်ပေမယ့် နောက်ပိုင်းမှာ အဖြူ နံနံပျစ်ပျစ်ကြီးတွေ ဆင်းတာ၊ ကြားထဲ သွေးတွေ ဆင်းတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ အချိန်မီသာ မကုသနိုင်ခဲ့ရင် တင်ပါးဆုံအောက်ပိုင်း ပိုးဝင်ရောင်ရမ်းခြင်းတွေ ကလေးမရနိုင်တဲ့အထိကို ဖြစ်နိုင်ပါတယ်။
Dr. Emerald (www.drmyanmar.com)




























