/
node/8038

ကလေး အိပ်ချင်လာအောင်

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေး မွေးပြီးပြီဆိုတာနဲ့ သေးခံလဲ၊ ပန်းကန်ဆေး၊ နို့ဘူးဆေး၊ ကလေးချော့၊ နို့တိုက် တစ်ခုပြီးတစ်ခုကို ဇယ်ဆက်သလို လုပ်နေရတာမို့ ပင်ပန်းလှတာပေါ့။ ဒါကြောင့် ကလေးအိပ်ချိန်ဟာ မေမေဖေဖေတို့အတွက်တော့ နိဗ္ဗာန်ပါပဲနော်။

          ကလေးဆိုတာမျိုးကလည်း အိပ်စေချင်ရင် သိပ်ရအင်မတန်ခက်တဲ့အမျိုးပါ။

          ဒါကြောင့် ကလေး အလွယ်တကူပင်ပန်းပြီး အိပ်ချင်လာအောင် ဘာတွေလုပ်ပေးလို့ရမလဲ ပြောပြပါ့မယ်နော်။

 

>>    ကလေးကို လှုပ်သိပ်ပြီး သီချင်းဆိုချော့တာက ကလေးကို အိပ်ပျော်စေနိုင်ပါတယ်။

          ကလေးကို အိပ်ချင်လာအောင်ဆိုရင် စွမ်းအင်ကိုမြှင့်တင်ပေးတဲ့ ကော်တီဆောဆိုတဲ့ ဟော်မုန်းပမာဏကို လျော့နည်းသွားအောင် လုပ်ဖို့လိုပါတယ်။ ဒီလိုကော်တီဆောပမာဏ လျော့ကျသွားဖို့အတွက် ကလေးကို ငြိမ်သက်သွားအောင် လုပ်ဖို့လိုပါတယ်။

          ဒီလိုကလေးငြိမ်သွားဖို့အတွက် ကလေးကိုလှုပ်ပေးပြီး သီချင်းဆိုသိပ်လို့ ရပါတယ်။

●        ကလေးကို သိုင်းလွယ်ခြင်း

●        နှိပ်နယ်ပေးခြင်း

●        ပုခက်လွှဲသိပ်တာလိုမျိုး ဖြည်းဖြည်းနဲ့ အကြိမ်ကြိမ်လှုပ်ပေးခြင်း

●        နို့တိုက်ပေးခြင်း (လုံးဝအိပ်ပျော်သွားသည်အထိ မဟုတ်ဘဲ အိပ်ငိုက်လာသည်အထိသာ)

●        မီးအလင်းရောင် မှေးမှိန်ပေးခြင်း

●        သီချင်းအေးအေးလေး ဖွင့်ခြင်း၊ ပင်လယ်လှိုင်းသံလိုမျိုး အဖြူရောင်ဆူညံသံတွေ ဖွင့်ပေးခြင်း စတဲ့နည်းတွေကလည်း အလုပ်ဖြစ်ပါတယ်နော်။

          အဓိကကတော့ လှုံ့ဆော်မှုတွေ ကင်းဝေးစေပြီး အနားယူဖို့ အချိန်တန်ပြီဖြစ်ကြောင်း ကလေးကို သိစေတာပါပဲ။

>>    ကားမောင်းပေးတာကလည်း ကလေးကို အိပ်ပျော်စေနိုင်ပါသတဲ့။

          တချို့မေမေဖေဖေတွေကတော့ ကလေးကို ဘယ်လိုသိပ်သိပ်မရတော့ရင် ကားထိုင်ခုံမှာ ထိုင်စေပြီး ကားပတ်မောင်းပါတော့တယ်။ အကြာကြီးတော့ မမောင်းနဲ့ပေါ့။

          ကားထဲ အိပ်ပျော်သွားတယ်ဆိုတာ တကယ်တော့ အကျင့်ကောင်းတော့ မဟုတ်ပါဘူး။ တကယ်တော့ ကလေးတွေဟာ ထိုင်ခုံမှာထိုင်ရက်မဟုတ်ဘဲ ညီညီညာညာမျက်နှာပြင်မှာသာ ပက်လက်အိပ်စေရမှာပါ။

          နှစ်တိုင်းနှစ်တိုင်း အမေရိကန်နိုင်ငံမှာ ကလေးရာနဲ့ချီပြီး အိပ်ရာဘေးပတ်ဝန်းကျင် မလုံခြုံမှုကြောင့် သေဆုံးရတတ်တယ်လို့ ဆိုပါတယ်။

          ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ အိပ်ရာပတ်ဝန်းကျင်ဆိုတာ ပက်လက်လှန်အိပ်ပြီး စောင်အပါးလေးကလွဲလို့ တခြားစောင်ထူထူထဲထဲ မရှိရပါဘူး။ ကလေးခေါင်းအောက်မှာ ကလေးပုခက်အခုအခံတွေ၊ ခေါင်းအုံးတွေ၊ ကူရှင်တွေ ဘာမှမခံရပါဘူး။

 

>>    ကလေးကို ပင်ပန်းနွမ်းနယ်လာအောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းက -

          အကောင်းဆုံးကတော့ အိပ်ချိန်၊ နိုးချိန် အချိန်စာရင်း သတ်မှတ်ပေးထားဖို့ပါပဲ။

          ကလေးကို အချိန်သတ်မှတ်ပေးရတာ ခက်တယ်ဆိုပေမယ့် တရေးတမောအိပ်ချိန်၊ ညဘက်အိပ်ချိန်တွေကို သေချာသတ်မှတ်ပေးထားတာက အကောင်းဆုံးပါ။

          ကလေးတွေဟာ အချိန်မှန်မှန် တိတိကျကျအိပ်ရတာ ပိုအဆင်ပြေပြီး ကောင်းကောင်း ပိုအိပ်ပျော်ပါတယ်။

          ကလေး ညဘက်မှာ ကောင်းကောင်းမအိပ်ရင် နေ့ခင်းဘက် တရေးတမော အိပ်ချိန်တွေကို ပြန်ပြင်ဖို့ လိုလာပါပြီ။ မနက်ခင်းနဲ့ နေ့လယ်ခင်း တရေးတမောအိပ်ချိန်ကို ရှေ့တိုးပေးဖို့ လိုပါတယ်။

 

>>    မလုပ်ရမယ့် အချက် (၃) ချက်က -

1.       ညဘက်မှာ ပိုကြာကြာအိပ်အောင်ဆိုပြီး တစ်နေ့လုံး မအိပ်စေတာမျိုးက အလုပ်မဖြစ်ပါဘူး။ အရမ်းပင်ပန်းသွားရင်လည်း ကလေးက အရမ်းဂျီကျပါတော့တယ်။ ဒါကြောင့် ပိုပြီးတော့ စိတ်လက်ပြေလျော့ အိပ်ပျော်ဖို့ ခက်ခဲတာပေါ့။

2.       ညဘက်နို့တိုက်ချိန် နို့ဘူးထဲ Cereal အဆာပြေမုန့် ထည့်ကျွေးပေးတာ မလုပ်ရပါဘူး။ တချို့တွေက cereal အဆာပြေ ထည့်တိုက်ခြင်းဖြင့် ကလေး ဗိုက်ပြည့်နေပြီး ညဘက်ကို သိပ်မနိုးတော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ လေပွလေထပြီး ညဘက်ကို မအီမသာ နိုးစေနိုင်ပါတယ်။ ကလေးတွေဟာ အမေ့နို့ဖြစ်စေ၊ ဖော်မြူလာနို့ဖြစ်စေသာ သောက်သင့်ပါတယ်နော်။ ကလေးအသက် ၆ လကနေ ၉ လလောက်ရောက်ပြီး ဇွန်းနဲ့ အစာစားနိုင်တော့မှ cereal ထည့်ကျွေးတာမျိုး လုပ်ပါ။

3.       မေမေဖေဖေတို့ အိပ်နေရင်း ကလေးကို ဖက်သိပ်တာမျိုး မလုပ်သင့်ပါဘူး။ မေမေဖေဖေတို့က ပင်ပန်းပြီး အိပ်ပျော်သွားတဲ့အခါ နာရီပိုင်းကြာ နိုးလာတော့မှ ကလေးဟာ အန္တရာယ်ရှိတဲ့ အနေအထားမှာ ရှိနေတာကို တွေ့ရတတ်ပါတယ်။ ပင်ပန်းနေရင်တောင် ကလေးကို ပုခက်ထဲထည့်ပြီး ခဏနားပါ။ ပုခက်ထဲမှာ ငိုပြီး အသက်ဆုံးရှုံးတာမျိုး မရှိပါဘူး။

          ကလေးရော မေမေဖေဖေတို့ပါ ကောင်းကောင်းအိပ်ရစေဖို့ နည်းလမ်းကောင်းလေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)