/
node/8041

ကြက်ဥ၊ ဘဲဥနဲ့ ကိုလက်စထရော

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကြက်ဥ၊ ဘဲဥလို့ ပြောလိုက်ရင် ပရိုတင်း အသားဓာတ်ကြွယ်ဝတာမို့ စားသင့်တယ်လို့ ဆိုတဲ့လူတွေကတစ်မျိုး၊ ကိုလက်စထရော အဆီဓာတ်တွေများလို့ မစားသင့်ဘူးဆိုတဲ့သူတွေကတစ်မျိုး၊ ဇဝေဇဝါနဲ့ လမ်းပျောက်နေကြတယ် ဆိုသူတွေအတွက် ကြက်ဥ၊ ဘဲဥမှာပါတဲ့ ကိုလက်စထရောပမာဏတွေနဲ့ တစ်နေ့ကို ကြက်ဥ၊ ဘဲဥ ဘယ်လောက်စားလို့ရတယ်ဆိုတာ ပြောပြပေးပါ့မယ်နော်။

          ကြက်ဥ၊ ဘဲဥဆိုတာ အရသာလည်းရှိ၊ အာဟာရလည်း ပြည့်ဝတဲ့ အစားအသောက်တစ်မျိုးပဲနော်။ တချို့ကျတော့လည်း ကြက်ဥမှာ ကိုလက်စထရော များတယ်ဆိုပြီး မစားဘဲနေကြပြန်ပါတယ်။

          ကြက်ဥ၊ ဘဲဥတွေက အာဟာရကြွယ်ဝပါတယ်နော်။

          ကြက်ဥ၊ ဘဲဥတွေရဲ့ အကာရောအနှစ်ရောဟာ ပစ်ရက်စရာမရှိ အာဟာရသတ္တိတွေ ပြည့်ဝနေပါတယ်။ ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင်အေ၊ ဒီ၊ အီးနဲ့ ဗီတာမင် ဘီ၁၂ အပြင် ရိုင်ဘိုဖလာဗင်၊ ဆီလီနီယမ်၊ ဖောလစ်အက်ဆစ်ဓာတ်တွေ ပြည့်ဝနေပါတယ်။ ကြက်ဥအကာမှာတော့ ကွာလတီပြည့် ပရိုတင်းအသားဓာတ်တွေ ပါနေပြန်ပါတယ်။ ကြက်ဥ၊ ဘဲဥတစ်လုံးမှာ အဆီ ၅ ဂရမ်ပါဝင်ပြီး ပြောင်းလဲဆီတွေ မပါတဲ့အတွက် တစ်နေ့တာ လိုအပ်ချက် အဆီဓာတ်ကို ကောင်းကောင်းပြည့်ဝစေနိုင်ပါတယ်။ တချို့ဥတွေမှာဆိုရင် အိုမီဂါအက်ဆစ် အဆီဓာတ်ပါပါတဲ့အတွက် နှလုံးနဲ့သွေးကြောကို ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဥတွေဟာ အာဟာရပြည့်ဝတဲ့အတွက် ကြက်ဥ၊ ဘဲဥ ၂ လုံးဟာ အသား တစ်ခါစားစာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်နော်။

 

>>    ကြက်ဥ၊ ဘဲဥနဲ့ ကိုလက်စထရော အဆီဓာတ်

          ခန္ဓာကိုယ်ကနေ ကိုလက်စထရော အဆီဓာတ်တွေ သဘာဝအတိုင်းကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကထုတ်တဲ့ ကိုလက်စထရောရော၊ အစားအသောက်ကနေရတဲ့ ကိုလက်စထရောတွေရောပါ သွေးတွင်းကိုလက်စထရောလို့ ပေါင်းခေါ်နိုင်ပါတယ်။ အစားအသောက်ကနေရတဲ့ ကိုလက်စထရောဆိုတာ ကြက်ဥ၊ ဘဲဥအပါအဝင် တိရစာၦန်အသားတွေကနေ ရရှိနိုင်ပါတယ်။

          သွေးတွင်းကိုလက်စထရော တက်စေနိုင်တဲ့အကြောင်းရင်းတွေ အများကြီး ရှိနေနိုင်ပါတယ်။ မျိုးရိုးဗီဇ၊ ကိုယ်အလေးချိန်၊ သွေးတွင်းအဆီပမာဏစတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ယေဘုယျပြောရမယ် ဆိုရင်တော့ ပြည့်ဝဆီတွေနဲ့ ပြောင်းလဲပြန်ကြော်ဆီတွေကို ရှောင်ဖို့လိုသလို ကိုလက်စထရောများတဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။ ဒါဟာ နှလုံးနဲ့သွေးကြောရောဂါတွေကို ကာကွယ်ဖို့ ပထမခြေလှမ်းပါပဲ။

 

>>    တစ်နေ့လုံးမှာ ကြက်ဥ၊ ဘဲဥ ဘယ်နှစ်လုံးစားပေးဖို့ လိုပါသလဲ?

          ဥတစ်လုံးမှာ ကိုလက်စထရော ၁၈၆ မီလီဂရမ် ပါဝင်ပါတယ်။ အထူးသဖြင့် ဥအနှစ်မှာပါတာပါ။ တခြားအစားအသောက်တွေလိုပဲ ဥစားတဲ့အခါမှာလည်း တန်ဆေးလွန်ဘေးပဲပေါ့။ တခြားပြည့်ဝဆီတွေနဲ့ ပြောင်းလဲဆီပြန်ကြောဆီတွေကို ရှောင်မယ်ဆိုရင် ဥဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တစ်မျိုးပါပဲ။ သွေးတွင်းကိုလက်စထရော တက်နေတာ၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေမရှိဘူးဆိုရင် တစ်နေ့လုံးကို ကြက်ဥ၊ ဘဲဥတစ်လုံး စားနိုင်ပါတယ်။ ဒီလောက်လေးနဲ့ နှလုံးနဲ့သွေးကြောရောဂါတွေကို မဖြစ်စေနိုင်ပါဘူးနော်။ တကယ်လို့ သွေးတွင်းကိုလက်စထရောတက်၊ ဆီးချို၊ နှလုံးရောဂါတွေ ရှိနေရင်တော့ တစ်ပတ်လုံးမှာ ဥတစ်လုံး ၂ လုံးထက်ပိုပြီး မစားသင့်ပါဘူးနော်။ ဥတွေအပြင် တစ်ခြားကိုလက်စထရောနဲ့ အဆီများတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

          ကလေးတွေအတွက်လည်း ဥက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။

          ကြက်ဥ၊ ဘဲဥတွေဟာ အာဟာရတွေ အရမ်းကြွယ်ဝတာမို့ ကလေးတွေရဲ့ အားအင်ဖြည့်တင်းပေးရာမှာ အရမ်းထိရောက်ပါတယ်။ ထုံးစံအတိုင်း တန်ဆေးလွန်ဘေးဆိုတာလညး် မမေ့ပါနဲ့နေ်ာ။ တခြားအစားအသောက်အုပ်စုတွေထဲက အစားအသောက်တွေနဲ့အတူ ကျွေးပေးဖို့ လိုပါတယ်။ အသက် ၂ နှစ်န ၈ နှစ်ကြား ကလေးတစ်ယောက်ဟာ နေ့တိုင်း အသားနဲ့ အလားတူ အစာအုပ်စုကို တစ်နေ့တစ်နပ်တော့ စားပေးဖို့ လိုပါတယ်တဲ့။ ၉ နှစ်ကနေ ၁၃ နှစ်တွင်း ကလေးတစ်ယောက်မှာတော့ တစ်နေ့ကို အသားနဲ့အလားတူ အစာအုပ်စု တစ်နေ့ ၁ နပ်ကနေ ၂ နပ် စားပေးဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)