/
node/8389

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များ

Category
ကလေးများနှင့်ကျန်းမာရေး

          နှုတ်ခမ်းကွဲ အာခေါင်ကွဲ သားသားမီးမီးလေးတွေကို ဘေးပတ်ဝန်းကျင် သွားရင်းလာရင်းဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် တွေ့ဖူးမြင်ဖူးကြမှာပေါ့။ ဒီလို နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးလေးတွေ ဘာကြောင့် ဖြစ်လာတယ်၊ ဘယ်လိုကုမလဲဆိုတာတွေကို ပြောပြပေးပါ့မယ်နော်။

          နှုတ်ခမ်းကွဲ အာခေါင်ကွဲဆိုတာဟာ အမေ့ဗိုက်ထဲမှာကတည်းက ကလေးလေးမှာ ကြီးထွားမှု တစ်စုံတစ်ရာ မှားယွင်းပြီး ဖြစ်လာတဲ့ မွေးရာပါအခြေအနေတစ်ခုပါပဲ။

          မွေးကင်းစ အယောက် ၁ဝဝဝ မှာ တစ်ယောက်လောက် နှုတ်ခမ်းကွဲ ပါနိုင်သလို အယောက် ၂၅ဝဝ မှာ တစ်ယောက်လောက် အာခေါင်ကွဲ ပါနိုင်တာမို့ ခြုံပြောရရင် အယောက် ၈ဝဝ မွေးရင် တစ်ယောက်လောက်က နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

          ကိုယ်ဝန် ၅ ပတ်ကနေ ၉ ပတ်အတွင်းမှာ မျက်နှာနဲ့ အပေါ်နှုတ်ခမ်းလေး ဖွံ့ဖြိုးလေ့ရှိပါတယ်။ များသောအားဖြင့် ကိုယ်ဝန်အပတ် ၂ဝ အာထရာစောင်းစကင်မှာ သော်လည်းကောင်း၊ မွေးပြီးပြီးချင်းမှ သော်လည်းကောင်း သိရတတ်တယ်။ ဒါပေမဲ့ အမြှေးပါးလွှာအောက် အာခေါင်ထဲမှာ ပုန်းနေတဲ့ ကွဲရာကိုတော့ လပေါင်း နှစ်ပေါင်းချီပြီး မတွေ့ရတတ်ဘူးနော်။

          နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကြောင့် အစာစားတာ၊ စကားပြောတာ၊ အကြားပြဿနာတွေ၊ နားပိုးဝင်တာ၊ သွားပိုးစားတာ၊ မေးရိုးဖွံ့ဖြိုးမှုပြဿနာတွေနဲ့ တခြားစိတ်ရောဂါနဲ့ လူနေမှုပြဿနာတွေ ဖြစ်လာနိုင်တယ်။

 

>>    ဘာကြောင့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်ရသလဲ?

          ဘာကြောင့်ဖြစ်ရမှန်းတော့ သေချာမသိရသေးပါဘူး။ မိသားစု ရာဇဝင်ရှိတာမျိုးကိုလည်း တွေ့ရတတ်ပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေ မိသားစုရာဇဝင်မရှိဘဲလည်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးလေးတွေ မွေးလာနိုင်ပါတယ်။

          ကာကွယ်ဖို့နည်းလမ်းလည်း မရှိသေးပါဘူး။ လတ်တလော လေ့လာမှုတွေအရဆို ကိုယ်ဝန်ဆောင်စဉ် မိခင်ဖခင်တွေရဲ့ အပြုအမူ၊ အစားအသောက်နဲ့လည်း စပ်ဆိုင်မှုမရှိဘူးလို့ ဆိုထားတယ်။

          သူ့ရဲ့ရောဂါလက္ခဏာတွေကတော့ -

          နှုတ်ခမ်းကွဲနဲ့ အာခေါင်ကွဲ သီးခြားစီလည်း ဖြစ်နိုင်သလို အတူတူလည်း ဖြစ်နိုင်တယ်။ တစ်ခါတလေ တခြားရောဂါတွေနဲ့လည်း တွဲဖက်ဖြစ်နိုင်ပါသေးတယ်။ များသောအားဖြင့် အဆီ အသား၊ အမြှေးလွှာ စသဖြင့် တစ်သျှူးအပျော့သားတွေ ထိတာ များပါတယ်။ တစ်ခါတလေမှ အရိုးပါ ပါသွားပြီး နှာခေါင်းပုံ ပျက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

          နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်လေးတွေမှာ အဓိက အစာကျွေးရ၊ စားရ ခက်တာမျိုးကို ကြုံရတတ်ပါတယ်။ အစာမျိုရတာ ပြဿနာမရှိပေမယ့် နို့ကို စုပ်သောက်ရတာ အခက်တွေ့တတ်ကြတယ်။

          အာခေါင်ကွဲ ကလေးငယ်လေးတွေမှာတော့ အကြားပြဿနာ၊ အလယ်နားထဲ အရည်စုတာနဲ့ စကား မပီသတာမျိုးတွေ အဓိက ကြုံရတယ်။

          ဒါတွေကလွဲရင် ကျန်တာ ပုံမှန်ပဲပေါ့။

 

>>    ဘယ်လိုကုသကြမလဲ?

          ရောဂါ အပြင်းအပျော့ပေါ် မူတည်ပြီး ကုသမှု ကွာသွားလိမ့်မယ်။

          အစောပိုင်းမှာတော့ ကလေးအာခေါင်ထဲအထိ နို့ရောက်အောင် နို့တိုက်ပြွန်ရှည်တွေနဲ့ ထည့်ပေးဖို့ လိုတယ်။

          အဓိကကုသမှုကတော့ ခွဲစိတ်ပြုပြင်တာပဲပေါ့။ နှုတ်ခမ်းကွဲ ကလေးငယ်တွေကိုတော့ အသက် ၃ လကနေ ၆ လအတွင်းမှာ ခွဲစိတ်ကြပါတယ်။ အာခေါင်ကွဲကိုတော့ ကလေး စကားစမပြောခင် အသက် ၉ လ၊ တစ်နှစ်ဝန်းကျင်လောက်မှာ ပြုပြင်ခွဲစိတ်ကြပါတယ်။ သေးသေးမွှားမွှားလေးလောက်ကိုတော့ ကျောင်းစမတက်ခင် အချိန်လောက်မှ ပြုပြင်တာ များပါတယ်။

          နှုတ်ခမ်းကွဲတာ တစ်ခုတည်း ဆိုရင်တော့ ခွဲစိတ်ပြုပြင် အောင်မြင်မှုနှုန်း အရမ်းများပါတယ်။ အာခေါင်ကွဲ ကလေးလေးတွေအတွက် နှာသံပေါက်နေတာကို ပြန်ပြင်ဖို့ စကားပြောသင်ဌာနတွေကို လွှတ်ဖို့လိုပါတယ်။ ဒါ့အပြင် ဒီကလေးလေးတွေဟာ နားပိုးဝင်တာနဲ့ တခြားပြဿနာဖြစ်နိုင်ခြေတွေ ပိုများတာကြောင့် ဆရာဝန်နဲ့ ပုံမှန်ပြဖို့ လိုပါတယ်။ အာခေါင်ကွဲကလေးငယ်တွေမှာ အကြားအာရုံ အထူးကုနဲ့ပြပြီး အကြားအာရုံကို အမြဲစစ်ဆေးသင့်ပါတယ်။

          အများစုမှာ သွား မပါတာ၊ ပုံပျက်နေတာတွေကြောင့် အထူးသွားကျန်းမာစောင့်ရှောက်ဖို့လည်း အရေးကြီးပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)