/
node/8655

ညဥ့်နက်စာနဲ့ နှလုံးကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ညဇီးကွက်တွေဖြစ်လာတဲ့ ခေတ်လူငယ်လူရွယ်တွေအတွက် ညဥ့်နက်မှ ထထစားတတ်တာဟာ နှလုံးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲဆိုတာ ဖတ်ကြည့်ကြရအောင်နော်။

          ညဥ့်နက်ချိန်မှစားတဲ့ အချိုသရေစာတွေဟာ နှလုံးကျန်းမာရေးအတွက် မကောင်းတာများပါတယ်။ ညလယ်ခေါင်ကြီးမှ စားမိတာလေးကိုသာ ရှောင်လိုက်မယ်ဆိုရင် ကျန်းမာရေးအတွက် အရမ်းတာသွားမှာပါ။

          ယေဘုယျကျန်းမာရေးအတွက်ရော၊ နှလုံးကျန်းမာရေးအတွက်ပါ ကိုယ် ဘာတွေစားတယ်၊ ဘယ်လောက်စားတယ်ဆိုတာ အင်မတန် အရေးကြီးကြောင်း သိကြတာများမှာပါနော်။ ဒါပေမဲ့ ဘယ်အချိန်မှာ စားတယ်ဆိုတာကလည်း နည်းတူအရေးကြီးပါတယ်။ လောလောလတ်လတ် ထုတ်ပြန်ထားတဲ့ အမေရိကန် နှလုံးကျန်းမာရေးဌာနရဲ့ လေ့လာမှုမှာ ည ၆ နာရီနောက်ပိုင်း ကယ်လိုရီများတဲ့ အစားအသောက်ကို စားသုံးခြင်းဟာ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နှုန်းကို အလွန်များလာစေကြောင်း တွေ့ရပါတယ်။

          ညရောက်တဲ့အခါ သွေးပေါင်ချိန်ကျလာပြီး ခန္ဓာကိုယ်ကို အနားယူစေပါတယ်။ ဒါပေမဲ့ ညရောက်တဲ့အထိကို တက်နေတုန်းဆိုရင် နှလုံးသွေးကြောပိတ်နဲ့ လေဖြတ်လေဖြန်းတွေဖြစ်ဖို့ အခွင့်အလမ်း များလာပြီပေါ့။

          နောက်လေ့လာမှုတစ်ခုမှလည်း ညဥ့်နက်မှစားခြင်းရဲ့ ဘေးဥပါဒ်တွေကို ဖော်ပြထားပါတယ်။ ပန်ဆိုင်ဗေးနီးယားတက္ကသိုလ် လေ့လာမှုတစ်ခုမှာ မနက် ၈ နာရီကနေ ည ၇ နာရီအတွင်း တစ်နေ့ကို ထမင်း ၃ ကြိမ်နဲ့ အဆာပြေ ၂ ကြိမ်ကို ၈ ပတ်တိတိစားရာကနေ အစာစားချိန် နေ့လယ်ပိုင်းနဲ့ ည ၁၁ ကြားကို ၈ ပတ်တိတိ ပြောင်းစားစေပါတယ်။

          နောက်ပိုင်းကို ပြောင်းစားတဲ့အခါ ကိုယ်အလေးချိန်တွေ တိုးလာပြီး အင်ဆူလင်ပမာဏ၊ သွေးတွင်းအချိုဓာတ်ပမာဏ၊ သွေးတွင်းကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် အဆီဓာတ်ပမာဏတွေ တက်လာတာကို တွေ့ရပါတယ်။ ဒီအပြောင်းအလဲတွေဟာ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။

          ကယ်လိုဖိုးနီးယားတက္ကသိုလ် လေ့လာမှုမှာလည်း ညနေဘက်မှာ ပိုစားသူတွေဟာ ရောင်ရမ်းမှုတွေ ပိုများလာတာကိုလည်း တွေ့ရပါသေးတယ်။ ညနေ ၅ နာရီနဲ့ ညသန်းခေါင်ကြားစားတဲ့ ကယ်လိုရီပမာဏ ပိုများလေလေ ခန္ဓာကိုယ်ရောင်ရမ်းမှုညွှန်ကိန်း C-reactive protein ပမာဏ ပိုများလေလေဖြစ်ပြီး နှလုံးကို ထိခိုက်နိုင်ကြောင်း သိရပါတယ်။

          ဒါကြောင့် အားလပ်ရက်တွေ လည်လည်ထွက်တဲ့အခါမှာလည်း စားတဲ့အချိန်ကို သတိထားပါ။ ညဘက်တွေမှာ အများကြီး စားတာထက်စာရင် နေ့လယ်ပိုင်းတွေမှာ များများစားပေးပါ။ ညဘက်မှာ ဗိုက်ဆာလာရင်လည်း အစေ့အဆံတွေ၊ အသီးအနှံတွေ၊ ဟင်းရွက်တွေ များများစားပေးပါ။

 

>>    ညစာစားပွဲတွေ သွားစားရမယ်ဆိုရင် -

●        ပန်းကန်သေးသေးလေးကို ရွေးပါ။

●        အရက်နဲ့ ကယ်လိုရီများတဲ့ punch လိုမျိုး ယမကာတွေကို လျှော့သောက်ပါ။ ဝိုင်ဖြူ ဒါမှမဟုတ် ဝိုင်နီကို ကာဗွန်ရေနဲ့ရောပြီး သံပရာသီးလေး ညှစ်သောက်ပါ။

●        ပထမတစ်ခါထည့်ပြီး အနည်းဆုံး ၂ နာရီခြားပြီးမှ ဒုတိယတစ်ခါ ထည့်ပါ။

●        အဆီမပါတဲ့ဒိန်ချဉ်၊ ခရင်မ်ချိစ်ပျော့ပျော့၊ အဆီနည်းနို့တွေကို စားပေးပါ။

●        အနှစ်တွေနဲ့ သုပ်ထားတဲ့ အသီးအရွက်သုပ်တွေအစား အသီးအရွက်ကင်တွေကို စားပေးပါ။

●        ချော့ကလက်အမည်းထဲ စတော်ဘယ်ရီနှစ်စားရတဲ့ ကယ်လိုရီနည်း အချိုပွဲတွေကို ရွေးစားပါ။

●        စားပြီးရင် လမ်းပတ်လျှောက်ပေးခြင်းဖြင့် ကယ်လိုရီကို လျှော့ချပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)