/
node/9481

အသက် ၂ နှစ်ဝန်းကျင် ကလေးများကို ဘယ်လိုကိုင်တွယ်ကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်လေးတွေဟာ အသက်၂နှစ်ဝန်းကျင်အရွယ်လောက်ရောက်တာနဲ့ ခပ်ဆိုးဆိုးအကျင့်စရိုက်လေးတွေကို ပိုင်ဆိုင်လာကြတာ သဘာဝပါပဲ။ ဒီအရွယ်ကို terrible two လို့တောင် တင်စားကြပြီး  ဒီအရွယ်ကလေးငယ်များအနေနဲ့ ဒေါသကြီးခြင်း၊ လူကြီးပြောစကားကိုဆန့်ကျင်ခြင်း၊ဂျစ်တိုက်ခြင်းစတဲ့ အပြုအမူတွေကို ပြုလုပ်တတ်ကြတာမို့ မိဘတွေခေါင်းစားရတဲ့အရွယ်ဆိုလည်း မမှားပါဘူး။

ဒီအရွယ်ကလေးငယ်တွေကို  ရိုက်နှက်ခြင်း၊ဆူပူခြင်းတို့ပြုလုပ်မယ့်အစား နည်းမှန်လမ်းမှန်နဲ့ စိတ်ရှည်စွာကိုင်တွယ်တတ်ဖို့လိုပါတယ်။ ယခုဖော်ပြပေးမှာကတော့ အသက်နှစ်နှစ်ကလေးငယ်များတွင် တွေ့ရတဲ့ Temper tantrums တွေကို စိတ်အေးအေးနဲ့ကိုင်တွယ်ဖို့နည်းလမ်းလေးတွေဖြစ်ပါတယ်။

(၁) လျစ်လျူရှုပါ

ခက်ခဲမယ်မှန်းသိပါတယ်။ ဒါပေမယ့် ဂျီကျနေတဲ့ကလေးငယ်ကို ဆူပူအော်ဟစ်ခြင်း၊ရိုက်နှက်ခြင်းပြုလုပ်တာက အလုပ်ဖြစ်မှာမဟုတ်တာလည်း သိထားသင့်ပါတယ်။ ကလေးကိုအန္တရာယ်မဖြစ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါက သူဂျီကျပြီးချိန်ထိ စိတ်ရှည်လက်ရှည်စောင့်စားပါ။ ထို့သို့ လျစ်လျူရှုခြင်းဖြင့် ကလေးအနေနဲ့ သူဂျီကျခြင်းဖြင့် လူကြီးဆီက အာရုံစိုက်မှုကို မရနိုင်ပါလားဆိုတာ ဆင်ခြင်မိနိုင်ပါတယ်။ ကလေးငယ်ဂျီကျတာရပ်သွားတဲ့အချိန်မှာ  နောက်ဆိုဂျီမကျဘဲ မေ့မေ့ကို သားသားဖြစ်ချင်တာပြောပြနော်၊ မေမေဘာလုပ်ပေးရမလဲ စသည်ဖြင့် လေသံအေးအေးနဲ့ပြောဆိုပေးနိုင်ပါတယ်။

EC Kidz IA 1

(၂) လှည့်ထွက်ပါ

မိဘတွေအနေနဲ့ ကိုယ့်ရဲ့သည်းခံနိုင်မှုအတိုင်းအတာကို သတ်မှတ်ထားခြင်းဟာလည်း အသက်၂နှစ်ကလေးများကို ကိုင်တွယ်ရာမှ အရေးပါလှပါတယ်။ ကလေးအပေါ် ဒေါသထွက်လာပြီဆိုပါက ခဏတာ ရှောင်လိုက်ပါ။ အသက်၀၀ရှူပါ။ မေမေတို့သိရမှာက သားသားမီးမီးတို့ဟာ မေမေတို့ကို စိတ်တိုနေတာမဟုတ်ဘဲ သူတို့ဘာသာအလိုမကျဖြစ်နေကြတာပါ။ ဒါကြောင့် မေမေ့အနေနဲ့စိတ်ဆိုးပြေပြီဆိုတာနဲ့ ကလေးကိုပြန်လည်ချော့မော့ယုယပေးဖို့ မမေ့နဲ့နော်။

(၃) သူတို့လိုချင်တဲ့အရာကို ပေးလိုက်ပါ ။ အန္တရာယ်မဖြစ်ဖို့ မိဘက ကိုင်တွယ်ပေးပါ

ကလေးတအားဂျီကျနေချိန်မှာဆို သူလိုချင်တာကို အဆင်ပြေတဲ့နည်းလမ်းကိုဖန်တီးပြီး ပေးလိုက်တာမျိူးကိုဆိုလိုပါတယ်။

ဥပမာ ကလေးက လိမ္မော်ရည်အပြည့်ထည့်ထားတဲ့ ဖန်ဘူးကိုလိုချင်တယ်ဆိုပါစို့။ သားကို လိမ္မော်ရည်ပေးမယ်နော် ဒါပေမယ့် ဖန်ခွက်နဲ့ထည့်ပေးမယ် စသည်ဖြင့် နှစ်ဖက်လုံးအဆင်ပြေမယ့်နည်းကိုအသုံးပြုနိုင်ပါတယ်။

(၄) အာရုံပြောင်းပါ

မိဘတိုင်းကတော့ ကလေးအနီးတဝိုက်မှာ ထိခိုက်စေမယ့်ပစ္စည်းတွေရှိနေမှာ စိုးရိမ်ကြပါတယ်။ ကလေးတွေအတွက်ကတော့ မိဘတွေတားလေ ပိုလုပ်ချင်လေဖြစ်ပြီး ဂျီကျကြမှာပါ။ ဒီအခါမျိူးမှာ သူတို့ နာမည်ကို ခေါ်ခြင်း သို့မဟုတ် ကလေးကိုပွေ့ပြီး အခြားတစ်ခုခုနဲ့အာရုံပြောင်း ခြင်းပြုလုပ်ကြည့်ပါ။ အသာတကြည်ချော့ပြောဖို့လည်း လိုပါတယ်နော်။

(၅) ကလေးတွေးသလို တွေးကြည့်ပါ

ကလေးတွေလိုလိုက်တွေးမယ်ဆိုပါက သူလုပ်နေတဲ့အရာတွေဟာ ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာ ခံစားမိလာမှာပါပဲ။ ဒါကြောင့် အန္တရာယ်မဖြစ်လောက်မယ့်အရာများကို မတားဆီးဘဲ မိဘတွေကပါ အတူတူ လိုက်ပါဆောင်ရွက်ပေးနိုင်ပါတယ်။

EC Kidz IA 2

(၆) ကလေးငယ်ရဲ့ စူးစမ်းမှုကို ပံ့ပိုးကူညီပါ

ကမ္ဘာပေါ်ရှိ ကလေးငယ်တိုင်းဟာ စူးစမ်းတတ်ကြပါတယ်။ သူတို့မျက်စိနဲ့မြင်တွေ့သမျှအရာတိုင်းကို ထိတွေ့ချင်ကြတာ ကလေးတိုင်းပါပဲ။ ဒါကြောင့် အရာရာတိုင်းကို ပိတ်ပင်တားဆီးမယ့်အစား အန္တရာယ်မရှိမယ့်အရာတွေကိုတော့ ထိတွေ့ခွင့်ပေးလိုက်ပါ။ ခွေးလေးကြောင်လေးများကို ကိုင်တွယ်ကြည့်ပါစေ။ အရာဝတ္တုတိုင်းကို ကိုင်တွယ်ကြည့်ရင်းကနေ အေးခြင်း၊ပူခြင်း၊မာခြင်းစတဲ့ အထိအတွေ့နဲ့ခွဲခြားခြင်းကိုပါ သိရှိနိုင်ပါတယ်။

(၇) အကန့်အသတ်များထားရှိပါ

ကလေးငယ်တွေကို ဒါမလုပ်နဲ့ လို့တားမယ့်အစား တားရတဲ့အကြောင်းရင်းကို နားလည်အောင်ရှင်းပြပေးဖို့လိုပါတယ်။ ဥပမာ ကြောင်မွေးတွေကို ဆွဲမနှုတ်ရဘူးလေ ကြောင်လေးနာနာဖြစ်သွားမှာပေါ့။ ဒီလိုလေး သာသာလေးပွတ်ပေးနော် စသည်ဖြင့် မပြုလုပ်စေလိုသောအကြောင်းရင်းနဲ့ပြုလုပ်သင့်သောအရာကို တပြိုင်နက်တည်းပြောပြပေးပါ။

(၈) ကလေးကို အနားပေးပါ

ကလေးဟာ အလွန်ဂျီကျနေပါက အခန်းတစ်ခုထဲတွင် ခဏအနားယူခိုင်းခြင်း၊ထိုင်ခုံပေါ်တွင် ၂မိနစ်ခန့်ငြိမ်ငြိမ်ထိုင်ခိုင်းခြင်းပြုပါ။ ဘာကြောင့်ဒီလိုထိုင်နေခိုင်းလဲရှင်းပြပါ။ ကလေးကိုရိုက်မယ့်အစား ထိုသို့အနားပေးတဲ့နည်းက ပိုအသုံးဝင်မှာပါ။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

(Zawgyi)

ကေလးငယ္ေလးေတြဟာ အသက္၂နွစ္၀န္းက်င္အရြယ္ေလာက္ေရာက္တာနဲ႔ ခပ္ဆိုးဆိုးအက်င့္စရိုက္ေလးေတြကို ပိုင္ဆိုင္လာၾကတာ သဘာ၀ပါပဲ။ ဒီအရြယ္ကို terrible two လို႔ေတာင္ တင္စားၾကၿပီး  ဒီအရြယ္ကေလးငယ္မ်ားအေနနဲ႔ ေဒါသႀကီးျခင္း၊ လူႀကီးေျပာစကားကိုဆန္႔က်င္ျခင္း၊ဂ်စ္တိုက္ျခင္းစတဲ့ အျပဳအမူေတြကို ျပဳလုပ္တတ္ၾကတာမို႔ မိဘေတြေခါင္းစားရတဲ့အရြယ္ဆိုလည္း မမွားပါဘူး။

ဒီအရြယ္ကေလးငယ္ေတြကို  ရိုက္နွက္ျခင္း၊ဆူပူျခင္းတို႔ျပဳလုပ္မယ့္အစား နည္းမွန္လမ္းမွန္နဲ႔ စိတ္ရွည္စြာကိုင္တြယ္တတ္ဖို႔လိုပါတယ္။ ယခုေဖာ္ျပေပးမွာကေတာ့ အသက္နွစ္နွစ္ကေလးငယ္မ်ားတြင္ ေတြ႔ရတဲ့ Temper tantrums ေတြကို စိတ္ေအးေအးနဲ႔ကိုင္တြယ္ဖို႔နည္းလမ္းေလးေတြျဖစ္ပါတယ္။

(၁) လ်စ္လ်ဴရွဳပါ

ခက္ခဲမယ္မွန္းသိပါတယ္။ ဒါေပမယ့္ ဂ်ီက်ေနတဲ့ကေလးငယ္ကို ဆူပူေအာ္ဟစ္ျခင္း၊ရိုက္နွက္ျခင္းျပဳလုပ္တာက အလုပ္ျဖစ္မွာမဟုတ္တာလည္း သိထားသင့္ပါတယ္။ ကေလးကိုအႏၱရာယ္မျဖစ္နိုင္တဲ့အေျခအေနတစ္ခုျဖစ္ပါက သူဂ်ီက်ၿပီးခ်ိန္ထိ စိတ္ရွည္လက္ရွည္ေစာင့္စားပါ။ ထို႔သို႔ လ်စ္လ်ဴရွဳျခင္းျဖင့္ ကေလးအေနနဲ႔ သူဂ်ိီက်ျခင္းျဖင့္ လူႀကီးဆီက အာ႐ံုစိုက္မႈကို မရနုိင္ပါလားဆိုတာ ဆင္ျခင္မိနိုင္ပါတယ္။ ကေလးငယ္ဂ်ီက်တာရပ္သြားတဲ့အခ်ိန္မွာ  ေနာက္ဆိုဂ်ိီမက်ဘဲ ေမ့ေမ့ကို သားသားျဖစ္ခ်င္တာေျပာျပေနာ္၊ ေမေမဘာလုပ္ေပးရမလဲ စသည္ျဖင့္ ေလသံေအးေအးနဲ႔ေျပာဆိုေပးနုိင္ပါတယ္။

(၂) လွည့္ထြက္ပါ

မိဘေတြအေနနဲ႔ ကိုယ့္ရဲ႕သည္းခံနုိင္မႈအတိုင္းအတာကို သတ္မွတ္ထားျခင္းဟာလည္း အသက္၂နွစ္ကေလးမ်ားကို ကိုင္တြယ္ရာမွ အေရးပါလွပါတယ္။ ကေလးအေပၚ ေဒါသထြက္လာၿပီဆိုပါက ခဏတာ ေရွာင္လိုက္ပါ။ အသက္၀၀ရွဴပါ။ ေမေမတို႔သိရမွာက သားသားမီးမီးတို႔ဟာ ေမေမတုိ႔ကို စိတ္တိုေနတာမဟုတ္ဘဲ သူတို႔ဘာသာအလိုမက်ျဖစ္ေနၾကတာပါ။ ဒါေၾကာင့္ ေမေမ့အေနနဲ႔စိတ္ဆိုးေျပၿပီဆိုတာနဲ႔ ကေလးကိုျပန္လည္ေခ်ာ့ေမာ့ယုယေပးဖို႔ မေမ့နဲ႔ေနာ္။

(၃) သူတို႔လိုခ်င္တဲ့အရာကို ေပးလိုက္ပါ ။ အႏၱရာယ္မျဖစ္ဖုိ႔ မိဘက ကိုင္တြယ္ေပးပါ

ကေလးတအားဂ်ိီက်ေနခ်ိန္မွာဆို သူလိုခ်င္တာကို အဆင္ေျပတဲ့နည္းလမ္းကိုဖန္တီးၿပီး ေပးလိုက္တာမ်ိဴးကိုဆိုလိုပါတယ္။

ဥပမာ ကေလးက လိေမၼာ္ရည္အျပည့္ထည့္ထားတဲ့ ဖန္ဘူးကိုလိုခ်င္တယ္ဆိုပါစို႔။ သားကို လိေမၼာ္ရည္ေပးမယ္ေနာ္ ဒါေပမယ့္ ဖန္ခြက္နဲ႔ထည့္ေပးမယ္ စသည္ျဖင့္ နွစ္ဖက္လံုးအဆင္ေျပမယ့္နည္းကိုအသံုးျပဳနုိင္ပါတယ္။

(၄) အာရံုေျပာင္းပါ

မိဘတိုင္းကေတာ့ ကေလးအနီးတ၀ိုက္မွာ ထိခိုက္ေစမယ့္ပစၥည္းေတြရွိေနမွာ စိုးရိမ္ၾကပါတယ္။ ကေလးေတြအတြက္ကေတာ့ မိဘေတြတားေလ ပိုလုပ္ခ်င္ေလျဖစ္ၿပီး ဂ်ီက်ၾကမွာပါ။ ဒီအခါမ်ိဴးမွာ သူတို႔ နာမည္ကို ေခၚျခင္း သို႔မဟုတ္ ကေလးကိုေပြ႔ၿပီး အျခားတစ္ခုခုနဲ႔အာရံုေျပာင္း ျခင္းျပဳလုပ္ၾကည့္ပါ။ အသာတၾကည္ေခ်ာ့ေျပာဖုိ႔လည္း လိုပါတယ္ေနာ္။

(၅) ကေလးေတြးသလို ေတြးၾကည့္ပါ

ကေလးေတြလိုလိုက္ေတြးမယ္ဆိုပါက သူလုပ္ေနတဲ့အရာေတြဟာ ဘယ္ေလာက္ေပ်ာ္စရာေကာင္းတယ္ဆိုတာ ခံစားမိလာမွာပါပဲ။ ဒါေၾကာင့္ အႏၱရာယ္မျဖစ္ေလာက္မယ့္အရာမ်ားကို မတားဆီးဘဲ မိဘေတြကပါ အတူတူ လိုက္ပါေဆာင္ရြက္ေပးနုိင္ပါတယ္။

(၆) ကေလးငယ္ရဲ႕ စူးစမ္းမႈကို ပံ့ပိုးကူညီပါ

ကမၻာေပၚရွိ ကေလးငယ္တိုင္းဟာ စူးစမ္းတတ္ၾကပါတယ္။ သူတို႔မ်က္စိနဲ႔ျမင္ေတြ႔သမွ်အရာတိုင္းကို ထိေတြ႔ခ်င္ၾကတာ ကေလးတုိင္းပါပဲ။ ဒါေၾကာင့္ အရာရာတိုင္းကို ပိတ္ပင္တားဆီးမယ့္အစား အႏၱရာယ္မရွိမယ့္အရာေတြကိုေတာ့ ထိေတြ႔ခြင့္ေပးလုိုက္ပါ။ ေခြးေလးေၾကာင္ေလးမ်ားကို ကိုင္တြယ္ၾကည့္ပါေစ။ အရာ၀တၱဳတိုင္းကို ကိုင္တြယ္ၾကည့္ရင္းကေန ေအးျခင္း၊ပူျခင္း၊မာျခင္းစတဲ့ အထိအေတြ႔နဲ႔ခြဲျခားျခင္းကိုပါ သိရွိနုိင္ပါတယ္။

(၇) အကန္႔အသတ္မ်ားထားရွိပါ

ကေလးငယ္ေတြကို ဒါမလုပ္နဲ႔ လို႔တားမယ့္အစား တားရတဲ့အေၾကာင္းရင္းကို နားလည္ေအာင္ရွင္းျပေပးဖို႔လိုပါတယ္။ ဥပမာ ေၾကာင္ေမြးေတြကို ဆြဲမႏႈတ္ရဘူးေလ ေၾကာင္ေလးနာနာျဖစ္သြားမွာေပါ့။ ဒီလိုေလး သာသာေလးပြတ္ေပးေနာ္ စသည္ျဖင့္ မျပဳလုပ္ေစလိုေသာအေၾကာင္းရင္းနဲ႔ျပဳလုပ္သင့္ေသာအရာကို တၿပိဳင္နက္တည္းေျပာျပေပးပါ။

(၈) ကေလးကို အနားေပးပါ

ကေလးဟာ အလြန္ဂ်ီက်ေနပါက အခန္းတစ္ခုထဲတြင္ ခဏအနားယူခိုင္းျခင္း၊ထိုင္ခံုေပၚတြင္ ၂မိနစ္ခန္႔ၿငိမ္ၿငိမ္ထိုင္ခိုင္းျခင္းျပဳပါ။ ဘာေၾကာင့္ဒီလိုထိုင္ေနခိုင္းလဲရွင္းျပပါ။ ကေလးကိုရိုက္မယ့္အစား ထိုသို႔အနားေပးတဲ့နည္းက ပိုအသံုး၀င္မွာပါ။

ေလေျပနုေသြး(ေဆး၂) (www.drmyanmar.com)