/
node/9513

ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ်ဓာတ်က ဘာကြောင့်အရေးကြီးရတာလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

      အရိုးတွေ သန်မာစေဖို့အတွက် ကယ်လ်ဆီယမ်ဓာတ်ပမာဏ လုံလောက်စွာရရှိဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း စားသုံးတဲ့ ကယ်လ်ဆီယမ်ပမာဏက သန္ဓေသားရဲ့ အရိုးငြမ်းစနစ် ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ ကလေးက သူ့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏကို မိခင်ဆီကနေ အထူးသဖြင့် မွေးခါနီးသုံးလအလိုမှာ စုပ်ယူပါတယ်။
●      ပျမ်းမျှအားဖြင့် ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးမှာ သန္ဓေသားက ကယ်လ်ဆီယမ် 30g လိုအပ်ပါတယ်။
●      သန္ဓေသားရဲ့ ကယ်လ်ဆီယမ်လိုအပ်ချက်က ကိုယ်ဝန် ဒုတိယသုံးလပတ်မှာ တစ်နေ့ 50mg ဖြစ်ပြီး မွေးကာနီး သုံးလမှာတော့ တစ်နေ့ကို 250mg လိုအပ်ပါတယ်။

>>    သန္ဓေသားမှာဆိုရင် ကယ်လ်ဆီယမ်ဓာတ်က -
●      သွားတွေ သန်မာပြီး ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။
●      အာရုံကြောစနစ် ဖွံ့ဖြိုးမှုမှာ အထောက်အကူဖြစ်ပါတယ်။
●      ကြွက်သားများဖြစ်ပေါ်မှုမှာ ကူညီပါတယ်။
●      သန်မာတဲ့ နှလုံးကို ဖွံ့ဖြိုးစေပါတယ်။

>>    ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကယ်လ်ဆီယမ်ဓာတ်က -
●       မိခင်နို့ကို အားဖြည့်ပေးပါတယ်။
●       ခန္ဓာကိုယ် အဆီထုတ်လုပ်မှုနည်းစေတဲ့အတွက် အဝလွန်ခြင်း ဖြစ်နိုင်ချေ နည်းစေပါတယ်။
●       အာရုံကြောတွေ ပုံမှန်လုပ်ငန်း လုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပါတယ်။
●       နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းပေးထားတယ်။
●      သွေးခဲခြင်းဖြစ်စဉ်ကို ပုံမှန်ဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။
       ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ကယ်လ်ဆီယမ်ကို ရရှိစေဖို့အတွက်ဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှာ ကယ်လ်ဆီယမ်ကို လုံလောက်စွာ စားသုံးပေးရပါမယ်။

>>    ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က ကယ်လ်ဆီယမ် ဘယ်လောက်လိုအပ်သလဲ?
●       ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် အသက် ၁၉ နှစ်နှင့်အထက် - တစ်နေ့ကို 1000mg (1g) လိုအပ်ပါတယ်။

>>    ကယ်လ်ဆီယမ် မလုံလောက်ရင် ဘာဖြစ်မလဲ?
        ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့ပါက ပြဿနာအချို့ကို ဖြစ်စေနိုင်ပါတယ်။
●      သန္ဓေသားက သူ့အတွက် လိုအပ်တဲ့ကယ်လ်ဆီယမ်တွေကို မိခင်ရဲ့အရိုးထဲကနေ စုပ်ယူတဲ့အတွက် မိခင်မှာ အရိုးသိပ်သည်းမှု လျော့ကျစေပါတယ်။
●      အရိုးတွေက ကယ်လ်ဆီယမ်တွေကို စုပ်ယူခြင်းကြောင့် အရိုးပွခြင်းဖြစ်နိုင်ချေ များစေပါတယ်။
●      ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းနှင့် လမစေ့ဘဲမွေးဖွားခြင်းများ ဖြစ်စေနိုင်ပါတယ်။
●      သွေးခဲခြင်းဖြစ်စဉ်နှင့် ဟော်မုန်းထုတ်လုပ်မှုများတွင်အနှောင့်အယှက် ဖြစ်စေပါတယ်။
●      ပေါင်မပြည့် လမစေ့သော ကလေးလေးတွင် ကယ်လ်ဆီယမ်ဓာတ်နည်းခြင်း ဖြစ်စေနိုင်ပါတယ်။

>>    ကိုယ်ဝန်ဆောင်ချိန်တွင် စားသုံးရမည့် ကယ်လ်ဆီယမ် ကြွယ်ဝသောအစားအစာများ
        တစ်နေ့ကို နို့ထွက်ပစ္စည်းနဲ့ နို့ထွက်မဟုတ်သော ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာ ၃ မျိုး စားပါ။ ကယ်လ်ဆီယမ် ကြွယ်ဝသော အစားအစာများမှာ -
●      အဆီနည်းသောဒိန်ချဉ်
●      Cottage cheese (1% milk fat)
●      အဆီနည်းသော သစ်သီးဒိန်ချဉ်
●      ကယ်လ်ဆီယမ် ထည့်သွင်းထုတ်လုပ်ထားသောပဲနို့
●      မလိုင်ထုတ်မထားသောနွားနို့
●      အဆီထုတ်ပြီးနွားနို့
●      ကယ်လ်ဆီယမ် ထည့်သွင်းထုတ်လုပ်ထားသော လိမ္မော်ရည်
●      ဆယ်လမွန်စည်သွပ်ဘူး
●      တို့ဖူး
●      ကိုက်လန်အစိမ်း
●      ပေါင်မုန့်အဖြူ
●      ဟင်းနုနွယ်
●      ကယ်လ်ဆီယမ် ထည့်သွင်းပြုလုပ်ထားသော ကောက်ပဲသီးနှံအမျိုးအစားများ

>>    အရေးကြီးသောအချက်များ
        ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ စားမယ်လို့ ရည်ရွယ်ထားရင် ဒီအချက်တွေကို မှတ်ထားပါ။
●      ကယ်လ်ဆီယမ်ကို ညွှန်ကြားထားတဲ့ပမာဏအထိသာ စားသုံးပါ။
●      ကယ်လ်ဆီယမ်ဓာတ် များလွန်းခြင်းက ဝမ်းချုပ်ခြင်းကဲ့သို့သော အစာခြေပြဿနာတွေကို ဖြစ်စေနိုင်သလို သံဓာတ်နဲ့ သွပ်ဓာတ်စုပ်ယူမှုကိုလည်း ဟန့်တားပါတယ်။
●      ကယ်လ်ဆီယမ်ကို ဗီတာမင် D နဲ့ တွဲဖက်ပါက စုပ်ယူမှု ပိုကောင်းစေပါတယ်။ နေရောင်က ဗီတာမင် D ရဲ့ အရင်းအမြစ်ကောင်းဖြစ်တဲ့အတွက် မနက်ခင်းအစောပိုင်း နေရောင်အောက်မှာ မိနစ်အနည်းငယ်နေပေးပါ။
●      ဒိန်ခဲအပျော့တွေက ကိုယ်ဝန်ဆောင်တွေမှာ အစားအစာကြောင့် ဖြစ်တဲ့ရောဂါတွေ ဖြစ်စေနိုင်တဲ့အတွက် မစားပါနဲ့။

Dr. Mya Myo Myo Swe (www.drmyanmar.com)