/
node/9781

ရောဂါမကူးစက်စေရန် မိမိဘာသာ သီးခြားခွဲနေသည့်ကာလ (Self-Quarantine Time) မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာလှပစေရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ တည်ငြိမ်စေတာကြောင့် ဒီလိုအချိန်မျိုးမှာ စတင်ဖို့ အသင့်ဆုံးပါပဲ။

>>  လေ့ကျင့်ခန်းရဲ့ ကောင်းကျိုးတွေကတော့ -
(၁)  စိတ်ဓာတ်ခွန်အားပေးနိုင်ခြင်း
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မျိုးမှာ စိတ်ရွှင်လန်းခြင်းနဲ့ စွမ်းအင်ပြည့်ဝသွားခြင်းမျိုးကို သင် ခံစားဖူးပါသလား။ ဒါဟာ စိတ်ထင်တာ မဟုတ်ပါဘူး။ သိပ္ပံနည်းကျရှာဖွေထားတဲ့ အချက်အလက် ဖြစ်ပါတယ်။

(၂)  စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးခြင်း
သီးခြားနေထိုင်ခြင်းဟာ ခက်ခဲနိုင်ပါတယ်။ ကြာလာတဲ့အခါ စိတ်ဓာတ်ကျတာမျိုးတွေလည်း ကြုံလာနိုင်ပါတယ်။

(၃)  စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးခြင်း
ကြိုတင်ပြင်ဆင်ချိန် မရလိုက်တဲ့အခါမျိုးဆို ပိုခက်ခဲနိုင်ပါတယ်။ စိတ်ဖိစီးခြင်းက ကြာလာရင် ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာနိုင်ပါတယ်။

(၄)  ဦးနှောက်စွမ်းရည် မြင့်တက်လာစေခြင်း
လေ့ကျင့်ခန်းလုပ်ပေးခြင်းက ဦးနှောက်မှာရှိတဲ့ hippocampus ကို ကြီးထွားစေတာကြောင့် မှတ်ဉာဏ်တွေကိုလည်း တိုးတက်လာစေပါတယ်။ ဒါကြောင့် ဦးနှောက်ကို အဓိကထား အသုံးပြုနေရတဲ့ အိမ်ကနေ အလုပ်လုပ်ရတာ၊ စာသင်ရတာတွေအတွက် ဒီအချိန်မှာ လေ့ကျင့်ခန်းက အလိုအပ်ဆုံးပါပဲ။

(၅)  အသက်ရှည်စေခြင်း
အသက်ကြီးလာတဲ့အခါ ကိုယ်ခံအားတွေလည်း ယုတ်လျော့လာပါတယ်။ ဒါဟာ ဒီ Covid-19 ကို လူကြီးတွေမှာ ပိုစိုးရိမ်နေရတဲ့ အဓိကအချက်ပါပဲ။ လေ့ကျင့်ခန်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အတွက် ဒီအချိန်မှာ အရွယ်မရွေး လိုအပ်နေတာပဲ ဖြစ်ပါတယ်။

>>  Gym မသွားဘဲ လေ့ကျင့်ခန်းကို အိမ်မှာ ဘယ်လိုလုပ်ရမလဲ?
Gym မှာလိုမျိုးပစ္စည်းတွေ အိမ်မှာမရှိလို့ စိတ်မပူပါနဲ့။ အောက်ပါနည်းလမ်းတွေနဲ့ ပြုလုပ်နိုင်ပါတယ်။
(၁)  သုံးမိနစ် ပြေးပါ (သို့မဟုတ်) သုံးမိနစ် ခုန်ပါ။
(၂)  ခြေဆန့်ဆန့်ထိုင်ပြီး လက်ကိုဆန့်ကာ ခြေဖျားနဲ့လက်ဖျားကိုထိပြီး အကြောလျှော့ပါ။
(၃)  Reverse snow angels - ဝမ်းလျားမှောက်ထားပါ။ ခြေနဲ့လက်ကို ဆန့်ထားပြီး မြှောက်မြှောက်ပေးပါ။ (၁၀ ကြိမ်)
(၄)  Russian twists - ထိုင်ပြီး ခြေထောက်ကို ကြမ်းပြင်နဲ့မထိအောင် အနည်းငယ်ဆန့်ပြီး မြှောက်ထားပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို နောက်သို့ အနည်းငယ်လှန်ထားပြီး တင်ပါးကို အားပြုကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို လှည့်လို့ရသည်အထိ ဘယ်၊ ညာတစ်ဖက်စီ လှည့်ပေးပါ။(အကြိမ် ၃၀)
(၅)  Lunge presses (per arm) - လက်ကို အပေါ်မြှောက်ထားပြီးဖြစ်စေ၊ ခါးထောက်ထားပြီးဖြစ်စေ ထားပြီး ခြေထောက်တစ်ဖက်ကို ရှေ့လှမ်းကာ နောက်တစ်ဖက်က ဒူးထောက် ထိုင်ချပါ။ (၈ ကြိမ်)
(၆)  Weighted farmer’s carry - ကိုယ်နိုင်သလောက်အလေးချိန်ကို ဟန်ချက်ညီအောင် တစ်ဖက်စီဆွဲပြီး လမ်းလျှောက်ပေးပါ (ရေသန့်ဘူးကို ရေထည့်ပြီး ဆွဲနိုင်)။ (ခြေလှမ်း ၁၀၀)
နံပတ် (၃) မှ (၆) အထိကို (၅) ကျော့ ပြုလုပ်ပေးပါ။
ပြီးလျှင်
(၇)  Jefferson curls - ခြေထောက်ကို အနည်းငယ်ခွဲရပ်ပြီး နိုင်သလောက်အလေးကို တစ်ဖက်စီ ဆွဲထားပါ။ ခြေထောက်ကို ဆန့်အောင်ရပ်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်သို့ ဖြည်းဖြည်းချင်း ကုန်းပါ။ ပြီးလျှင် ပြန်မတ်ပါ။ (၁ ကျော့လျှင် ၇ ကြိမ်၊ ၃ ကျော့)
လေ့ကျင့်ခန်းများ လုပ်နေစဉ်မှာ အသက်ကို ဖြည်းဖြည်းနဲ့ ဝအောင်ရှူပါ။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)