/
node/9800

မြေးထိန်းခြင်းက ဘိုးဘိုးဘွားဘွားတို့ရဲ့ အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

မြေးတွေကို ထိန်းကျောင်းခြင်းက အဘိုးအဘွားတွေကို ကိုယ်လက်လှုပ်ရှားမှုဖြစ်စေရုံသာမက စိတ်ကိုပါ ကြည်လင်လန်းဆန်းစေတယ်ဆိုတာ ငြင်းမရတဲ့အချက်ပါပဲ။
●  လေ့လာချက်အသစ်တစ်ခုအရဆိုရင် သွေးဆုံးပြီးအမျိူးသမီးများအနေနှင့် မြေးတွေကို ထိန်းကျောင်းခြင်းကြောင့် အယ်ဇိုင်းမားရောဂါကိုတောင်မှ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
●  ရံဖန်ရံခါ မြေးတွေကို ထိန်းကျောင်းခြင်းဖြင့် အယ်ဇိုင်းမားနှင့် ဆက်စပ်နေတဲ့ တွေးခေါ်စွမ်းရည်နိမ့်ကျခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ကလေးတွေကို ဂရုစိုက်ခြင်း၊ စကားပြောဆိုဆက်ဆံခြင်းဖြင့် ကိုယ်ကာယပိုင်းမှာလည်း နိုးကြားတက်ကြွမှုတွေ ရရှိစေမှာဖြစ်ပါတယ်။
●  လေ့လာမှုအရ နောက်ထပ်တွေ့ရှိချက်ကတော့ တစ်ပတ်ကိုတစ်ရက်လောက် မြေးထိန်းခြင်းက ဦးနှောက်စွမ်းရည်ကို တိုးတက်ကောင်းမွန်အောင် ထိန်းသိမ်းပေးပြီး မြေးတွေနှင့် အချိန်တော်တော်ကြာကြာနေရတဲ့ အဘိုးအဘွားတွေမှာတော့ အယ်ဇိုင်းမားနှင့် အခြားဦးနှောက်ယိုယွင်းတဲ့ရောဂါတွေ ဖြစ်ပေါ်နိုင်ချေ မြင့်မားတယ်လို့ သိရပါတယ်။
●  အယ်ဇိုင်းများရောဂါဟာ အသက် ၆၀ အထက် လူကြီးတွေမှာ ပိုမိုဖြစ်ပေါ်တတ်ပြီး သတိမေ့တတ်ရာကနေ အစပျိုးပါတယ်။ အစောပိုင်းမှာတော့ ဒီလိုမေ့တတ်ခြင်းဟာ သာမန်အသက်ကြီးလာသူတွေရဲ့ လက္ခဏာတစ်ခုလို့ အထင်မှားပြီး ပေါ့ပေါ့ဆဆ နေတတ်ကြပါတယ်။ ရောဂါရင့်လာတာနှင့်အမျှ ပြောခဲ့တဲ့စကားတွေ၊ အဖြစ်အပျက်တွေကို မေ့လာပြီး တဖြည်းဖြည်းနှင့် မိသားစုဝင်တွေကိုပါ မမှတ်မိကြတော့ပါဘူး။ နောက်ပိုင်းမှာတော့ ကိုယ့်အဝတ်အစားကို ဝတ်ဖို့နှင့် အစာစားဖို့ကိုတောင် မလုပ်ဆောင်တတ်တော့ပါဘူး။
●  အဘိုးအဘွားများအနေနှင့် မြေးတွေနှင့် ပျော်ရွှင်ရယ်မောဖွယ်အချိန်လေးများအပြင် စာအုပ်ဖတ်ခြင်း၊ သိုးမွေးထိုးခြင်း၊ သင်တန်းတက်ခြင်း စသည်ဖြင့် အသစ်အဆန်းတွေကို သင်ယူပေးခြင်းဖြင့်လည်း ဦးနှောက်ကို နိုးကြားအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပဲ မှတ်ဉာဏ်တိုးတက်စေမယ့် နည်းလမ်းတွေကို လိုက်နာတာမျိုး၊ puzzle ဂိမ်းများ ကစားတာမျိုးကိုလည်း ပြုလုပ်သင့်ပါတယ်။ ဒီလိုမျိုး နေ့စဉ်လုပ်ဆောင်ပေးပါက သင့်ရဲ့တွေးခေါ်စွမ်းရည် ထက်သန်လာမှာဖြစ်ပြီး အသက်ကြီးလို့ဖြစ်တတ်တဲ့ ဦးနှောက်ယိုယွင်းမှုတွေကို ကာကွယ်နိုင်မှာပါ။
●  အယ်ဇိုင်းမားရောဂါကို ပျောက်ကင်းအောင် မကုသနိုင်သေးသလို ဖြစ်စေတဲ့ အကြောင်းရင်းကိုလည်း သေချာမသိရသေးပါဘူး။ ဒါပေမဲ့ အထက်ပါနည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးပေးရင်တော့ အယ်ဇိုင်းမားရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)