အမျိုးသားတိုင်းပြုလုပ်သင့်သော ကျန်းမာရေးစစ်ဆေးမှုများ
ဆီးချိုသွေးချိုတိုင်းတာခြင်း
အသက် ၄၅ နှစ်ကျော်သောအမျိုးသားတိုင်းဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိစစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် အ၀လွန်သောအမျိုးသားများသည် သွေးတွင်းရှိ glucoseပမာဏတိုင်းတာခြင်း၊ HbA1c စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်သင့်တယ်လို့ချီကာဂိုရှိ Loyola university Health System မှ တွဲဖက်ပါမောက္ခ Dr.Kevin Polsley ကအဆိုပြုထားပါတယ်။ ထိုနည်းတူစွာပင် ဆီးချိုသွေးချို မျိုးရိုးရှိသောအသက် ၄၅ နှစ်အောက် အမျိုးသားများလည်း စစ်ဆေးသင့်တယ်လို့ အမေရိကန် ကျန်းမာရေးအဖွဲ့အစည်းမှ တိုက်တွန်းထားပါတယ်။
လိင်မှတဆင့် ကူးစက်သောရောဂါများအတွက် သွေးစစ်ခြင်း
လိင်မှတဆင့်ကူးစက်သောရောဂါများသည် နှစ်အတော်ကြာသည့်တိုင်အောင် ရောဂါလက္ခဏာပြလေ့ မရှိဘဲနေ တတ်ကြပါတယ်။ ဥပမာအားဖြင့် HIV ပိုးသည် ၀င်ရောက်ပြီး ၁၀ နှစ်ကြာမှ ရောဂါလက္ခဏာပြနိုင်ပါတယ်။ ဒါကြောင့် အသက် ၁၅ နှစ်မှ ၆၅ နှစ်ကြား အမျိုးသားတွေအနေနဲ့ HIV၊ အသည်းရောင်အသားဝါ C ပိုး၊ ကာလသားရောဂါပိုးတို့ကို လိုအပ်ပါက စစ်ဆေးကြည့်သင့်ပါတယ်။
ကိုယ်ခန္ဓာထုထည်စံနှုန်း (BMI) စစ်ဆေးခြင်း
BMI ဟာကျန်းမာရေးအတွက်အရေးကြီးပါတယ်။ BMI တွက်ဖို့ဆိုရင်တော့ မိမိ၏ကိုယ်အလေးချိန်ပေါင် နှင့် အရပ်ဘယ်နှစ်ပေရှိတယ်ဆိုတာကိုသိဖို့လိုအပ်ပါတယ်။ BMI ၁၈.၅ နှင့် ၂၄.၉ ကြားမှာရှိရင်ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ ဒီထက်နည်းရင်တော့ ကိုယ်အလေးချိန်ပုံမှန်ထက်လျော့နည်း နေတာကိုပြနေပြီး များနေရင်တော့ အ၀လွန်နေတယ်ဆိုတာကို သတိပေးနေပါတယ်။
ကိုလက်စထရောပမာဏ စစ်ဆေးခြင်း
အမေရိကန် နှလုံးဆိုင်ရာအဖွဲ့အစည်းကအသက် ၂၀ ကျော်လာပါက သွေးတွင်းရှိ ကိုလက်စထရော ပမာဏကို လေးနှစ်တကြိမ်စစ်ဆေးသင့်တယ်လို့ အကြံပြုထားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးတာကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများပြီးမကောင်းသော ကိုလက်စထရောပမာဏ (LDL) များပြားခြင်းဟာ နှလုံးရောဂါဖြစ်ခြင်းရဲ့ အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။
သွေးပေါင်ချိန်တိုင်းခြင်း
အသက် ၁၈ နှစ်အရွယ်ကစပြီး သွေးပေါင်ချိန်စစ်ဆေးမှု ပြုသင့်ပါတယ်။ ပုံမှန်သွေးပေါင်ချိန်က အပေါ်သွေး ၁၀၀-၁၃၀ mmHg ကြားနဲ့ အောက်သွေး ၆၀-၉၀ mmHg ကြားဖြစ်ပါတယ်။ စစ်ဆေးမှု စောစောလုပ်လို့ သွေးတိုးရောဂါရှိမှန်းသိထားရင် သွေးတိုးရဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါ စတာတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။ ဆေးမှန်မှန်သောက်ခြင်း၊ အစားအသောက်ပုံမှန်ထိန်းခြင်း၊ အဆီနှင့် အငန် လျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းသိမ်းကုသနိုင်ပါတယ်။
အူမကြီးမှန်ပြောင်းကြည့်ခြင်း
အသက် ၅၀ အရွယ်ရောက်သော အမျိုးသားတိုင်းအူမကြီးကင်ဆာရှိ၊ မရှိမှန်ပြောင်းဖြင့် စစ်ဆေး သင့်ပါတယ်။ သို့သော် အူမကြီးကင်ဆာမျိုးရိုးရှိပါကစောစီးစွာပင်စစ်ဆေးမှုကို ပြုသင့်ပါတယ်။
ဆီးကိျတ်စစ်ဆေးခြင်း
ဆီးသွားရခက်ခဲသော အမျိုးသားများ ဆီးကြိတ်ကို အထူးစစ်ဆေးသင့်ပါတယ်။ ဆီးသွားရ ခက်ခဲနေခြင်း၊ ဆီးခဏခဏသွားခြင်းသည် ဆီးကျိတ်ကြီးခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
Dr. Htet Htet Aung






























