သွေးပေါင်ချိန်အကြောင်း သိကောင်းစရာ
ဒီနေ့ခေတ်မှာ အဖြစ်များလာတာကတော့ မကူးစက်နိုင်တဲ့ရောဂါများလို့ ခေါ်ကြတဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဒီရောဂါတွေဟာ ကုသလို့ လုံးဝပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးတွေမဟုတ်ဘဲ ဘဝတစ်လျှောက်လုံး ထိန်းသိမ်းနေထိုင်သွားရမယ့် ရောဂါမျိုးတွေ ဖြစ်ပါတယ်။ သင့်ရဲ့သွေးပေါင်တက်နေတယ်ဆိုရင် အမြန်သိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ သွေးပေါင်ချိန်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သွေးပေါင်ချိန်ပြီး ရလာတဲ့အဖြေတွေကို နားလည်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုနားလည်မှသာ သွေးပေါင်ချိန်ကို ထိန်းတဲ့အခါ အဆင်ပြေမှာ ဖြစ်ပါတယ်။
>> သွေးပေါင်ချိန်အမျိုးမျိုး
သွေးပေါင် ဘယ်လောက်ဆို ပုံမှန်လဲ၊ ဘယ်လောက်ဆို သွေးတိုးနေလဲ၊ ဘယ်လောက်ဆို ဆေးရုံ၊ ဆေးခန်း အရေးပေါ်ပြသင့်သလဲ ဆိုတာကိုလည်း သိထားရပါမယ်။
● ပုံမှန်သွေးပေါင်ချိန် - အပေါ်သွေး ၁၂၀ အောက် / အောက်သွေး - ၈၀ အောက်
● သွေးပေါင်တက် - အပေါ်သွေး ၁၂၀ - ၁၂၉ / အောက်သွေး - ၈၀ အောက်
● သွေးတိုးရောဂါ (အဆင့်-၁) - အပေါ်သွေး ၁၃၀ - ၁၃၉ / အောက်သွေး - ၈၀ - ၈၉
● သွေးတိုးရောဂါ (အဆင့်-၂) - အပေါ်သွေး ၁၄၀ နှင့် / အောက်သွေး - အထက် ၉၀ နှင့်အထက်
● အရေးပေါ်သွေးတိုးခြင်း (ဆေးရုံ၊ဆေးခန်း ချက်ချင်းသွားရန်လို) - အပေါ်သွေး ၁၈၀ နှင့်အထက် / အောက်သွေး - ၁၂၀ နှင့်အထက်
** မှတ်ချက် ။ ။ သွေးပေါင်နှင့်ပတ်သက်၍ သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်း ရှိ/မရှိ ဆုံးဖြတ်ရာတွင် ဆရာဝန်၏ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ပါသည်။
>> အပေါ်မှာ ဖော်ပြခဲ့တဲ့ သွေးပေါင်ချိန် အမျိုးမျိုးကို ဆက်လက်ရှင်းပြပေးပါမယ်။
● ပုံမှန်သွေးပေါင်ချိန်
သင့်ရဲ့သွေးပေါင်ချိန်က ၁၂၀/၈၀mmHg နှင့် ဝန်းကျင်ရှိနေရင် ပုံမှန်သွေးပေါင်ချိန် ရှိတယ်လို့ ယူဆလို့ရပါတယ်။ ဒီလိုအနေအထားမှာ ရှိနေတယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံအတိုင်း ဆက်လက်ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။
● သွေးပေါင်တက်နေခြင်း
အပေါ်သွေး ၁၂၀-၁၂၉ ကြားနဲ့ အောက်သွေး ၈၀ အောက်မှာ ရှိနေတယ်ဆိုရင် သွေးပေါင်တက်နေတယ်လို့ ယူဆပါတယ်။ ဒီလို မကြာခဏ သွေးပေါင်တက်တတ်တဲ့ သူတွေဟာ အစားအသောက်၊ အနေအထိုင် မဆင်ခြင်ရင်တော့ သွေးတိုးရောဂါ ဖြစ်နိုင်ချေ အလွန်များပါတယ်။
● သွေးတိုးရောဂါ အဆင့် - ၁
သွေးပေါင်ချိန် ၁၃၀-၁၃၉ နဲ့ ၈၀-၈၉ ကြားမှာ ရှိနေပြီဆိုရင်တော့ သွေးတိုးရောဂါအဆင့်-၁ ကို ခံစားနေရပြီလို့ သတ်မှတ်ပါတယ်။ ဒီလိုအခြေအနေမှာဆိုရင်တော့ ဆရာဝန်က သင့်ကို နေထိုင်မှုပုံစံ ပြောင်းလဲဖို့ ညွှန်ကြားပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့ နှလုံးနဲ့သွေးကြောအဖွဲ့အစည်းကို ထိခိုက်နိုင်ချေအပေါ် မူတည်ပြီး သောက်ဆေးတွေလည်း လိုအပ်ရင် သောက်ဖို့ ညွှန်ကြားပါမယ်။
● သွေးတိုးရောဂါ အဆင့်-၂
ဒီအဆင့်မှာတော့ အပေါ်သွေး ၁၄၀-၁၄၉ နှင့် အထက် ရှိနေပါတယ်။ ဒီအဆင့်မှာတော့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုရော သွေးတိုးကျဆေးတွေနဲ့ပါ ကုသမှုခံယူရပါမယ်။
● အရေးပေါ်သွေးတိုးခြင်း
သွေးပေါင်ချိန်က ၁၈၀/၁၂၀ နဲ့ အထက် ရှိနေပြီဆိုရင်တော့ အရေးပေါ်အခြေအနေလို့ သတ်မှတ်ပြီး ဆေးရုံ၊ဆေးခန်းကို သွားရောက်ပြသဖို့ လိုအပ်ပါတယ်။ တကယ်လို့ ဒီအခြေအနေမျိုး ကြုံတွေ့လာရရင် ၅ မိနစ်လောက် ခဏနားပြီး သွေးပေါင် နောက်တစ်ခေါက် ပြန်ချိန်ကြည့်ပါ။ ထပ်တက်နေသေးတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါပြီ။ ဒါ့အပြင် ရင်ဘတ်အောင့်တာ၊ မောတာ၊ ကျောအောင့်တာ၊ ခြေလက်ထုံကျင်တာ၊ အမြင်ဝေဝါးတာ စတာမျိုးတွေပါ တွဲဖြစ်ရင်တော့ ဆေးရုံကို အရေးပေါ်ပြသဖို့ လိုအပ်ပါတယ်။
ဒေါက်တာအောင် (www.drmyanmar.com)






























