မွေးခါစကလေးတွေရဲ့သွားနဲ့ခံတွင်းကို ဘယ်လိုသန့်ရှင်းရေး လုပ်ပေးကြမလဲ?
မွေးခါစကလေးငယ်တွေမှာ သွားမပေါက်သေးပေမယ့် ခံတွင်းသန့်ရှင်းရေး ပုံမှန်လုပ်ပေးသင့်ပါတယ်။ ကလေးကို နောက်ဆုံးနို့တိုက်ပြီးချိန်မှာ ဂွမ်းတစ်စကို ရေစွတ်ပြီး သွားဖုံးတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ပေးပါ။ တစ်နေ့တစ်ကြိမ် အနည်းဆုံး လုပ်ပေးသင့်ပါတယ်။
တစ်ချို့ကလေးတွေဟာ မွေးခါစကတည်းက သွားပေါက်စ တစ်ချောင်းနှစ်ချောင်းပါတတ်ကြပါတယ်။ ဒီလို ပါတတ်တဲ့ ကလေးတွေမှာ ပထမဆုံးနို့တိုက်ပြီးချိန် တစ်ကြိမ်၊ နောက်ဆုံး နို့တိုက်ပြီးချိန်တစ်ကြိမ် အနည်းဆုံး တစ်နေ့နှစ်ကြိမ် သွားပွတ်တံပျော့ပျော့လေးနဲ့ အသာအယာပွတ်တိုက်ပေးသင့်ပါတယ်။ ၆လအောက် ကလေးတွေမှာ သွားတိုက်ဆေးမှာပါတဲ့ ဖလိုရိုက်ဓာတ်တွေ စုပုံတတ်တဲ့အတွက် သွားတိုက်ဆေးလုံးဝမသုံးသင့်ပါဘူး။
သွားပိုးစားခြင်းကို ကာကွယ်နိုင်ဖို့ နို့ဘူးကို ချိုလိမ်သဘောမျိုး တစ်ချိန်လုံး စို့ခိုင်းထားခြင်း၊ ညဘက်မှာ နို့ဘူးစို့ အိပ်ေစခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ ညဘက်နို့ဘူးစို့အိပ်စေခြင်းဟာ သွားပေါက်လာတဲ့အခါ သွားပျက်စီးစေနိုင်တဲ့အထိ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကလေးဟာ ညဘက်မှာနို့ဘူးစို့မှ အိပ်တတ်တယ်ဆိုရင်တောင် နို့အစား ရေကိုအစားထိုး စို့စေသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























