/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်နှင့်-အဝလွန်ခြင်း

ကိုယ်ဝန်ဆောင်နှင့် အဝလွန်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          အောင်မြင်စွာ ကိုယ်ဝန်ဆောင်နိုင်ဖို့နဲ့ ကျန်းမာတဲ့ကလေးလေးတွေ မွေးဖွားနိုင်ဖို့ သင့်တင့်လျောက်ပတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။

 

>>    အဝလွန်ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ?

          ကိုယ်ဝန်ဆောင်ချိန်မှာ အရေးအကြီးဆုံးက မိခင် ကျန်းမာဖို့ပဲ ဖြစ်ပါတယ်။ အဝလွန်ခြင်းဟာ ကိုယ်ဝန်ပေါ်မှာ အလွန်အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ကလေး ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း မွေးဖွားလာဖို့ ကိုယ်အလေးချိန်ကို အမြဲထိန်းသိမ်းထားဖို့ လိုပါတယ်။

          ဒါကြောင့် ကလေးယူတော့မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ တစ်ပြိုင်နက် ဆရာဝန်နဲ့ တိုင်ပင်ကာ ကျနး်မာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရအောင် ထိန်းသိမ်းရပါမယ်။

 

>>    ကိုယ်အလေးချိန်က ကိုယ်ဝန်ဆောင်မှာ ဘယ်လောက်အထိ အရေးပါသလဲ?

          အဝလွန်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံတင်မကဘဲ ကိုယ်ဝန်ဆောင်ရာမှာပါ အဟန့်အတား ဖြစ်စေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ရာသီမမှန်ခြင်းနဲ့ အခြားမျိုးပွားခြင်းဆိုင်ရာ ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

 

>>    ကလေးပေါ် အကျိုးသက်ရောက်မှု

          ကိုယ်ဝန်ရပြီးချိန်မှာတောင် ကလေးရဲ့ ကြီးထွားမှုအပေါ် အများကြီး ထိခိုက်လာနိုင်ပါတယ်။ ကလေးဆီးချိုနဲ့ အမေ့သွေးထဲ အချိုဓာတ် အရမ်းများခြင်းကြောင့် ကလေးသွေးကြောပိတ်ပြီး မွေးရာပါချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီချို့ယွင်းချက်တွေဟာ နောင် ကြီးလာတဲ့အထိ ကုမရတာ၊ အသက်အန္တရာယ်ကို ထိခိုက်နိုင်တာမျိုးတောင် ဖြစ်တတ်ပါတယ်။

>>    အဝလွန်ခြင်းရဲ့ ဆိုးကျိုးများ

1.      မွေးရာပါ ချို့ယွင်းချက်များ

          အဖြစ်အများဆုံးကတော့ ဦးနှောက်နဲ့ အာရုံကြော ချို့ယွင်းချက်ဖြစ်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြောမကြီးတွေဟာ လိုအပ်တဲ့ အာဟာရဓာတ်ကို မရရှိတဲ့အတွက် ကျောပြင်မှာအပေါက်ဖြစ်ပြီး အာရုံကြော ကျွံထွက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဝလွန်ခြင်းက ကိုယ်တွင်း Folic acidထုတ်လုပ်မှုကို နည်းစေတဲ့အတွက် မိခင်လောင်းတွေဟာ ကိုယ်အလေးချိန်ကို ထိန်းညှိတဲ့အပြင် Folic acid အားဆေးကို နေ့စဉ်မပျက်မကွက် သောက်ဖို့ပါ သတိပြုရပါမယ်။

 

2.      ဆီးချိုနဲ့ ခွဲမွေးခြင်း

          အဝလွန်သူတွေဟာ ဆီးချိုအဖြစ်များပြီး ပုံမှန်ရိုးရိုးမွေးဖို့ မသင့်တော်တတ်ပါဘူး။ ဗိုက်နာနေစဉ်နဲ့ မွေးနေစဉ်မှာ ရုတ်တရက်ဖြစ်နိုင်တဲ့ ပြဿနာတွေကြောင့် ခွဲမွေးတာ အကောင်းဆုံးဖြစ်ပါတယ်။

          ဒါ့အပြင် ကို်ယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ ကလေးပျက်ကျနိုင်ခြေများသလို သွေးတိုး ရှိရှိ၊ မရှိရှိ လမပြည့်ဘဲ ကလေးမွေးနိုင်တဲ့အတွက် ကြီးထွားမှု မပြီးပြည့်စုံသေးတဲ့ကလေးတွေ မွေးလာနိုင်ပါတယ်။

          အဝလွန်နေပြီး ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သင့်တော်တဲ့ ကိုယ်အလေးချိန်နဲ့ ကျန်းမာစွာ ကိုယ်ဝန်ဆောင် ကလေးမွေးနိုင်ဖို့ ဆရာဝန်က ကူညီပါလိမ့်မယ်။ အစားရှောင်တာကို အားမပေးပါဘူး။ အကောင်းဆုံးက ဆရာဝန်နဲ့ အာဟာရပညာရှင်တွေရဲ့ စကားကို လိုက်နာပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်သင့်ပါတယ်။

www.drmyanmar.com

(Unicode)







www.drmyanmar.com