ကိုယ်ဝန်ဆောင်မိခင်တို့အတွက် ဗီတာမင်အေရဲ့ အရေးပါပုံ
ဗီတာမင် A သည် အသည်း၌ သိမ်းဆည်းလေ့ရှိသော အဆီတွင်ပျော်ဝင်သည့် ဗီတာမင်တစ်မျိုးဖြစ်သည်။ ဗီတာမင် A သည် သန္ဓေသားလောင်း၏နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ မျက်လုံး၊ အရိုး အပါအဝင် သွေးလည်ပတ်စနစ်၊ အသက်ရှူလမ်းကြောင်းစနစ်၊ ပင်မအာရုံကြောစနစ်တို့ ဖွံ့ဖြိုးမှုအတွက် အလွန်ပင်အရေးကြီးပါသည်။
ထို့အပြင် ဗီတာမင် A သည် မွေးဖွားပြီးနောက် ပျက်စီးသွားသော တစ်သျှူးများပြန်လည်ပြုပြင်ရာ တွင်လည်း လိုအပ်ပါသည်။ အမြင်အာရုံကောင်းမွန်စေရန် ထိန်းသိမ်းပေးခြင်း၊ ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်းများအပြင် အဆီဖြိုခွဲရာတွင်လည်း အကူအညီပေးနိုင်ပါသည်။
ဗီတာမင် A အကြောင်း သိကောင်းစရာ
ဗီတာမင် A နှစ်မျိုးမှာ ခန္ဓာကိုယ်မှအဆင်သင့်အသုံးပြုနိုင်သော ဗီတာမင် A (Retinol) နှင့် ဖြိုခွဲရန်လိုအပ်သော ဗီတာမင် A (Carotenoids) ဟူ၍ဖြစ်ပါသည်။ ခန္ဓာကိုယ်မှအဆင်သင့်အသုံးပြုနိုင်သော Rentinol ကို တိရစ္ဆာန်ဥအမျိုးမျိုး၊ နို့နှင့်အသည်းတို့မှရရှိပါသည်။ Carotenoids ကိုမူ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတွင် တွေ့ရှိရပြီး ခန္ဓာကိုယ်မှ Rentinol အဖြစ် ပြောင်းလဲပြီးမှ အသုံးပြုနိုင်သော ဗီတာမင် A အမျိုးအစားဖြစ်ပါသည်။
တစ်နေ့လျှင်ဗီတာမင် A မည်မျှလိုအပ်ပါသနည်း ?
- အသက် 18 နှစ် နှင့်အောက် ကိုယ်၀န်ဆောင်အမျိုးသမီးများသည် တစ်နေ့လျှင် 750 မိုက်ခရိုဂရမ် RAE လိုအပ်ပါသည်။
- အသက် 19 နှစ်နှင့်အထက် ကိုယ်၀န်ဆောင်အမျိုးသမီးများသည် တစ်နေ့လျှင် 770 မိုက်ခရိုဂရမ် RAE လိုအပ်ပါသည်။
- အသက် 18 နှစ်နှင့်အောက် နို့ချိုတိုက်ကျွေးနေသူ အမျိုးသမီးများသည် တစ်နေ့လျှင် 1200 မိုက်ခရိုဂရမ် RAE လိုအပ်ပါသည်။
- အသက် 19 နှစ်နှင့်အထက် နို့ချိုတိုက်ကျွေးနေသူ အမျိုးသမီးများသည် တစ်နေ့လျှင် 1300 မိုက်ခရိုဂရမ် RAE လိုအပ်ပါသည်။
- ကိုယ်၀န်ဆောင်မဟုတ်သော အမျိုးသမီးများအတွက်မူ တစ်နေ့လျှင် 700 မိုက်ခရိုဂရမ် RAE လိုအပ်ပါသည်။
အကြံပြုထားသော ဗီတာမင် A ပမာဏကို နေ့စဉ်နေ့တိုင်းရရှိရန် မလိုအပ်သော်လည်း တစ်ပတ်လျှင် ၎င်းပမာဏစုစုပေါင်းရရှိပါက လုံလောက်ပါသည်။
ဗီတာမင် A ကိုအလွန်အကျွံစားသုံးမိနေပါသလား ?
အမေရိကန်အစားအသောက် တော်တော်များများတွင် ဗီတာမင် A အများအပြားပါ၀င်ပါသည်။ Retinol ကို အသား၊ ငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကြက်ဥနှင့် အစေ့အဆန်များမှရရှိနိုင်ပါသည်။ Carotenoids ကိုမူ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များမှတဆင့် ရရှိနိုင်ပါသည်။
ကိုယ်ဝန်ဆောင်စဉ် ဗီတာမင် A အလွန်အကျွံစားသုံးမိပါက သနေ္ဓသားလောင်း၏ ဖွ့ံဖြိုးမှုနှင့်အသည်းတို့ကို ထိခိုက်စေနိုင်ခြင်းကြောင့် ဗီတာမင် A ကို အနည်းငယ်သာစားသုံးသင့်ပါသည်။ (သို့ရာတွင် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များတွင်ပါဝင်သော carotenoids ကိုမူ မိမိနှစ်သက်သလောက် စားသုံးနိုင်ပါသည်။)
အသက် 19 နှစ်နှင့်အထက် အမျိုးသမီးတစ်ဦးသည် (ကိုယ်ဝန်ရှိခြင်း (သို့) နို့ချိုတိုက်ကျေွးခြင်းနှင့်မဆိုင်ပါ) တစ်နေ့လျှင် Retinol 3000 မိုက်ခရိုဂရမ် RAE (10,000 IU) ထက်ပိုမို၍ မစားသောက်သင့်ပေ။ အသက် 18 နှစ်နှင့်အောက် အမျိုးသမီးငယ်လေးများအတွက် အများဆုံးစားသုံးနိုင်သောပမာဏမှာ 2800 မိုက်ခရိုဂရမ် RAE (9,333 IU) ဖြစ်ပါသည်။
ထို့ကြောင့်ဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ မည်သည့်ဖြည့်စွက်အားဆေးကိုမျှ နှစ်ဆတိုး၍မသောက်သုံးသင့်ပါ။ ကိုယ်ဝန်မဆောင်မီသောက်သုံးရသော အားဆေးအချို့တွင် ဗီတာမင် A အနည်းနှင့်အများပါဝင်တတ်သောကြောင့် အညွှန်းကိုဖတ်ရုံမျှမက ဆရာဝန်ကိုလည်း မိမိသောက်သုံးနေသော ဖြည့်စွက်အားဆေးများအားလုံးကို အသိပေးသင့်ပါသည်။
အခြားအကြောင်းအရင်းတစ်ခုမှာ ဗီတာမင် A သည် သနေ္ဓသားလောင်းဖွ့ံဖြိုးမှုကို ထိခိုက်စေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်ရန်ဆုံးဖြတ်ထားသော အမျိုးသမီးများသည် ဝက်ခြံကုသသော ဗီတာမင်ဆေးများ (Isotretinoin) နှင့် အခြား ဗီတာမင် A ပါ၀င်သောသောက်ဆေးများအပြင် လိမ်းဆေးများကိုပါ ရှောင်ရှားသင့်ပါသည်။
ဗီတာမင် A ပါဝင်သော အစားအစာများ
Beta-Carotene ပါ၀င်သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ (အထူးသဖြင့် လိမေ္မာ်ရောင်၊ အဝါရောင်နှင့် အစိမ်းရောင်အရွက်များ) သည် ဗီတာမင် A ရနိုင်သော အကောင်းဆုံးအရင်အမြစ်များဖြစ်သည်။ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကောက်နှံပင်များမှလည်း ခန္ဓာကိုယ်မှအဆင်သင့်အသုံးပြုနိုင်သော ဗီတာမင် A အချို့ရနိုင်ပါသေးသည်။
အသည်း (အမဲ၊ ကြက်) တွင်လည်း Rentinol ပါဝင်မှုနှုန်းမြင့်မားခြင်းကြောင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း တစ်လလျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ထက်ပို၍ မစားသုံးသင့်ပါ။ 3 အောင်စရှိသော အမဲအသည်းတစ်ပန်းကန်တွင်ပါဝင်သော ဗီတာမင် A သည် ကိုယ်၀န်ဆောင်စဉ်အတွင်းစားသုံးသင့်သည် တစ်နေ့ပမာဏထက် ရှစ်ဆပိုမိုများပြားပါသည်။
အောက်ပါတို့မှာ ဗီတာမင် A ပါဝင်မှုများသည့် အစားအစာအချို့ဖြစ်ပါသည်။
- မီးဖုန်ထားသည့်အရွယ်တော် ကန်စွန်းဥတစ်လုံး (961 mcg RAE - 19,218 IU)
- နှုတ်နှုတ်စင်းထားသော မုန်လာဥနီအစိမ်းခွက်တစ်ခွက် (534 mcg RAE - 10,692 IU)
- ချက်ပြုတ်ထားသော ဟင်းနုနွယ်ခွက်တစ်၀က် (472 mcg RAE – 9,433 IU)
- အရွယ်တော် သခွားမွှေးတစ်၀က် (466 mcg RAE - 9334 IU)
- ချက်ပြုတ်ထားသော ကိုက်လန်ခွက်တစ်ဝက် (443 mcg RAE – 8,854 IU)
- ချက်ပြုတ်ထားသော မုန့်ညင်းခွက်တစ်၀က် (361 mcg RAE – 7,220 IU)
- သရက်သီးတစ်လုံး (181 mcg RAE – 3,636 IU)
- အဆီထုတ်ထားသော နွားနို့ 8 အောင်စ (149 mcg RAE - 500 IU)
- ပုံမှန်နွားနို့ 8 အောင်စ (110 mcg RAE - 395 IU)
- ထောပတ်တစ်ဇွန်း (95 mcg RAE - 355 IU)
- ကြက်ဥအကြီးတစ်လုံး (80 mcg RAE - 270 IU)
- ချက်ပြုတ်ထားသော ပန်းဂေါ်ဖီစိမ်းခွက်တစ်၀က် (60 mcg RAE - 1207 IU)
အထူးစီမံပြုလုပ်ထားသော (ဥပမာ - နုတ်နုတ်စင်းထားသော၊ ကြိတ်ထားသာ (သို့) အရည်ဖျော်ထားသော) အစားအစာများနှင့် ချက်ပြုတ်ထားသောအစာများမှ Carotenoid ကို ခန္ဓာကိုယ်မှ ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်ပါသည်။ ထို့ပြင် အဆီအနည်းငယ် (လက်ဖက်ရည်ဇွန်း 1 ဇွန်း) တစ်ပြိုင်နက်စားသုံးခြင်းကလည်း ဗီတာမင် A စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါသည်။
ဗီတာမင် A ဖြည့်စွက်အားဆေးကိုသောက်သုံးပါသလား ?
သောက်သုံးရန်မလိုအပ်ပါ။ နေ့စဉ်စားသုံးနေသော အစားအစာများတွင် ဗီတာမင် A အများအပြားပါဝင်ရုံမျှမက ကိုယ်ဝန်ဆောင်အားဆေးများကိုလည်း ဗီတာမင် A ပါဝင်ပါသည်။ အလွန်အကျွံမသောက်သုံးမိစေရန်အတွက် ဆေးအညွှန်းကို သေချာဖတ်ရန်လိုအပ်ပါသည်။
ဗီတာမင် A ဖြည့်စွက်အားဆေးလိုအပ်သည်ဟုထင်လျှင်သော်လည်းကောင်း၊ ဗီတာမင် A အားဆေးနှင့်ပတ်သက်၍ မေးလိုလျှင်လည်းကောင်း ဆရာဝန်ထံမှ အကူအညီရယူနိုင်ပါသည်။
ဗီတာမင် A ချို့တဲ့ခြင်း၏ လက္ခဏာများ
ဗီတာမင် A ကို အစားအစာများတွင် အလွယ်တကူရရှိနေသောကြောင့် အချို့ရောဂါအခြေအနေများမှလွဲ၍ ဗီတာမင် A ချို့တဲ့သူ သိပ်မရှိပါ။ ဗီတာမင် A ချို့တဲ့ခြင်းကြောင့် ကြက်မျက်သင့်ခြင်းနှင့် ကိုယ်ခံအားစနစ်ကျဆင်းခြင်းတို့ဖြစ်နိုင်သည့်အပြင် မျက်ကြည်လွှာထူ၍ ခြောက်လာနိုင်ပါသည်။
Dr. Thinzar Wynn (www.drmyanmar.com)