/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခန္ဓာကိုယ်မှာဘာကြောင့်မှန်းမသိ-သွေးခြေဥနေလား

ခန္ဓာကိုယ်မှာဘာကြောင့်မှန်းမသိ သွေးခြေဥနေလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်ခုခုနဲ့ ထိခိုက်မိတာမရှိပါဘဲနှင့် ခန္ဓာကိုယ်မှာ သွေးခြေဥဒဏ်ရာတွေပေါ်လာတာ သတိထားမိ ပါသလား? လပေါင်းများစွာကြာသည့်တိုင်အောင် မပျောက်ဘဲ ဆက်ရှိနေပါသလား? အရေးကြီးဆုံးကတော့ မကြာခဏဖြစ်နေပါသလား? ဒီလိုဆိုရင်တော့ ဘာကြောင့်မှန်းမသိဘဲ သွေးခြေဥဒဏ်ရာတွေဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုအပ်ပါပြီ။

ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

        သွေးခြေဥဒဏ်ရာဆိုတာ အရေပြားမှာထိခိုက်ဒဏ်ရာရတာကြောင့် သွေးကြောတွေပျက်စီးတဲ့ အတွက် ဖြစ်ပေါ်လာရခြင်းဖြစ်ပါ တယ်။ ပေါက်ပြဲသွားတဲ့ သွေးကြောမှ သွေးတွေဟာ အနီးအနားမှာရှိတဲ့ တစ်သျှူးတွေထဲ စိမ့်ထွက်လာတာကြောင့်  သွေးခြေဥဒဏ်ရာတွေဖြစ်စေတာဖြစ်ပါတယ်။ ဒါဟာ ထိခိုက်ဒဏ်ရာတွေအတွက် ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ်။ အသက်အရွယ်အိုမင်းရင့်ရော်လာခြင်းမှ အစပြုကာ အာဟာရချို့တဲ့ခြင်းတိုင်အောင်၊ ဆေးတွေရဲ့ အာနိသင်မှစ၍ ကင်ဆာရောဂါနဲ့ သွေးရောဂါ ကဲ့သို့ ပြင်းထန်တဲ့ရောဂါအခြေအနေတွေထိတိုင်အောင် သွေးခြေဥ ဒဏ်ရာတွေဖြစ်ပေါ်နိုင်ပါတယ်။

1. အသက်အရွယ်ကြီးရင့်ခြင်း

        လက်ဖမိုးနဲ့ လက်မောင်းတွေမှာ သွေးခြေဥတာဟာ အသက်ကြီးတဲ့သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး actinic purpura လို့ လူသိများကြပါတယ်။ အနီရောင်ပြင်အဖြစ် စတင်ပေါ်ပေါက်လာကာ ခရမ်းရောင်ရင့်ရင့်အဖြစ်ပြောင်းသွားပြီးမှ တဖြည်းဖြည်းပျောက်ကွယ်သွားတတ်ကြပါတယ်။ ဖြစ်ပွားစေတဲ့ အကြောင်းကတော့ နှစ်ပေါင်းများ စွာ နေရောင်ဒဏ်ခံခဲ့ရတာကြောင့် သွေးကြောနံရံတွေဟာ တဖြည်းဖြည်း အားနည်းလာလို့ပဲဖြစ်ပါတယ်။ သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ အရက်တွေဟာ သွေးခြေဥနိုင်ချေကို ပိုမိုမြင့်မားစေနိုင်ပါတယ်။

2. အာဟာရချို့တဲ့မှုများ

        အချို့သော ဗီတာမင်နဲ့ ဆားဓာတ်တွေချို့တဲ့မှုဟာလည်း သွေးခြေဥဒဏ်ရာတွေဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သွေးခဲရာမှာနဲ့ အနာကျက်ရာမှာ အရေးကြီးတဲ့အခန်းကဏ္႑ကနေ ပါဝင်ပတ်သက်နေလို့ပဲဖြစ်ပါတယ်။

ဗီတာမင် K - သွေးခဲရာမှာ ကူညီပေး၍ အရိုးတည်ဆောက်မှုမှာလည်း အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဗီတာမင် K ချို့တဲ့တာကြောင့် ပုံမှန်သွေးခဲခြင်းဖြစ်စဉ်ကို မပြုလုပ်နိုင်တဲ့အတွက် သွေးခြေဥတွေပေါ်လာရခြင်းဖြစ်ပါတယ်။

ဗီတာမင် C - အရေပြားနဲ့ သွေးကြောတွေပေါက်ပြဲခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ကော်လဂျင်နဲ့ အခြားဒြပ်ပေါင်းများတည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ဗီတာမင် C ချို့တဲ့ပါက အနာကျက်နှုန်းမကောင်းတဲ့အပြင် သွေးခြေဥတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

ဓာတ်ဆားများ - ဇင့်နဲ့ သံဓာတ်တွေဟာ အနာကျက်ဖို့အတွက် အရေးကြီးတဲ့ဓာတ်ဆားတွေဖြစ်ကြပါတယ်။ ထို့ပြင် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ကာ သွေးခြေဥမှုတွေ အဆက်မပြတ်ဖြစ်စေနိုင်ပါတယ်။

Bioflavonoids (ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ) - သွေးခြေဥဒဏ်ရာတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တဲ့ တန်ဖိုးရှိလှတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ဆီးဖြူသီး၊ လိမေ္မာ်သီး၊ ရှောက်ချိုသီးကဲ့သို့ အချဉ်သီးများ၊ နှမ်းစေ့၊ ဥနီ၊ ငှက်ပျောသီး စတဲ့ အစားအစာတွေမှတဆင့် ရရှိနိုင်ပါတယ်။

3. Von Willebrand ရောဂါ - မျိုးရိုးလိုက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး သွေးခဲနိုင်တဲ့ စွမ်းရည်ကျဆင်းနေတာကြောင့် ထိခိုက်ဒဏ်ရာရရှိပါက အဆက်မပြတ်သွေးတွေထွက်လာနိုင်ပါတယ်။ Von Willebrand အပိုင်းအစလို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးဟာ သွေးထဲမှာနည်းနေတာ (သို့) ကောင်းစွာအလုပ်မလုပ်နိုင်တာကြောင့် အလွယ်တကူ သွေးခြေဥတဲ့ရောဂါဖြစ်လာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါခံစားနေရတဲ့ ဝေဒနာသည်တွေဟာ အနည်းငယ်ထိခိုက်မိရုံနဲ့ မကြာခဏဆိုသလို သွေးခြေဥအကြီးကြီးတွေဖြစ်ပေါ်လာတတ်ပါတယ်။ အခြေအနေဆိုးတဲ့ ရောဂါသည်တွေမှာဆိုရင် အကြောင်းအရင်းမရှိဘဲနဲ့ သွေးတွေအဆက်မပြတ်ထွက်နေတတ်ပါတယ်။

4. ကင်ဆာရောဂါနှင့် ဓာတုကုထုံး (ဆေးသွင်းကုသခြင်း)

        ကင်ဆာဆေးသွင်း၍ ကုသမှုခံယူနေတဲ့အချိန်မှာ သွေးမှုန်သွေးမွှားတွေ ထုတ်လုပ်မှုနည်းနေတာကြောင့် ခန္ဓာကိုယ်အနှံ့မှာ သွေးခြေဥတာတွေ မကြာခဏဖြစ်ပေါ်လာနိုင်ပါတယ်။

5. Thrombophilia သွေးရောဂါ

        သွေးရောဂါတွေကြောင့် သွေးမှုန်သွေးမွှာအရေအတွက်ကျဆင်းကာ ခန္ဓာကိုယ်ရဲ့ပုံမှန်သွေးခဲနိုင်စွမ်းကို ထိခိုက်စေတာကြောင့် သွေးခြေဥဒဏ်ရာတွေ ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။

6. Haemophilia သွေးမတိတ်သွေးကျဲရောဂါ

        သွေးကျဲရောဂါဟာ thrombophilia သွေးရောဂါရဲ့ဖြစ်စဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သွေးခဲဖြစ်ပေါ်မှုကို အားပေးတဲ့ပစ္စည်းတွေမူမမှန်တာကြောင့် သွေးထွက်နိုင်ချေမြင့်မားတာပဲဖြစ်ပါတယ်။ အကြောင်းပြချက်မသိရဘဲ အလွန်အကျွံသွေးထွက်နေတာ (သို့) သွေးခြေဥတွေဖြစ်ပေါ်နေတာဟာ သွေးမတိတ်ရောဂါရဲ့ ရောဂါလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

7. အရေပြားတွေစုစည်းမှု အားလျော့နည်းတဲ့မျိုးရိုးဗီဇဆိုင်ရာ ဖရိုဖရဲဖြစ််မှု၊ ပုံသဏ္႑ာန် မမှန်မှုရောဂါ (ehlers-danlos syndrome ရောဂါစု)

        အလွယ်တကူသွေးခြေဥရတာဟာ မျိုးရိုးဗီဇဆိုင်ရာ ကော်လဂျင်ထုတ်လုပ်မှု မူမမှန်တာတွေရဲ့ ထူးခြားတဲ့ဝိသေသတစ်ခုပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ehlers-danlos syndrome ရောဂါစုတွင် သွေးခြေဥရခြင်းအကြောင်းအရင်းမှာ တွယ်ဆက်တစ်သျှူးတွေရဲ့ အနီးအနားဝန်းကျင်မှာရှိတဲ့ သွေးကြောမျှင်နဲ့ သွေးကြောတွေအလွယ်တကူပျက်စီးနိုင်လို့ပဲဖြစ်ပါတယ်။ မကြာခဏသွေးခြေဥခြင်း၊ အနာကျက်နှုန်းနှေးကွေးခြင်း၊ သွေးလွှတ်ကြောပေါက်၍ ကိုယ်တွင်းသွေးယိုစိမ့်ခြင်း (သို့) သေဆုံးခြင်း၊ အူလမ်းကြောင်းနဲ့ သားအိမ်ကဲ့သို့ အခေါင်းပါတဲ့ ကိုယ်တွင်းအင်္ဂါများပေါက်ထွက်ခြင်း စတာတွေဟာ ထိုရောဂါစုရဲ့ ထင်ရှားတဲ့အမှတ်အသားလက္ခဏာတွေပဲဖြစ်ပါတယ်။

8. ဆေးဝါးများနှင့် ဖြည့်စွက်အားဆေးများ

        အချို့သောသွေးကျဲဆေး (ဥပမာ - Warfarin, Aspirin) တွေဟာ သွေးခဲဖြစ်ပေါ်ခြင်းကို ဟန့်တားပေးနိုင်တာကြောင့် သွေးခြေဥဒဏ်ရာတွေကို အဆက်မပြတ် ဖြစ်ပေါ်စေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေနဲ့ စတီးရွိုက်ဆေးတွေ၊ စိတ်ကျရောဂါကုသရာမှာ အသုံးပြုတဲ့ အချို့ဆေးတွေဟာလည်း အလွယ်တကူသွေးခြေဥနိုင်စေပါတယ်။ သဘာဝဖြည့်စွက်အားဆေးတွေဖြစ်တဲ့ ဂျင်ဂိုယပ်တောင်ပင်၊ ငါးကြီးဆီနဲ့ ကြက်သွန်ဖြူတွေကို အလွန်အကျွံမှီဝဲပါက သွေးကျဲစေနိုင်ပြီး သွေးခြေဥဒဏ်ရာတွေအလွယ်တကူဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သွေးကျဲဆေးတွေနဲ့အတူ သောက်သုံးတာမဟုတ်ဘဲ ဖြည့်စွက်အားဆေးတစ်မျိုးတည်းနဲ့ သွေးကျဲ ဖို့ဆိုတာတော့ ဖြစ်တောင့်ဖြစ်ခဲအခြေအနေတစ်ခုပဲဖြစ်ပါတယ်။

သွေးခြေဥတွေ အမြဲတစေဖြစ်နေတာကို ဘယ်အချိန်မှာ စိုးရိမ်သင့်ပါသလဲ?

        သွေးခြေဥတဲ့ဧရိယာဟာကြီးတဲ့အပြင် နာကျင်မှုကိုခံစားရပါက ဆရာဝန်နှင့်ချက်ချင်းသွားရောက်ပြသသင့်ပါတယ်။ အကြောင်းအရင်းမှာ ၎င်းနေရာတစ်ဝိုက်မှာ ဖိအားတွေများလာတာကြောင့် ကြွက်သားနဲ့ အာရုံကြောတွေကို သွေးလုံလောက်စွာ မထောက်ပံ့နိုင်တော့တာကြောင့် အသက်အန္တရာယ်ပါစိုးရိမ်ရတတ်ပါတယ်။ ထို့ပြင် သွေးခြေဥတဲ့နေရာနားတစ်ဝိုက်မှာ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း စတဲ့ရောဂါပိုးဝင်တဲ့လက္ခဏာတွေ တွေ့ရှိရတာဖြစ်ဖြစ်၊ ကိုယ်အပူချိန်တက်တာပဲဖြစ်ဖြစ် ဆရာဝန်ထံသွားရောက်သင့်ပါတယ်။

          အထက်တွင်ဖော်ပြခဲ့တဲ့အတိုင်း သွေးခြေဥဒဏ်ရာတွေဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ အမျိုးမျိုးရှိတာကြောင့် သေသေချာချာတိတိကျကျသိနိုင်စေဖို့အတွက် လိုအပ်တဲ့စစ်ဆေးမှုတွေကို အချိန်မီပြုလုပ်သင့်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com