/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုရောဂါ-ရှိနေပါက-သစ်သီးတွေ-စားလို့ရသလား

ဆီးချိုရောဂါ ရှိနေပါက သစ်သီးတွေ စားလို့ရသလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မိုးတွင်းမှာ လှိုင်လှိုင်ပေါလှသော သရက်သီး၊ နာနတ်သီးများက လူတိုင်းကို ဆွဲဆောင်လျက် ရှိပါတယ်။ သို့သော် အချိုများသော အသီးများကို စားခြင်းကြောင့် ဆီးချို၊ သွေးချိုပမာဏကို တက်စေတဲ့အတွက် ဆီးချိုသမားများအနေဖြင့် သစ်သီးများကို စိတ်ချစွာ စားသုံးနိုင်လားဆိုတာ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ဒီအတွက် အဖြေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

>>    သစ်သီးတွေက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

          ကျွန်မတို့ရဲ့ ဦးနှောက်ဆဲလ်တွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ ကောင်းမွန်တဲ့ ကစီဓာတ်ကိုလည်း လိုအပ်ပါသေးတယ်။ ထိုကောင်းမွန်တဲ့ ကစီဓာတ်ကို သစ်သီးများက ပေးစွမ်းတဲ့အပြင် ဗီတာမင်များ၊ antioxidants များ၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်များ ပါဝင်တာမို့ ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

 

>>    အမျှင်ဓာတ်က သင့်အတွက် အရေးကြီးပါတယ်။

          သစ်သီးတွေမှာ အချိုဓာတ် ပါဝင်သော်လည်း အမျှင်ဓာတ်များ ကြွယ်ဝစွာလည်း ပါဝင်ပြန်တာမို့ အချိုဓာတ်ကို ပြန်လည်မျှတစေနိုင်ပါတယ်။ သစ်သီးများ စားသောအခါ ဗိုက်ပြည့်စေတဲ့အတွက် နောက်ထပ် အစာမစားမိစေဘဲ အချိုဓာတ်များ မြင့်တက်လာခြင်းကို ကာကွယ်ပေးပါသေးတယ်။

 

>>    နေ့စဉ်ပမာဏတစ်ခု သတ်မှတ်ပြီး စားပါ။

          တစ်နေ့ကို သစ်သီးနဲ့ ဟင်းရွက် ၅ serving စားဖို့ ညွှန်ကြားထားပါတယ်။ ဆီးချိုသမားများအတွက်လည်း ထိုနည်းတူပါပဲ။ သစ်သီး ၂ serving နဲ့ ဟင်းရွက် ၃ serving ဆိုပြီး ခွဲစားနိုင်ပါတယ်။ ၁ serving ကို အကြမ်းပန်းကန်လုံးတစ်ခွက်ဖြင့် တိုင်းတာနိုင်ပါတယ်။

 

>>    သဘာဝသစ်သီးကိုသာ စားပါ။

          သကြားရည် စိမ်ထားသောအသီးများ၊ စည်သွပ်ဘူးများတွင် အချိုပါဝင်မှု များတာမို့ သဘာဝသစ်သီးကိုသာ စားသုံးပေးသင့်ပါတယ်။

 

>>    သစ်သီးဖျော်ရည်အဖြစ် မသောက်သုံးသင့်ပါ။

          သစ်သီးများကို ဖျော်ရည်အဖြစ် ပြောင်းလဲတဲ့အခါ အမျှင်ပါဝင်မှု နည်းသွားပြီး သကြားပါဝင်မှု ပိုများလာပါတယ်။ သစ်သီးဖျော်ရည်ကို အာသီသရှိပါက အကြမ်းပန်းကန်လုံး တစ်ဝက်ခန့်သာ သောက်သုံးသင့်ပါတယ်။

 

>>    အခြားသော အချိုများကို အစားထိုး စားသုံးနိုင်ပါတယ်။

          အချိုကြိုက်သူများအနေဖြင့် ကိတ်မုန့်နဲ့ သကြားလုံးများကို စားချင်တဲ့အခါတွင် သစ်သီၤးများ စားခြင်းက ကျန်းမာရေးနဲ့ ပိုညီညွတ််စေပါတယ်။ သစ်သီးကပေးသော အချိုဓာတ်က နောက်ထပ်အချိုများကို မတောင့်တစေဖို့ ကူညီပေးနိုင်ပါသေးတယ်။

 

>>    အရောင်အသွေး စုံလင်အောင် စားပါ။

          သစ်သီးတစ်မျိုးတည်း စားခြင်းထက် အနီရောင်၊ ခရမ်းရောင်၊ အဝါရောင် ရောစပ်စားခြင်းဖြင့် ပိုမိုပြည့်စုံသော ဗီတာမင်နဲ့ antioxidants များကို ရရှိစေပါလိမ့်မယ်။

 

>>    ဆရာဝန်နဲ့ တိုင်ပင်ပါ။

          ဆီးချိုမကျတဲ့သူများအနေဖြင့်တော့ သစ်သီးများ စားသုံးလိုပါက ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)