မေတ္တာတရား - ၁
"လူနာစောင့်တွေ တစ်ယောက်တည်းနေပါဆို ပြောမရဘူးလား .... ဒါသန့်ရှင်းရေးလုပ်ချိန်... လူနာကြည့်ချိန်မဟုတ်ဘူး ... တစ်ခါပြောထားရင် နားမလည်ဘူး "
"ဟဲ့ နာနား ... အခန်းတိုင်းသေချာ သန့်ရှင်းရေးလုပ် ... ကုတင်အောက်တွေ မကျန်စေနဲ့နော် ... မပြောင်လို့ကတော့ နင်တို့တွေ သေပြီသာမှတ် "
ကလေးဆောင်ရဲ့ မနက်ခင်းတိုင်းမှာ ဒီအသံကို ကြားနေကြ ဖြစ်သည်။
မနက်၇ နာရီထဲက စပြီး သန့်ရှင်းရေးမှ အစ အလုပ်အားလုံးကို ဒိုင်ခံလုပ်ရသူ ပီပီ သူမ သိပ်စိတ်မရှည်တတ်... အလုပ်ကို ဇယ်စက်သလို လုပ်သကဲ့သို့ စကားကိုလည်း မနားတမ်း ပြောနိုင်သူ ဖြစ်သည်... သူမကား အထက်တန်းသူနာပြု မမြမေ ပင်ဖြစ်သည် ...
အလုပ်ရှုပ်၍ စိတ်ရှုပ်ကာ စကားပြောမာသည် ... ခပ်တည်တည် အပြုံးအရယ် မရှိသော မျက်နှာကြောင့် အပေါက်ဆိုးသည်ဟု နာမည်ကြီးသည် ... အပျိုကြီး မမ ဖြစ်နေ၍လည်း ပိုပြောစရာဖြစ်ရသည်။ ဆရာမ အချင်းချင်းသာမက ဘယ်ဆရာဝန်နှင့်မဆို ခပ်တန်းတန်းသာ ဆက်ဆံတတ်သည့် အပျိုကြီး ... လက်ပေါက်ကပ်သည်ပေါ့ ...
ဘယ်သူတွေ ဘာပြောပြော မမြမေတို့က ဂရုမစိုက် ... လောကကြီးထဲတွင် မမြမေ ကြင်နာစွာ ဆက်ဆံသူ တစ်ယောက်သာ ရှိသည် ...
သူက မောင်ကံကောင်း !!!
၂ လ သားအရွယ်တွင် အဆုတ်ရောင်၍ ဆေးရုံရောက် လာသော ကလေးငယ်လေး၏ မိခင်မှာ ဘယ်ဆီဘယ်ဝယ် ရောက်သွားသည် မသိ ... အနှီးတစ်ခုသာ ကျန်ခဲ့သော ကလေးလေးကို ward ထဲမှသာ ကြည့်ရှု စောင့်ရှောက် ထားရသည် ...
ဆရာဝန်ကြီးတွေက နို့မှုန်ဝယ် ... ကြုံတဲ့သူက ရေချိုး နို့ဖျော်တိုက် ... ဆရာဝန် ဆရာမလေးတွေက အဝတ်အစားဆင်ဖြင့် မောင်ကံကောင်းလေး ၆လ ပင်ပြည့်ခဲ့ပြီဖြစ်သည်... အားလုံးထဲတွင် မမြမေက အသည်းဆုံး ... ဆေးရုံရောက်တာနှင့် ကလေး ဝေရာဝစ္စ အကုန်လုပ် ...သူမ၏ လစာ တော်တော်များများသည် ကလေး အသုံးအဆောင်တွေ ဖြစ်ကုန်ကြပြီ ... ပြုစုစောင့်ရှောက်မှုကောင်း၍ မောင်ကံကောင်း လေးမှာ ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ်လေး အားလုံးက ချစ်ကြသည်။
မေတ္တာရောင်ပြန်ဟပ်သည်ထင် ... မောင်ကံကောင်းလေးကလည်း မမြမေ လက်တွင်ပိုပျော်သည်... ဘယ်လောက်ငိုနေနေ မမြမေ ချီလျှင် အငိုတိတ် ... တခစ်ခစ်ကလေးရီသံ နှင့် ပြုံးရွှင်နေသော မမြမေ မျက်နှာက လှပသော ပန်းချီကား တစ်ချပ်နှယ် ...
"ဆရာကြီး " နားနေခန်းတွင် စကားပြောနေစဉ် မမြမေ ဝင်လာသည် .
ပါမောက္ခကြီးက "ပြောလေ မမြမေ "
"သားလေးကို မွေးစားဖို့ပေးလိုက်တော့မယ်ဆို" ညှိးငယ်စွာ မေးသော သူမ မျက်နှာက မကြည့်ရက်စရာ ...
" ဟုတ်တယ် ကလေးလည်း ၆လ ပြည့်ပြီလေ သူ့အတွက် မိသားစု ရှာပေးရမှာပေါ့ "
"ဆရာကြီးရယ် သားလေးကို မမြမေပဲ မွေးစားပါရစေ သားနဲ့ မခွဲနိုင်လို့ပါ " ဘေးက လူတွေမျက်ရည် မခိုင်ချင်တော့ ...
မမြမေက အပျိုလေ မွေးစားဖို့ဆိုတာ အိမ်ထောင်နဲ့မှ ဖြစ်မှာ ... အင်းလေ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ပါလိမ့်မယ် စာတင်ကြည့်ပေါ့ ...
ထိုနေ့က အလုပ်မလုပ်နိုင်ဘဲ ကလေးကို ချီကာ ငိုင်တွေနေသော မမြမေ ကိုတွေ့ရသည် ...
ဒီနေ့ ward ထဲရောက်တော့ အရာ အားလုံးက တိတ်ဆိတ်နေသလိုပင် ... ဆရာမ အခန်းရှေ့ အဖြတ်မှာ ငိုသံကြား၍ လှမ်းကြည့်လိုက်ရာ မောင်ကံကောင်း ကို ဖက်၍ ငိုနေသော မမြမေကိုတွေ့ရသည် ...
အားလုံးလည်း မျက်နှာမကောင်း ...
ဘာဖြစ်နေကြတာလဲ ???
မောင်ကံကောင်း ကို နယ်က သူဌေး လင်မယားကို မွေးစားခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်တဲ့ .အဲ့ဒါ ညနေ လာခေါ်မယ်ပြောတယ် ...
ကိုယ်ပါ ဝမ်းနည်းသွားရသည် ... ၄လ လုံးလုံးချီပိုးခဲ့သော ကလေးကို ပေးလိုက်ရတော့ မှာပေါ့လေ
မမြမေကတော့ မျက်ရည်တွေတွေ ကျရင်း ကလေးပစ္စည်းတွေကို စုစည်း သိမ်းဆည်း နေသည် ...
နောက်တနေ့ကစပြီး ကလေးဆောင်တွင် ဆူသံများ တိတ်ဆိတ်လျှက် ပုခက်ဟောင်းလေးကို ငေးမောနေသော မမြမေ ကို မြင်တွေ့ရတော့သည် ...
မိဘမဲ့ကလေးတစ်ယောက်အပေါ်မှာ ထားသည့် ဆရာမလေး၏ မေတ္တာတရားကိုတော့ ကျွန်မတို့အားလုံး အမြဲ အမှတ်ရနေတော့မှာ အမှန်ပင် ဖြစ်တော့သည် ...
Khin Cho






























