/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရာသီဥတု-ပူတယ်-ရေခဲမုန့်လေး-စားရရင်-ကောင်းမယ်

ရာသီဥတု ပူတယ် ... ရေခဲမုန့်လေး စားရရင် ကောင်းမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပူအိုက်လှတဲ့ နွေရာသီမှာ ချောကလက် ဒါမှမဟုတ် စတော်ဘယ်ရီရေခဲမုန့် ချိုချို အေးအေးလေး စားလိုက်ရတာဟာ ဘာနဲ့မှမလဲနိုင်တဲ့ အရသာထူးပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတဲ့ အယူအဆကြောင့် ရေခဲမုန့်ကို ရှောင်ဖယ်နေမယ်ဆိုရင်တော့ အမှားကြီး မှားသွားမှာပါ။ ရေခဲမုန့်ဟာ ထင်သလောက် ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ တေ်ာ်သင့်ရုံသာ စားမယ်ဆိုရင် ရေခဲမုန့်ဟာလည်း ကျန်းမာရေးကို မထင်မှတ်လောက်အောင် အကျိုးပြုပါသေးတယ်။

 

1.      ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။

          ဝမှာ ဆိုးတဲ့အတွက် ရေခဲမုန့်ကို ရှောင်ကြဉ်နေရပါသလား။ လေ့လာမှုတစ်ခုမှာ ရေခဲမုန့်လိုမျိုး နို့ထွက်ပစ္စည်းတွေကို တစ်နေ့ အနည်းဆုံး 1 ခွက်လောက် စားပေးခြင်းက ကိုယ်အလေးချိန် တက်တာကို နည်းစေတယ်လို့ သိရပါတယ်။ မဝစေနိုင်ဘူးဆိုပြီး ညစဉ်ညတိုင်း ရေခဲမုန့်ကို တစ်ဇလုံအပြည့် ထိုင်စားနေရင်တော့ ပိန်ဖို့ မမျှော်လင့်ပါနဲ့။ ဒါပေမဲ့ ကယ်လိုရီ 140 ၊ အဆီဓာတ် 7 ဂရမ်၊ သကြား 14 ဂရမ်လောက် ပါဝင်တဲ့ ဗနီလာ၊ ချောကလက် ရေခဲမုန့်ခွက်တစ်ဝက်လောက် စားခြင်းက ဘေးမဖြစ်စေနိုင်ပါဘူး။

 

2.      မျိုးဆက်ပွား ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

          အမျိုးသမီးတွေအတွက် ရေခဲမုန့်စားဖို့ အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်မှ လေ့လာမှုတစ်ခုမှာ အဆီပြည့်နို့တွေ ရေခဲမုန့်တွေ စားသုံးခြင်းက ကလေးရနိုင်ခြေကို ပိုများစေနိုင်တယ်လို့ သိရပါတယ်။

 

3.      အာဟာရဓာတ်များ ပါဝင်ပါတယ်။

          ရေခဲမုန့်ဟာ ခရင်မ်တွေ၊ နို့တွေ၊ သကြားတွေနဲ့ အရောင်အနံ့တွေ ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေခဲမုန့်မှာ အရိုးအဆစ် သန်မာစေတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖရက်စ် (calcium and phosphorus)၊ သွေးပေါင်ကို ကျစေတဲ့ ပိုတက်ဆီယမ် (potassium)၊ အင်အားပြည့်စေတဲ့ ဗီတာမင် ဘီဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာရှိ ကလပ်စည်းဆဲလ်တွေ ကြီးထွားဖို့ ပြုပြင်ဖို့အတွက် လိုအပ်တဲ့ ပရိုတင်း အသားဓာတ်တွေလည်း ပါဝင်ပါသေးတယ်။

 

4.      ပြုံးပျော်ရွှင်စေနိုင်ပါတယ်။

          ရေခဲမုန့် စားသုံးရတဲ့အခါ ဘာကြောင့် ပျော်ရွှင်လာရသလဲဆိုတာ တွေးမိဖူးပါသလား။ အရသာရှိတဲ့အတွက် တစ်ခုတည်းကြောင့်သာ မဟုတ်ပါဘူး။ လေ့လာချက်တစ်ရပ်မှာ အရသာအေးအေးတစ်ခု စားသုံးရတဲ့အခါ ပျော်ရွှင်မှုကို ခံစားရတယ်လို့ ဖော်ပြထားပါတယ်။ လန်ဒန်စိတ်ပညာလေ့လာမှု အဖွဲ့အစည်းတစ်ခုက ဗနီလာရေခဲမုန့် စားသုံးသူတွေရဲ့ ဦးနှောက်လှုပ်ရှားမှုပုံစံကို လေ့လာကြည့်ကြရာ ဦးနှောက်ရှေ့ပိုင်းမှာရှိတဲ့ စိတ်ကို ပျော်ရွှင်စေနိုင်တဲ့ အစိတ်အပိုင်းကို ချက်ချင်းသက်ရောက်မှုရှိတာကို တွေ့ရပါတယ်။

 

5.      လိင်မှုစိတ်ဆန္ဒကို တိုးစေနိုင်ပါတယ်။

          အိမ်ထောင်မှု သာယာချင်ပါသလား။ ရေခဲမုန့်စားခြင်းက ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖရပ်စ်ဓာတ်ကို တိုးစေနိုင်တဲ့အတွက် ကြွက်သားအင်အားနဲ့ စိတ်ဆန္ဒကို တိုးစေနိုင်ပါတယ်။ အမျိုးသမီးတွေဟာ အခြားအရသာတွေထက်စာရင် ဗနီလာရေခဲမုန့်ကို ရွေးချယ်စားသုံးသင့်ပါတယ်။ ချီကာဂိုအနံ့အရသာ လေ့လာကုသမှုအဖွဲ့ရဲ့ တွေ့ရှိချက်အရ ဗနီလာအနံ့က အမျိုးသားတွေကို စိတ်ဆန္ဒ ဖြစ်ပေါ်စေနိုင်ပါတယ်။

Dr. Emerald (www.drmyanmar.com)