အသက်အပိုင်းအခြားအလိုက် ဖြစ်လေ့ရှိသော နာကျင်မှုဝေဒနာများ
မိမိနေ့စဉ်နေထိုင်သွားလာလှုပ်ရှားမှုများအပေါ်မူတည်ပြီး အသက်အရွယ်ရလာတာနဲ့အမျှ နာကျင်ကိုက်ခဲမှု ဝေဒနာများကို အနည်းနဲ့အများခံစားရလေ့ရှိတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုနေထိုင်မှုပုံစံတွေက သင့်အတွက် နာကျင်မှုေ၀ဒနာများကို ခံစားရစေနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး အသက်အရွယ်အပိုင်းအခြား အလိုက် ဖော်ပြပေးထားကာ ဝေဒနာများလျော့ပါးသက်သာစေရန်အတွက် ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ ကုသမှုဆိုင်ရာ နည်းလမ်းလေးတွေကိုပါ တွဲလျက်ဖော်ပြပေးလိုက်ပါတယ်။
♦ အသက် ၃၀ အရွယ်
1. ခေါင်းကိုက်ခြင်း
ခေါင်းကိုက်ခြင်းကိုအသက် ၃၀ အရွယ်မှာမှ ခံစားရနိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် လူရွယ်ပိုင်း အသက်အရွယ်ရလာတာနဲ့အမျှ အလုပ်တာ၀န်တွေအလွန်များလာတဲ့အတွက် စိတ်ဖိစီးမှုဒဏ်တွေ၊ အိမ်တွင်းရေးရာ ကိစ္စတွေကြောင့် ခေါင်းကိုက်ဝေဒနာကို ပိုခံစားရလေ့ရှိတတ်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာရှေ့မှာ တနေ့လုံးထိုင်ပြီး အလုပ်လုပ်ရသူတွေအနေနဲ့ လည်ပင်းကြွက်သားတွင် ဒဏ်သက်ရောက်စေနိုင်ရုံသာမက ခေါင်းကိုက်တာကိုလည်း ခံစားရစေနိုင်ပါတယ်။
ကုသနည်း
စိတ်ဖိစီးမှုဒဏ်မှကင်းဝေးစေဖို့ အသက်ပြင်းပြင်းရှူလေ့ကျင့်ခန်းလုပ်ပါ။ မိမိကိုယ်ကို ညင်သာစွာ နှိပ်နယ်ပေးခြင်းဒါမှမဟုတ် ရေနွေးဖြင့်ရေချိုးခြင်းတို့လုပ်ဆောင်ပါ။
ကွန်ပျူတာရှေ့ထိုင်သူများအနေနဲ့ ခေါင်းကိုက်သက်သာစေရန်အတွက် ဦးခေါင်းကိုဘယ်ဘက် ယိမ်းခြင်း၊ ညာဘက်ယိမ်းခြင်းတို့ဖြင့် လည်ပင်းကြွက်သားတောင့်တင်းမှုဖြေလျော့ပါ။ ၎င်းနောက် နားကို ပခုံးဖြင့်ထိတဲ့အထိ ဘယ်ဘက်တစ်ကြိမ်၊ ညာဘက်တစ်ကြိမ်တစ်လှည့်စီ လုပ်ဆောင်ပေးပါ။ ဆေးကျပ်ထုတ် အပူထိုးပေးခြင်းကလည်း ကိုက်ခဲမှု ဝေဒနာ သက်သာစေနိုင်ပါတယ်။
2. လက်ကောက်၀တ်နာခြင်း
လက်ကောက်၀တ်နာခြင်းဆိုတာ လက်ကောက်၀တ်ကနေ အာရုံကြောအပေါ် ဖိအားသက်ရောက် မှုကြောင့်ဖြစ်ရတာပါ။ မျိုးရိုးဗီဇကြောင့်ဖြစ်စေနိုင်သလို ယခင်ထိခိုက်ဒဏ်ရာများနဲ့ အကျိုးဆက်တွေကြောင့်လည်း နာကျင်မှုခံစားရစေနိုင်ပါတယ်။ ဒါ့အပြင်ကီးဘုတ်၊ မိုဘိုင်းဖုန်း၊ တက်ဘလက်တွင် စာရိုက်ခြင်း၊ ကွန်ပျူတာဂိမ်းကစားခြင်းစတဲ့ လက်ကောက်၀တ်အပေါ် ဖိအားသက်ရောက်မှု များစေခြင်းကြောင့်လည်း နာကျင်မှု ဝေဒနာ ခံစားရစေနိုင်ပါတယ်။
ကုသနည်း
စာရိုက်ချိန်ကြာလာတိုင်း ခေတ္တအနားယူပါ။ ထိုင်ခုံတွင် နောက်ကျောမှီလျက် ပခုံးကြောများဖြေလျော့ခြင်း၊ လက်ကောက်၀တ်ကို ဖြောင့်တန်းသော အနေအထားရှိစေခြင်း၊ ခြေဖဝါးကိုကြမ်းပြင်ပေါ်သို့ တပြေးညီချထားခြင်းတို့ လုပ်ဆောင်ပေးပါက နာကျင်မှုေ၀ဒနာ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် လက်ကောက်၀တ်ထိန်း ကိရိယာ အသုံးပြုခြင်း၊ လက်၊ လက်မောင်းကြွက်သား လေ့ကျင့်ခန်းတွေကလည်း ေ၀ဒနာသက်သာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ကုသမှုနည်းလမ်းတွေ လိုက်နာသော်လည်းသင့်အတွက် အကျိုးသက်ရောက်မှု မရှိစေပါက ဆရာ၀န်နဲ့ ပြသသင့်ပြီး ပိုမိုဆိုးရွားပြင်းထန်ပါက ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်ပါတယ်။
♦ အသက် ၄၀ နှင့် ၅၀ အရွယ်
1. ကျောအောင့်ခြင်း
မူမမှန်သော ကိုယ်နေဟန်ထားကြောင့် ကျောရိုးပေါ်တွင် ဖိအားဖြစ်စေခြင်း၊ အသက်မွေးမှု လုပ်ကိုင်ရသော အလုပ်အကိုင်ပေါ်မူတည်ပြီး ကျောရိုးဒဏ်ဖြစ်စေခြင်း၊ အိပ်စက်ပုံ ကိုယ်အနေအထား မှားယွင်းခြင်း တို့ကြောင့် နောက်ကျောနာကျင်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
ကုသနည်း
ကိုယ်ဟန်အနေအထားနဲ့ သယ်ဆောင်ရမယ့် ပစ္စည်းပမာဏအပေါ်မှာ အထူးဂရုပြုပါ။ သင့်ခန္ဓာကိုယ် အလေးချိန်ထက် 25 ရာခိုင်နှုန်းပိုတဲ့ ပစ္စည်းတွေကို မည်သည့်အကူအညီမှမပါဘဲမခြင်း၊ သယ်ဆောင်ခြင်းမပြုတာ အကောင်းဆုံးပါ။ သင်အမြဲအလုပ်လုပ်မယ့်နေရာမှာ ထိုင်ခုံအမြင့်မှန်ကန်မှု ရှိ/မရှိ၊ ကွန်ပျူတာနဲ့မျက်လုံး တတန်းတည်းဖြစ်/မဖြစ်ဆိုတာ သေချာကြည့်ရှု့ပြီး အနေအထား မှန်ကန်အောင်ပြင်ဆင်ပါ။ သင်အိပ်ရာထချိန် ကျောအောင့်နေသလားဆိုတာကို သတိထားမှတ်သားပြီး မွေ့ရာပြောင်းအိပ်ခြင်း၊ အိပ်စက်ပုံ ကိုယ်အနေအထားပြောင်းလဲခြင်း တို့ဖြင့် ကျောနာ ဝေဒနာကိုကုသပါ။ ယောဂကျင့်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ ကလည်း ဝေဒနာကို လျော့ပါးစေနိုင်ပါတယ်။ သင့်အနေနဲ့ ကျောအောင့်ဝေဒနာခံစားမှုပြင်းထန်ပါက ဆရာ၀န်ပြသင့်ပါတယ်။
2. ကြွက်သားဒဏ်ဖြစ်ခြင်းနှင့် အရွတ်နာကျင်ကိုက်ခဲခြင်း
ခန္ဓာကိုယ်မှာ ဖိအားလွန်မင်းစွာ သက်ရောက်ခြင်းကြောင့် ကြွက်သားဒဏ်ဖြစ်စေနိုင်ပါတယ်။ လက်မောင်းအား အသုံးပြုပြီးလုပ်ဆောင်ရတဲ့ အိမ်တွင်းသန့်ရှင်းရေးလုပ်ခြင်း၊ ချက်ပြုတ်ခြင်းတို့ဟာ နာတာရှည် ပခုံး နာကျင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကြိမ်ဖန်များစွာပြုလုပ်ရတဲ့ ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေဖြစ်တဲ့ အလေးမခြင်း၊ ပြေးခြင်းတို့ဟာလည်း ကြွက်သားကို ဒဏ်ဖြစ်စေနိုင်ပါတယ်။
ကုသနည်း
အကြောဆန့်ပါ။ မိမိခံနိုင်ရည်အားနဲ့ညီမျှတဲ့ လေ့ကျင့်ခန်းကိုသာလုပ်ဆောင်ပါ။ ကာယလေ့ကျင့်ခန်း အချိန်ကြာမြင့်စွာလုပ်ခြင်းမှ ရှောင်ကျဉ်ပါ။ လေ့ကျင့်ခန်းလုပ်ငန်းဟာ ကျန်းမာရေးနဲ့ ညီညွတ်စေပေမယ့် လွန်ကဲပြင်းထန်ပါက ကောင်းကျိုးထက် ဆိုးကျိုးကိုသာပိုများစေနိုင်ပါတယ်။ ဒါကြောင့် အားကစားပုံမှန် လုပ်ဆောင်ခြင်းဖြင့်သာ ကြွက်သားဒဏ်ဖြစ်စေမှုကာကွယ်ပါ။ အပြည့်အ၀ အနားယူခြင်း၊ ရေခဲ ကပ်ပေးခြင်း၊ ခြေထောက်တွင်ဖြစ်ပါက အပေါ်ဘက်သို့ 45 ဒီဂရီမြှင့်ထားခြင်းတို့ လုပ်ဆောင်ပေးသင့်ပါတယ်။
♦ အသက် ၆၀ နှင့် ၇၀ အထက် အရွယ်
1. အရိုးအဆစ်ရောင်ရမ်းခြင်း
အဆစ်အမြစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပေါင်၊ ဒူးခေါင်း၊ ကျောတွင်တောင့်တင်းခြင်း တို့ ဖြစ်စေတဲ့ရောဂါ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရှိ အသက် 65 နှစ်နဲ့ 65 နှစ်ထက် အသက်အရွယ်ရှိသော လူဦးရေ 12.4 သန်းတွင် အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis) ကို ခံစားရလေ့ရှိပါတယ်။
ကုသနည်း
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ ကိုယ်အလေးချိန်ထိန်းပါ။ အသက်အရွယ်ကြီးသူတွေအနေနဲ့ သွက်သွက် လက်လက်လှုပ်လှုပ်ရှားရှား လုပ်နေဖို့မရှိမဖြစ်လိုအပ်ပါတယ်။ လှုပ်ရှားမှုမရှိတဲ့ ဘ၀နေထိုင်မှုပုံစံ ဟာ ရောဂါဖြစ်စေနိုင်မှုအပေါ် ပိုပြီးအားသက်ရောက်စေပါတယ်။ ဒါကြောင့် ကြွက်သားများ၊ အရိုးများ သန်မာအားကောင်းစေတဲ့ လေ့ကျင့်ခန်းတစ်မျိုးကို ရွေးချယ်ကာ ပုံမှန်လုပ်ဆောင်ပါ။ နှလုံးကျန်းမာရေး အတွက် အေရိုးဗစ်လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ လမ်းလျှောက်ခြင်း တို့ကိုလုပ်ဆောင်ပါ။
ပုံမှန်နှုန်းနဲ့ ညင်ညင်သာသာ အကြောများဖြေလျော့ပေးပါက ကြွက်သားတောင့်တင်းမှုများ ပြေလျော့စေနိုင်ပြီး အလေးတုံးလေးများ မခြင်း၊ ထိုင်ထ လုပ်ခြင်းစတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်သွားရင် အဆစ်များနာကျင်မှု ဝေဒနာ ကို သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ထိန်းထားခြင်းဖြင့်လည်း အဆစ်အမြစ်များ နာကျင်မှုဒဏ်မှ ကင်းေ၀းစေနိုင်ပါတယ်။
CMS (www.drmyanmar.com)






























