/
news/ကျန်းမာရေး-z/ကပ်ပါးပိုးတစ်မျိုးကြောင့်ဖြစ်သော-ကူးစက်ရောဂါ-toxoplasmosis

ကပ်ပါးပိုးတစ်မျိုးကြောင့်ဖြစ်သော ကူးစက်ရောဂါ (Toxoplasmosis)

Category
ကျန်းမာရေး (A-Z)

         Toxoplasmosis ဆိုတာ ကမ်ဘာပေါ်မှာ တွေ့ရအများဆုံး ကပ်ပါးကောင်များအနက် တစ်မျိုးဖြစ်တဲ့ Toxoplasma gonidii ဆိုတဲ့ ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။

         Toxoplasmosis ရဲ့ရောဂါလက္ခဏာတွေကတော့ တစ်ချို့တွေမှာ တုပ်ကွေးလိုမျိုးရောဂါ လက္ခဏာပြတတ်ပြီး အများစု ကတော့ ရောဂါလက္ခဏာ လုံးဝမပြတတ်ပါဘူး။ ရောဂါကူးစက်ခံထားရတဲ့ မိခင်ကမွေးလာတဲ့ ကလေးတွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေမှာတော့ ဒီပိုးကြောင့် ပြင်းထန်ဆိုးရွားတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

         ပုံမှန်ကျန်းမာရေးကောင်းနေတဲ့သူတစ်ယောက်အတွက်တော့ အများအားဖြင့် toxoplasmosis ကို ကုသဖို့ မလိုတတ်ပါဘူး။ ကိုယ်ဝန်ဆောင်တွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေ အတွက်ဆိုရင်တော့ ဆေးကုသခြင်းဖြင့် ရောဂါရဲ့ဆိုးကျိုးတွေကို လျော့ကျစေပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ရောဂါမကူးစက်အောင် ကာကွယ်ခြင်းပါပဲ။

 

ရောဂါလက္ခဏာများ

         ကျန်းမာနေတဲ့သူတစ်ယောက်ဟာ toxoplasmosis ရောဂါကူးစက်ခံနေပြီလို့မသိနိုင်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေ မှာတော့ တုပ်ကွေးနဲ့ဆင်တူတဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်၊ အဲဒါတွေကတော့

  • ခန္ဓာကိုယ် ကိုက်ခဲခြင်း
  • အကျိတ်များရောင်လာခြင်း
  • ခေါင်းကိုက်ခြင်း
  • ဖျားခြင်း
  • မောပန်းနွမ်းနယ်ခြင်း တို့ ဖြစ်ပါတယ်။

 

ကိုယ်ခံအားနည်းနေသောသူများနှင့် Toxoplasmosis

========

         HIV/AIDS ရောဂါရှိတဲ့သူတွေ၊ ကင်ဆာဆေးသွင်းကုသခြင်း (chemotherapy) ခံနေရတဲ့သူတွေနဲ့ မကြာသေးမီကမှ ကိုယ်အင်္ဂါအစားထိုး ကုသခြင်းခံထားရသူတွေမှာ အရင်က ဒီပိုးကူးစက်ခံထားရရင် ရောဂါ ပြန်ကြွလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ပြင်းထန်တဲ့ရောဂါ လက္ခဏာတွေ ပြလာနိုင်ပါတယ်။

  • ခေါင်းကိုက်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • ခန္ဓာကိုယ်ဟန်ချက်ညီအောင်မထိန်းနိုင်ခြင်း
  • တက်ခြင်း
  • အဆုတ်နှင့်ပတ်သက်သောရောဂါများဖြစ်လာခြင်း

 

        မျက်စိကိုထိရင်တော့ မြင်လွှာပြင်းထန်စွာရောင်ရမ်းပြီး အမြင်အာရုံ ဝေဝါးခြင်းများ ဖြစ်နိုင်ပါတယ်။

 

ကလေးများနှင့် Toxoplasmosis

========

          ကိုယ်ဝန်မဆောင်ခင်အချိန်တိုလေးအတွင်းမှာနဲ့ ကိုယ်ဝန်ရှိနေစဉ်အတွင်းမှာ ကူးစက်ခံရရင်တော့ ရောဂါလက္ခဏာ မပြဘူးဆိုရင်တောင်မှ ကလေးဆီကို ကူးစက်နိုင်ပါတယ်။ congenital toxoplasmosis (မွေးရာပါ toxoplasmosis ) လို့ခေါ်ပါတယ်။

          ကိုယ်ဝန်ရဲ့ ပထမသုံးလ အတွင်းမှာ မိခင်ကိုကူးစက်ခဲ့ရင် ကလေးကို ကူးစက်နိုင်ချေအများဆုံးဖြစ်ပြီး နောက်ဆုံးသုံးလအတွင်း ကူးစက်ခံရရင်တော့ ကူးစက်နိုင်ချေနည်းပါတယ်။ တစ်နည်းအားဖြင့်တော့ ကိုယ်ဝန်ဆောင်နေစဉ် စောစော ကူးစက်ခံရလေလေ ကလေးအတွက်အခြေအနေ ပိုမိုဆိုးရွားလေပါပဲ။

          ကိုယ်ဝန်နုစဉ်ကူးစက်ခံရမှုကြောင့် ကလေးအသေမွေးခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်းတို့ ဖြစ်နိုင်ပါတယ်။ အသက်ရှင်ပြီးမွေးဖွားလာတဲ့ ကလေးတွေမှာလည်း အောက်ပါပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပါလာနိုင်ပါတယ်။

  • တက်ခြင်း
  • အသည်းနှင့် သရက်ရွက်ကြီးခြင်း
  • အသားနှင့် မျက်စိများဝါခြင်း (jaundice)
  • ပြင်းထန်သော မျက်စိကူးစက်ရောဂါများ

          ဒါပေမယ့် မွေးကတည်း ဒီလိုရောဂါလက္ခဏာတွေပြတာ ရှားပါတယ်။ အများအားဖြင့်တော့ ဆယ်ကျော်သက်အရွယ်နောက်ပိုင်းကျမှ အကြားအာရုံချို့တဲ့ခြင်း၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်းနဲ့ ပြင်းထန်သော မျက်စိရောဂါဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

 

ရောဂါဖြစ်စေတတ်သောအကြောင်းအရင်းများ

          Toxoplasma gondii (T. gondii) ဆိုတာ တိရိစၧာန်နဲ့ ငှက်အများစုကို ကူးစက်တတ်တဲ့ ဆဲလ်တစ်လုံးတည်းသာ ရှိသော ကပ်ပါးကောင်တစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကပ်ပါးကောင်တွေဟာ တောရိုင်းနှင့် အိမ်မွေးကြောင် မျိုးစိတ်တွေအတွင်းမှာသာ မျိုးပွားနိုင်သောကြောင့်ဖြစ်ပါတယ်။

          လူတစ်ယောက်ကို T. gondii ကူးစက်ခံရပြီဆိုရင် ကပ်ပါးကောင်ဟာ cysts အနေနဲ့ ဦးနှောက်၊ ကြွက်သားနဲ့ နှလုံးတွေ အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ပျံ့နှံ့သွားပါတယ်။

          ပုံမှန်ကျန်းမာနေတဲ့သူတစ်ယောက်မှာဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ကပ်ပါးကောင်ကို ထိန်းသိမ်းထား ပါတယ်။ ဒီကပ်ပါးကောင်တွေဟာ ခန္ဓာကိုယ်ထဲမှာ အန္တရာယ်မပေးနိုင်တဲ့ အခြေအနေနဲ့တည်ရှိနေပြီးတော့ တစ်သက်လုံးစာအတွက် ခုခံအား ရရှိစေလို့ နောက်တစ်ကြိမ် ဒီကပ်ပါးပိုးမကူးစက်မခံရနိုင်တော့ပါဘူး။ ဒါပေမယ့် ရောဂါတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ဆေးကုသမှုကြောင့်ပဲဖြစ်ဖြစ် ခုခံအားကျရင်တော့ ပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပြီး ရောဂါပြန်ကြွလာနိုင်ပါတယ်။

        ရောဂါကူးစက်စေတဲ့နည်းလမ်းတွေကတော့-

၁။ ကပ်ပါးပိုးပါတဲ့ ကြောင်ချီးနဲ့ထိတွေ့မိခြင်း

-       ဥယျာဉ်ခြံမြေလုပ်ပြီးချိန်၊ အမှိုက်ပုံးတွေဆေးကြောပြီးချိန်နဲ့ ကပ်ပါးပိုးပါတဲ့ ကြောင်ချီးန့ဲထိတွေ့နိုင်တဲ့ ဘယ်အရာမျိုးကိုမဆို ထိတွေ့ပြီးချိန်မှာ အဲဒီလက်နဲ့ ပါးစပ်ကိုထိမိမယ်ဆိုရင် မထင်မှတ်ထားဘဲနဲ့ ကပ်ပါးကောင်က ပါးစပ်ထဲကို ဝင်ရောက်သွားနိုင်ပါတယ်။ အစိမ်းစားတတ်တဲ့ကြောင်တွေမှာ ဒီကပ်ပါးကောင်တွေ ပိုနေနိုင်ပါတယ်။

၂။ မသန့်ရှင်းတဲ့ ရေနဲ့အစားအစာများ စားသုံးမိခြင်း

-       အထူးသဖြင့် သိုးသား၊ ဝက်သားနဲ့ သမင်သားတွေမှာ T. gondii ဆိုတဲ့ ကပ်ပါးကောင်ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ ကျိုချက်ထားခြင်းမရှိတဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း ရှိတတ်ပါတယ်။

 

၃။ မသန့်ရှင်းသော ဓား၊ စဥ့်စီတုံး နှင့် အခြားမီးဖိုချောင်သုံးပစ္စည်းများ အသုံးပြုခြင်း

-       အသားစိမ်းတွေနဲ့ထိတွေ့ထားတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ရေနွေး၊ ဆပ်ပြာရည်တို့နဲ့ သေချာဆေးကြောခြင်း မရှိလျှင် ကပ်ပါးကောင်တွေ တွယ်ကပ်နေတတ်ပါတယ်။

၄။ သစ်သီးများနှင့် အသီးအရွက်များကို မဆေးကြောဘဲ စားသောက်ခြင်း

-       သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေရဲ့မျက်နှာပြင်မှာ ကပ်ပါးကောင်တွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် စိတ်ချရဖို့ဆိုရင် အစိမ်းစားမယ့်အရာအားလုံးကို သေချာဆေးကြောပြီးမှ စားသုံးသင့်ပါတယ်။

၅။ ရောဂါပိုးရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးမိခြင်း၊ ရောဂါပိုးရှိသော သွေးသွင်းမိခြင်း

-       ရောဂါပိုးရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးမိခြင်း၊ ရောဂါပိုးရှိသော သွေးသွင်းမိခြင်း ကနေ ကူးစက်တတ် သော်လည်း ဖြစ်ခဲပါတယ်။

 

ရောဂါကူးစက်ခံရနိုင်ခြေများသူများ

 

            ဒီကပ်ပါးပိုးဟာ ကမ်ဘာတစ်ဝှမ်းလုံးမှာ တွေ့ရှိရတဲ့အတွက် ဘယ်သူမဆို ရောဂါကူးစက်ခံရနိုင်ပါတယ်။

Toxoplasmosis သည် အောက်ပါအခြေအနေတွေမှာ ပြင်းထန်တဲ့ကျန်းမာရေးပြသနာတွေ ဖြစ်စေတတ်ပါတယ်။

၁။ HIV/AIDS ဝေဒနာရှင်များ

-       HIV/AIDS ဝေဒနာရှင်အများစုမှာ toxoplasmosis ဟာ အခုမှကူးစက်ခံရတာ (သို့) ရောဂါဟောင်းပြန်ကြွလာတွေ ဖြစ်တတ်ပါတယ်။

၂။ ကင်ဆာဆေးသွင်းကုသခြင်း (chemotherapy)

-       Chemotherapy က ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို လျော့ကျစေပြီး အသေးစားရောဂါလေးတွေကိုတောင်မှ ခန္ဓာကိုယ်က ပြန်လည်တိုက်ထုတ်ဖို့ ခက်ခဲစေပါတယ်။

၃။ စတီးရိုက် (steroids) နှင့် အခြားကိုယ်ခံအားကျစေသောဆေးများသောက်သုံးခြင်း

-       အချို့ကင်ဆာမဟုတ်တဲ့အခြေအနေတွေကို ကုသတဲ့ဆေးတွေဟာ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို လျော့ကျစေပြီး toxoplasmosis ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေပါတယ်။

၄။ ကိုယ်ဝန်ဆောင်များ

-       ကိုယ်ဝန်ဆောင်နေစဉ် toxoplasmosis ကို ကုသနိုင်ရင်တော့ ကလေးကို ကူးစက်နိုင်မှု နည်းပါတယ်။

 

နောက်ဆက်တွဲဆိုးကျိုးများ

1. ကျန်းမာပြီး ကိုယ်ခံအားကောင်းတဲ့သူတေွမှာ တစ်ခါတစ်ရံ မျက်စိရောဂါဖြစ်တတ်တာကလွဲပြီး ပုံမှန်အားဖြင့်တော့ နောက်ဆက်တွဲဆိုးကျိူးတွေ ပြလေ့မရှိပါဘူး။ တကယ်လို့ မျက်စိရောဂါကို မကုဘဲထားရင်တော့ မျက်စိကွယ်သွားတဲ့ အထိဖြစ်နိုင်ပါတယ်။

2. ကိုယ်ခံအားနည်းတဲ့သူတေွ အထူးသဖြင့် HIV/AIDS ဝေဒနာရှင်တွေမှာ တက်ခြင်းနဲ့ ဦးနှောက်ရောင်ခြင်း တို့ကဲ့သို့သော အသက်အန္တရာယ်ရှိသောရောဂါများဖြစ်သည်အထိ ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ AIDS ဝေဒနာရှင်တေွမှာ toxoplasmosis ကြောင့်ဖြစ်တဲ့ ဦးနှောက်ရောင်ရောဂါကို မကုသဘူးဆိုရင် သေစေ နိုင်ပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာ toxoplasmosis ထပ်ခါထပ်ခါဖြစ်တတ်တာကတော့ ထုံးစံပါပဲ။

3. မွေးရာပါ toxoplamosis ရောဂါရှိတဲ့ကလေးတေွမှာ မသန်စွမ်း (နားမကြား၊ စိတ်ကစဥ့်ကလျား၊ မျက်စိမမြင်) ဖြစ်စေနိုင်ပါတယ်။

 

စမ်းသပ်စစ်ဆေးခြင်း

 

            ရောဂါလက္ခဏာတွေဟာ တုပ်ကွေးရောဂါ၊ သွေးဖြူဥများတဲ့ရောဂါ တစ်မျိုးဖြစ်တဲ့ mononucleosis ဆိုတဲ့ရောဂါတွေရဲ့ လက္ခဏာတွေနဲ့တူတတ်လို့ တိကျတဲ့ စမ်းသပ်မှုမပြုလုပ်ဘဲနဲ့ toxoplasmosis လို့ ရောဂါအမည်မတပ်နိုင်ပါဘူး။

 

ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ခြင်း

=========

         သင့်ရဲ့ဆရာဝန်က သင့်မှာ ဒီရောဂါရှိတယ်လို့ သံသယရှိရင်တော့ ဒီကပ်ပါးပိုးကိုတိုက်ဖျက်တဲ့ ပဋိပစ္စည်း (antibodies) ရှိ၊မရှိသိနိုင်ဖို့အတွက် သွေးစစ်ကြည့်ခိုင်းပါလိမ့်မယ်။ ပဋိပစ္စည်း (antibodies) ဆိုတာကတော့ ကပ်ပါးပိုး ကဲ့သို့သော ပြင်ပပစ္စည်းတွေ ခန္ဓာကိုယ်ထဲဝင်ရောက်လာခဲ့ရင် ကိုယ်ခံအားစနစ်ကနေပြန်လည်ထုတ်လုပ်လိုက်တဲ့ proteins ပဲဖြစ်ပါတယ်။ ဒီပဋိပစ္စည်းစစ်ဆေးမှုဟာ ဖော်ပြဖို့ခက်ခဲတဲ့အတွက် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟို (Centers for Disease Control and Prevention) က positive ထွက်တဲ့ အဖြေအားလုံးကို toxoplasmosis ရောဂါဖော်ထုတ်တဲ့ အထူးဓာတ်ခွဲခန်းတွေမှာ ပြန်လည်စစ်ဆေးပြီးမှ အတည်ပြုဖို့ အကြံပြုထားပါတယ်။

         တစ်ခါတစ်ရံမှာ ကပ်ပါးပိုးဝင်ရောက်ပြီး ခန္ဓာကိုယ်ကတုန့်ပြန်တဲ့ ပဋိပစ္စည်းမထုတ်ရသေးခင်မှာ သွေးစစ်မိရင် သွေးအဖြေမှာ ရောဂါမရှိ (negative) လို့ထွက်တတ်ပါတယ်။ အဲဒါကြောင့် သေချာအောင်လို့ နောက်ထပ်ရက်သတ္တပတ်များစွာကြာမှ ပြန်လည်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

       ရောဂါရှိတယ်ဆိုတဲ့အဖြေ (positive result) ကတော့ သင့်မှာဒီရောဂါ လက်ရှိကူးစက်ခံထားရတယ် ဒါမှမဟုတ် အရင်ကကူးစက်ခံရပြီး ခုခံမှုရှိနေတယ်လို့ ဆိုလိုပါတယ်။ ဆက်လက်စစ်ဆေးမှုတွေကတော့ ပဋိပစ္စည်းအမျိုးအစား ပေါ်မူတည်ပြီး ဘယ်အချိန်က ကူးစက်ခံထားရတယ်ဆိုတာကို ထောက်ပြပါတယ်။ ဒီလိုစစ်ဆေးမှုတွေက ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ HIV/AIDS ဝေဒနာရှင်တွေအတွက် အထူးအရေးကြီးပါတယ်။

 

သနေ္ဓသားကို စမ်းသပ်ခြင်း

========

        ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်မှာ Toxoplasmosis ရောဂါရှိနေရင်တော့ သနေ္ဓသားကို ကူးစက်ခံရခြင်းရှိမရှိစစ်ဆေးကြည့်ရပါမယ်။ နည်းလမ်းတွေကတော့-

၁။ Amniocentesis (ရေမွှာရေကိုစစ်ဆေးခြင်း) - ကိုယ်ဝန် ၁၅ ပတ်လောက်ရှိတဲ့အချိန်မှာ အပ်သေးသေးလေးကို အသုံးပြုပြီး ရေမွှာအိတ်ထဲက ရေမွှာရေအနည်းငယ်ကို ယူပြီးစစ်ဆေးခြင်းဖြစ်ပါတယ်။

၂။ Ultrasound scan - အသံလှိုင်းကိုအသုံးပြုပြီး သားအိမ်ထဲမှာရှိတဲ့ ကလေးရဲ့ ပုံရိပ်ကိုဖမ်းယူတာပါ။ အမှန်တကယ် တော့ ultrasound က toxoplasmosis လို့ တိကျတဲ့ရောဂါသတ်မှတ်ချက်မရနိုင်ပါဘူး။ ဦးနှောက်ထဲတွင်ရေများစုနေခြင်း (Hydrocephalus) ဆိုတဲ့လက္ခဏာရှိ၊မရှိပဲ ကြည့်လို့ရနိုင်ပါတယ်။ ဘာလက္ခဏာမှမရှိရင်တောင် ရောဂါမရှိဘူးလို့ တစ်ထစ်ချ ပြောလို့မရပါဘူး။ ဒါကြောင့် ကလေးအသက်တစ်နှစ်အတွင်းမှာ ထပ်ပြီး စမ်းသပ်မှုတွေနဲ့ သွေးစစ်ခြင်းတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

 

ပြင်းထန်သော အခြေအနေများတွင် စမ်းသပ်ခြင်း

==========

        ဦးနှောက်ရောင်ခြင်းကဲ့သို့သော အသက်အန္တရာယ်ရှိတဲ့ လက္ခဏာတွေရှိလာရင်တော့ ဦးနှောက်ထဲမှာ ပျက်စီးမှုရှိမရှိသိနိုင်ဖို့ စမ်းသပ်မှုတွေ တစ်ခု (သို့) အဲဒီထက်ပိုပြီးပြုလုပ်ဖို့လိုအပ်ပါတယ်။

၁။ Magnetic resonance imaging (MRI)

၂။ ဦးနှောက်အသားစယူ၍စစ်ဆေးခြင်း (Brain biopsy) - ကုသမှုတွေကို တုန့်ပြန်ခြင်းမရှိဘူးဆိုရင် ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်က ဦးနှောက်ထဲမှ အသားစအနည်းငယ်ကိုယူပြီး toxoplasmosis cysts ရှိ၊မရှိ ဓာတ်ခွဲခန်းထဲမှှာ စစ်ဆေးကြည့်တာပါ။ ဖြစ်ခဲပါတယ်။

 

ကုသခြင်းနှင့် ဆေးဝါးများ

 

            ကျန်းမာတဲ့သူ အများစုမှာတော့ ဆေးကုသဖို့မလိုအပ်ပါဘူး။ ရောဂါလက္ခဏာတွေပြလာပြီဆိုရင်တော့ အောက်ပါဆေးများကို ညွှန်ကြားပါလိမ့်မယ်။

Pyrimethamine (Daraprim) - ငှက်ဖျားဆေးတစ်မျိုးပါ၊ ဒီဆေးက ခန္ဓာကိုယ်မှ folic acid န့ဲ ဗီတာမင် B9 စုပ်ယူမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့်ဒီဆေးသောက်ရင် folic acid ပါတွဲသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

Sulfadiazine – Pyrimethamine နဲ့တွဲပြီးသောက်ရတဲ့ ပဋိဇီဝဆေးတစ်မျိုးဖြစ်ပါတယ်။

 

HIV/AIDS ဝေဒနာရှင်များအားကုသခြင်း

Pyrimethamine + sulfadiazine + folic acid

Pyrimethamine + clindamycin (Cleocin) အတွဲကိုလည်းအသုံးပြုနိုင်ပါတယ်။

            ဒီဆေးတွေကို တစ်သက်လုံးသောက်ဖို့လိုပါတယ်။ ဆေးပမာဏကတော့ လျော့သွားနိုင်ပါတယ်။ ဆရာဝန်က CD4 ပမာဏပေါ်မူတည်ပြီး ဆေးရပ်ဖို့၊ မရပ်ဖို့ကို ညွှန်ကြားပါလိမ့်မယ်။

 

ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများကိုကုသခြင်း

Spiramycin (ကိုယ်ဝန်ဆောင်မိခင်ကို ကူးစက်ခံရပြီး သနေ္ဓသားကို ကူးစက်ခြင်းမခံရပါက) – ဒီဆေးဟာ သနေ္ဓသားမှာ မွေးရာပါ toxoplasmosis ကြောင့်ဖြစ်တဲ့ ဦးနှောက်နဲ့ အာရုံကြောရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ ဥရောပမှာတော့ အသုံးများပါတယ်။

Pyrimethamine + sulfadiazine - သနေ္ဓသားမှာပါ ကူးစက်ခံရရင်ပေးပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ  ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သနေ္ဓသားတွေမှာ ပြင်းထန်တဲ့ဆိုးကျိုးတွေရစေတတ်လို့ အရမ်းပြင်းထန်တဲ့အခြေအနေတွေနဲ့ ကိုယ်ဝန် ၁၆ ပတ်ကျော်မှပဲပေးပါတယ်။

Pyrimethamine + sulfadiazine + folic acid _ မွေးကင်းစကလေးမှာ ကူးစက်ခံရရင်တော့ ဒီဆေးအတွဲပေးပါတယ်။ ဒီဆေးတိုက်နေချိန်မှာ ဆရာဝန်က ကလေးကို သေချာစောင့်ကြည့်နေဖို့တော့လိုအပ်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com