ကားမူးခြင်း
ကားမူးတယ်ဆိုတာဘာလဲ
ကိုယ့်ရဲ့အလယ် ‘နား’ ကနေခံစားရတဲ့ ရွေ့လျားမှုနဲ့ မျက်စိကမြင်တွေ့ရတဲ့ရွေ့လျားမှုတွေမတူညီတဲ့အခါမှာ ဖြစ်လာတဲ့ခံစားမှုကို ကားမူးခြင်းလို့ခေါ်ပါတယ်။ ဒါက ကား၊ ရထား၊ လေယာဉ်၊ လှေ စတာတွေနဲ့ခရီးသွားတဲ့အခါ လူအချို့မှာဖြစ်လေ့ရှိပါတယ်။ အများစုက ကစားကွင်းမှာအပျော်စီးစရာတွေ စီးတဲ့အချိန်မှာလည်း ခံစားရတတ်ပါတယ်။ မူးရာကနေ မအီမသာခံစားရကာ ချေွးအများကြီးထွက်ပြီး ရီဝေဝေဖြစ်လာပါတယ်။ ဒါပြီးရင်တော့ ပျို့အန်ချပါတော့တယ်။
ဘယ်သူတွေမှာဖြစ်တတ်လဲ
ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပိုပြီးဖြစ်နိုင်ချေများပေမယ့် ခရီးသွားတဲ့သူတိုင်းကြုံတွေ့ရနိုင်ပါတယ်။ လှေနဲ့ခရီးသွားရင် လှိုင်းမူးတာလည်း အတူတူပါပဲ။ အခြားဖြစ်နိုင်ချေများတဲ့အချက်တွေကတော့ ခရီးသွားရမှာကြောက်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ခရီးသွားချိန်ခံစားမှု၊ လေဝင်လေထွက်မကောင်းခြင်း၊ အပြင်ကိုမမြင်ရခြင်း စတာတွေဖြစ်ပါတယ်။
အကြောင်းအရင်းများ
ကားမူးရခြင်းက မျက်လုံးနဲ့ အလယ်နားက ပို့လိုက်တဲ့အချက်ပြမှုတွေ ဦးနှောက်မှာရှုပ်ထွေးသွားခြင်းကြောင့် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကခံစားနေရတဲ့ ရွေ့လျားမှုကိုမျက်လုံးကမမြင်ရရင်ဘဲဖြစ်ဖြစ်၊ မျက်လုံးကမြင်နေရတဲ့ရွေ့လျားမှုကို ခန္ဓာကိုယ်ကမခံစားရရင်ဘဲဖြစ်ဖြစ် ဦးနှောက်မှာအချက်ပြမှုတေ ွရှုပ်ထွေးသွားပြီး ကားမူးတဲ့လက္ခဏာတွေဖြစ်ပေါ်လာပါတယ်။
ကားမူးခြင်း၏ လက္ခဏာများ
အစပိုင်းမှာ နေရတာမသက်မသာဖြစ်လာပြီး နောက်မှာချေွးစေးတွေထွက်ပြီးတော့ မူးနောက်နောက်ဖြစ်လာပါမယ်။ အချို့လူတွေမှာ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းများနဲ့အတူ အသားတွေဖြူဖတ်ဖြူလျော်ဖြစ်လာပြီး တံတွေးတွေအများကြီးထွက်လာတတ်ပါတယ်။ ဒါတွေနောက်မှာတော့ ပျို့အန်ထွက်ပါတော့တယ်။
ဘယ်လိုအချိန်တွေမှာ ဆရာဝန်နဲ့ပြသသင့်သလဲ
အများအားဖြင့်တော့ ကားမူးတာက ဆရာဝန်ပြဖို့မလိုပါဘူး။ ဒါပေမယ့် မရပ်မနားအန်နေပြီး ရေဓာတ်တွေကုန်ခမ်းလာရင်တော့ ဆရာဝန်ပြရပါမယ်။ လူအများစုကတော့ လှုပ်ရှားမှုရပ်လိုက်တာနဲ့ ဒီလက္ခဏာတွေ တဖြည်းဖြည်းသက်သာပြီး ပျောက်ကင်းသွားပါတယ်။
ဘယ်လိုကုသနိုင်သလဲ
ကုထုံးတွေကတော့ ဆေးဝါးများ၊ ပတ်ဝန်းကျင်အနေအထားပြောင်းလဲခြင်း (ဥပမာ- ဖွင့်ထားတဲ့ကားပြတင်းပေါက်ဘေးမှာ ထိုင်ခြင်း)၊ အိမ်သုံးဆေးဝါးများသောက်သုံးခြင်းတို့ဖြစ်ကြပါတယ်။
ကားမူးခြင်းကို သက်သာစေသည့် အိမ်သုံးဆေးဝါးများ
လူအများစုက ကားမူးသက်သာစေဖို့အတွက် ဂျင်း၊ ငရုတ်ကောင်း၊ ရေနွေးကြမ်း စတဲ့အိမ်သုံးဆေးဝါးတွေကို သုံးစွဲလေ့ရှိကြပါတယ်။ ဒါအပြင် အချို့လူတွေက အပ်စိုက်ကုထုံးနဲ့လည်း သက်သာကြပါတယ်။
ဆေးဝါးများ
ဆရာဝန်ညွှန်ကြားမှုမပါဘဲ ဝယ်ယူနိုင်တဲ့ဆေးဝါးတွေနဲ့ ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကို သောက်သုံးခြင်းဖြင့်လည်း ကားမူးခြင်းကိုကာကွယ်နိုင်ပါတယ်။ အသုံးများတဲ့ဆေးဝါးတွေကတော့-
- Scopolamine (transdermal patches - အသားကပ်ပလာစတာ၊ Transderm-scop)
- Dimenhydrinate (Dramamine)
- Meclizine ( Antivert, Bonine, Meni-D, Antrizine)
- Promethazine ( Phenergan, Phenadoz, Promethegan)
- Diphenhydramine ( Benadryl)
- Cyclizine (Marezine)
ဒါပေမယ့် ဒီဆေးအများစုက ထိုင်းမှိုင်းခြင်း၊ ပါးစပ်ခြောက်ခြင်း၊ အမြင်ဝါးခြင်း၊ တစ်ခါတစ်ရံ သတိမကောင်းခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေရှိတဲ့အတွက် ဆေးမသောက်ခင်မှာတော့ သတိပြုရမယ့်အချက်တွေကို သေချာဖတ်ဖို့လိုပါတယ်။ ဒါကြောင့် ယာဉ်မောင်းတွေနဲ့ စက်ကြီးကြီးတွေနဲ့ လုပ်ကိုင်ရတဲ့သူတွေအနေနဲ့ ဒီဆေးတွေကို မသောက်သင့်ပါဘူး။
ကားမူးခြင်းကို ကာကွယ်နိုင်ပါသလား
အပေါ်ကဆေးတွေကို ကြိုသောက်ထားမယ်ဆိုရင်တော့ ကားမူးခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒီဆေးအများစုကကုသဖို့ထက် ကာကွယ်ဖို့အတွက် အသုံးပြုတဲ့ဆေးတွေပဲဖြစ်ပါတယ်။
ဆေးသောက်စရာမလိုဘဲ ကားမူးခြင်းကို သက်သာစေမယ့် အခြားနည်းလမ်းတွေလည်းရှိပါတယ်။ ဒီနည်းလမ်းတွေကတော့-
- ခရီးမသွားမီ 24 နာရီအတွင်းမှာ သွားရေစာနဲ့ အခြားပေါ့ပေါ့ပါးပါးအစားအစာလေးတွေကိုပဲစားပါ။ အဆီအများကြီးပါဝင်တဲ့ အစားအစာများနဲ့ အများကြီးစားခြင်းကိုရှောင်ပါ။
- လေယာဉ်ရှေ့ဘက်ကို မျက်နှာမူပြီးထိုင်ပါ။
- လှေစီးတာဆိုရင်တော့ အပေါ်ကုန်းပတ်ပေါ်က လှေအရှေ့ဖက်ကိုမျက်နှာမူထားတဲ့ အခန်းတစ်ခန်းပေးဖို့ပြောပြီး တတ်နိုင်သမျှရေပြင်ညီအတိုင်းပဲ ကြည့်ပါ။
- ကားနဲ့ခရီးသွားတာဆိုရင် ကားအရှေ့ဘက်မှာထိုင်ပါ။ ရေပြင်ညီအတိုင်းကြည့်ပါ။ ခေါင်းကို ထိုင်ခုံကိုမှီထားပြီး ငြိမ်ငြိမ်လေးထိုင်နေပါ။
- ရထား၊ ကားတွေပေါ်က လေပေါက်ကို မျက်နှာဘက်ကိုလှည့်ထားပါ။
- ဆေးလိပ်မသောက်ပါနှင့်။
- အသက်ကို ဖြေးဖြေးနဲ့ ပုံမှန်ရှူပါ။
Dr. Mya Myo Myo Swe