ကျောရိုးမကြီးတီဘီ (Spinal Tuberculosis)
တီဘီရောဂါသည်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်အဖြစ်များသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ကျောရိုးမကြီး တီဘီရောဂါသည် အရိုးတီဘီရောဂါအမျိုးအစားတွင်ပါဝင်ပြီး ကျောရိုးမကြီး၏ ရင်ခေါင်းပိုင်းရှိကျောရိုး ဆစ်နှင့်ခါးရိုးဆစ်များတွင် တီဘီရောဂါစွဲကပ်ဖြစ်ပွားခြင်းဖြစ်သည်။ အရိုးတီဘီရောဂါ၏ ထက်ဝက် ခန့်မှာ ကျောရိုးမကြီးတွင်ဖြစ်ပွားလေ့ရှိသည်။ ကျောရိုးမတီဘီရောဂါသည် အဆုတ်နာတီဘီီရောဂါနှင့် နှိုင်းယှဉ် ပါက ဖြစ်ပွားမှုနှုန်းနည်းပါးသော်လည်း ခါးရိုးအာရုံကျောမကြီးကိုထိခိုက်မိရာမှ အောက်ပိုင်းသေသည်အထိ ဖြစ် ပွားနိုင်သည့်ပြင်းထန်ရောဂါအမျိုး အစားဖြစ်သည့်အတွက် အချိန်မီသိရှိကုသနိုင်ရန်အရေးကြီးလှပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်း
အများဆုံးမှာ အဆုတ်နာတီဘီရောဂါကို ဖြစ်ပွားစေတတ်သည့် Mycobacterium tuberculosis ရောဂါပိုးကြောင့်ဖြစ်ပွားရသည်။ အဆုတ်တီဘီကဲ့သို့သော မူလတီဘီရောဂါဖြစ်ပွားနေသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းမှရောဂါပိုးများ သွေးကြောမှတစ်ဆင့် ကျောရိုးဆစ်များသို့ရောက်ရှိဖြစ်ပွားတတ်သည်။ ကျောရိုးတီဘီရောဂါရှင် 67 ရာခိုင်နှုန်းခန့်တွင် အဆုတ်တီဘီရောဂါနှင့် တွဲလျက်ရှိကြောင်းတွေ့ရှိရသည်။ အခြား Mycobacteria မျိုးစိတ်ဝင်ပိုးများကြောင့်ဖြစ်ပွားခြင်းမှာမူ အလွန်ရှားပါးသည်။
ရောဂါဖြစ်ပွားနိုင်ခြေရှိသည့် အကြောင်းများ
ရောဂါပိုမိုဖြစ်ပွားနိုင်ခြေရှိသည့်အကြောင်းများတွင် လူနေထူထပ်သည့်နေရာတွင် နေထိုင်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ကျန်းမာရေးဗဟုသုတမရှိခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အရက်စွဲနေခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ အခြားကိုယ်ခံအားချို့တဲ့သည့်အခြေအနေများရှိခြင်း (ရောဂါခုခံနိုင်စွမ်းကျဆင်းစေ သည့်ဆေးများသောက်သုံးနေရခြင်း၊ အိတ်ချ်အိုင်ဗွီ (HIV) ပိုးရှိခြင်း) စသည်တို့ ပါဝင်ပါသည်။
ရောဂါလက္ခဏာများ
ကျောရိုးတီဘီရောဂါ၏ အဖြစ်များဆုံးသောရောဂါလက္ခဏာတစ်ရပ်မှာ ခါးနာ၊ ကျောနာခြင်းဖြစ်ပြီး အနာပြင်းထန်မှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားလေ့ရှိသည်။ ချောင်းဆိုးခြင်း၊ အလေးအပင်မခြင်း၊ ခါးလှည့်ခြင်း တို့ပြုလုပ်ချိန်တွင် နာကျင်မှုပိုမိုဆိုးဝါးစေသည်။ နာတာရှည်ခါးနာခြင်းကို ကျောရိုးမတီဘီရောဂါဖြစ်ပွားသူ 61 ရာခိုင်နှုန်းတွင် တွေ့ရှိရတတ်သည်။ ရောဂါဖြစ်ပွားချိန်တွင် တီဘီရောဂါတို့၏ လက္ခဏာများဖြစ်သည့် မအီမသာဖြစ်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခံတွင်းပျက်ခြင်း၊ ညနေပိုင်းတွင် ငွေ့ငွေ့ ဖျားခြင်းနှင့် ခေါင်းချေွးပြန်ခြင်းတို့ကို ခံစားရတတ်ပါသည်။ ထို့ပြင် ကျောရိုးတောင့်ခြင်း၊ လှုပ်ရှားလျှင် ကျောနာ၊ ခါးနာခြင်းများလည်းဖြစ်ပေါ်တတ်ပြီး ရောဂါဖြစ်ပွားနေသည့်ကျောရိုးနေရာမှာ ရှေ့သို့ကိုင်းလာခြင်းတို့ကို ကြုံတွေ့ရတတ်ပါသည်။ ရောဂါဖြစ်ပွားနေသည့် ကျောရိုးဆစ်ဘေးတစ်ဖက်တစ်ချက်ရှိ ကြွက်သားများမှာ လည်း တောင့်တင်းနေပြီး ညအိပ်ချိန်တွင် အိပ်ရာမှလန့်နိုးသည်အထိ နာကျင်မှု (night cries) ကို ခံစားရလေ့ရှိသည်။ ကျောရိုးဆစ်တီဘီရောဂါ သက်သာသွားလျှင် လူနာသည် ကိုယ်အလေးချိန်ပြန်လည်မြင့် တက်လာပြီး ညနေဘက်ငွေ့ငွေ့ဖျားခြင်း၊ ခေါင်းချေွးပြန်ခြင်းတို့ မခံစားရတော့ဘဲ ကျောရိုးနာကျင်မှုမှာလည်း သက်သာလာသည်။ သို့ရာတွင် ရောဂါဖြစ်ချိန်တွင် ဖြစ်ပွားခဲ့သော ကျောရိုးပုံပျက်မှုမှာမူ တစ်သက်တာ ဒဏ်ရာအဖြစ်ကျန်ရစ်ခဲ့တော့သည်။ ကျောရိုးမကြီးမှဖြာထွက်သော အာရုံကြောငယ်များ၊ သွေကြော များဖြာထွက်သည့် လမ်းကြောင်းတစ်လျှောက် ကျောရိုးမကြီးနှင့် အလှမ်းကွာဝေးသောနေရာများတွင် တီဘီပြည်တည်နာများ၊ အနာပေါက်များ ဖြစ်ပေါ်နိုင်သည်။ တီဘီပြည်တည်နာမှာ အခြားပြည်တည်နာ တို့ကဲ့သို့ ပူ၊ နီ၊ နာ၊ ရောင်လက္ခဏာများ မရှိတတ်သောကြောင့် cold abscess (အအေးပြည်တည်နာ) ဟု တင်စားခေါ်ဝေါ်တတ်သည်။ ရှားပါးသော်လည်း တစ်ခါတရံတွင် အောက်ပိုင်းသေခြင်းသည် ဦးဆုံးရောဂါလက္ခဏာအဖြစ်တွေ့ရတတ်သည်။ ကျောရိုးမတီဘီရောဂါနှင့်ပတ်သက်၍ တိကျသောရောဂါလက္ခဏာများ မရှိတတ်သည့်အတွက် ရံဖန်ရံခါရောဂါအမည်မတပ်နိုင်ဘဲ ဖြစ်လေ့ရှိသည်။
ရောဂါနောက်ဆက်တွဲဆိုးကျိုးများ
အချိန်ကြာမြင့်သည်နှင့်အမျှ ခါးကုန်းခြင်း၊ ဘုသဖွယ်ခါးရိုးငေါထွက်ခြင်းနှင့် ရောဂါကြောင့် ခါးရိုးကျိုးခြင်းများဖြစ်ပေါ်နိုင်သည်။ အချိန်မီမကုသလျှင် ကျောရိုးပုံပျက်ရာမှ သက်ဆိုင်ရာ အာရုံကြောမကိုဖိမိပြီး အောက်ပိုင်းသေတတ်သည်။ ရောဂါဖြစ်သည့်ကျောရိုးဆစ်နေရာပေါ် မူတည်၍ တစ်ကိုယ်လုံးအကြောသေ မလှုပ်ရှားနိုင်သည်အထိလည်း ဖြစ်ပွားနိုင်သည်။ အောက်ပိုင်းသေခြင်း၏ အစောပိုင်းလက္ခဏာများအနေဖြင့် လက်များ၊ ခြေများနာကျင်ခြင်း၊ အားနည်းခြင်း၊ ထုံခြင်းတို့ကို စတင်ခံစားရလေ့ရှိသည်။ နောက်ဆက်တွဲအာရုံကြောထိခိုက်မိခြင်းကို ကျောရိုးတီဘီရောဂါရှင် 23 ရာခိုင်နှုန်းမှ 76 ရာခိုင်နှုန်းအထိ တွေ့ရသည်။ အာရုံကြော ထိခိုက်အောက်ပိုင်းသေခြင်းမှာ ရောဂါစတင်ဖြစ် ပွားချိန်မှ (2) နှစ်အတွင်း ဖြစ်ပွားလျှင် စောစီးစွာအောက်ပိုင်းသေသည့်အုပ်စုနှင့် ရောဂါနှောင်းပိုင်းအချိန် (2) နှစ် နှင့်အထက် နှစ်ပေါင်းများစွာကြာမြင့်မှ အောက်ပိုင်းသေသည့်အုပ်စုဟူ၍ 2 မျိုး ခွဲခြားထားသည်။
လည်ချောင်းပိုင်း (ဂုတ်ဘက်) တွင်ရှိသော ကျောရိုးဆစ်တွင် တီဘီပြည်တည်နာဖြစ်ပွားပါက လည်ချောင်းနောက်ဘက်တွင် ပြည်အိတ်ဖြစ်တည်၍ ရင်ခေါင်းပိုင်းသို့ စီးဆင်းရောက်ရှိရာမှ အစာမျိုရခက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသံပြောင်းခြင်းတို့ဖြစ်ပေါ်နိုင်သည်။ ရင်ခေါင်းပိုင်းကျောရိုးဆစ်တွင် တီဘီပြည်တည်နာဖြစ်ပွားလျှင် ကျောကုန်းဘက်တွင် ပြည်ဘုအလုံးထွက်လာတတ်သည်။ ခါးရိုးဆစ်ပိုင်းတွင် တီဘီပြည်တည်နာဖြစ်ပွားလျှင်မူ တင်ပါး၊ ပေါင်နှင့် ပေါင်ခြံတို့တွင် အလုံးထွက်လာနိုင်သည်။
ရောဂါသိရှိရန်အတွက် စမ်းသပ်စစ်ဆေးနည်းများ
(1) ဓာတ်မှန်ရိုက်ခြင်း (X-ray) - ရောဂါ၏အစောပိုင်းအဆင့်များတွင် ကျောရိုးတီဘီရောဂါဖြစ်ပွားမှုကို သိရှိနိုင်ရန်အတွက် များစွာအသုံးမဝင်သော်လည်း အဆုတ်တီဘီရောဂါတွဲလျက်ဖြစ်ပွားမှု ရှိ/မရှိနှင့် ကျောရိုးဆစ်တွင် ပျက်စီးနေမှုများကိုသိရှိနိုင်မည်ဖြစ်သည်။ တစ်ခါတရံတွင် ဘေးဘက်အသားတစ်သျှူးများတွင်ပြည်တည်နာများ ရှိ/မရှိကိုလည်း အရိပ်အဖြစ်မြင်တွေ့ရတတ်သည်။
(2) ကွန်ပျူတာနည်းပညာသုံးပုံရိပ်ဖော်စက် (CT) နှင့် သံလိုက်နည်းပညာသုံးပုံရိပ်ဖော်စက် (MRI) များသည် ကျောရိုးဆစ်တွင်ရောဂါဖြစ်ပွားပုံသာမက ဘေးနားရှိအသားတစ်သျှူးများတွင်း ပြည်တည်မှုနှင့် ရော ဂါဖြစ်ပွားမှု ရှိ/မရှိကိုပါ ကြည့်ရှုနိုင်ပါသည်။
(3) ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းအသုံးပြု၍ အရိုးပုံရိပ်ဖော်ခြင်း (Bone Scan) - အရိုးကင်ဆာရောဂါနှင့်ခွဲခြားနိုင်ရန် အသုံးပြုလေ့ရှိသည်။
(4) အသားစယူ၍ အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှုခြင်းနှင့် ပိုးမွေးခြင်း (Biopsy for Histologic Studies and Culture) - အသားစယူ၍ အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှုခြင်းနှင့် တီဘီရောဂါပိုးမွေးကြည့်ခြင်းသည် တီဘီရောဂါဖြစ်ပွားနေခြင်း ရှိ/မရှိကို သိရှိစေနိုင်သည့် အကောင်းဆုံးသော နည်းလမ်းတစ်ရပ်ဖြစ်သည်။ ရောဂါဖြစ်ပွားနေသည့်နေရာသို့ အပ်ဖြင့်ထိုးသွင်းပြီး ပုံရိပ်ဖော်နည်းပညာစက်ဖြင့်ကြည့်ရှုကာ ရောဂါဖြစ်နေသည့် ခါးရိုးဆစ် (သို့မဟုတ်) ပြည်တည်သည့်နေရာမှ အသားစယူခြင်း (Neuroimaging guided needle biopsy) ဖြင့် သော်လည်းကောင်း၊ လိုအပ်ပါက ကျောရိုးအားခွဲစိတ်၍ အသားစယူခြင်းဖြင့်သော်လည်းကောင်း လုပ်ဆောင်နိုင်သည်။ တစ်ခါတရံတီဘီရောဂါဖြစ်ပွားနေသော်လည်း ပိုးမတွေ့ခြင်း၊ ရောဂါဖြစ်ပွားနေသည့် ဆဲလ်မတွေ့ရှိခြင်းတို့လည်းဖြစ်နိုင်သည်။
(5) ဒီအင်န်အေဓာတ်ပြုမှုနည်းပညာအသုံးပြု၍ ပိုးရှာဖွေခြင်း (Polymerase Chain Reaction) - တီဘီပိုးမွေးခြင်း (Culture) မှာ 6 ပတ်မှ 8 ပတ်အထိ ကြာမြင့်တတ်သည့်အတွက် ပိုမိုတိကျမြန်ဆန်ကောင်းမွန်သည့် ဒီအင်န်အေဓာတ်ပြုမှုနည်းပညာအသုံးပြု၍ ပိုးရှာဖွေခြင်း (PCR) နည်းကို ယနေ့ခေတ်တွင် တွင်ကျယ်စွာအသုံးပြုကြသည်။
(6) အခြားအထောက်အကူပြုစစ်ဆေးနည်းများ - ကျောရိုးမတီဘီရောဂါရှင်များတွင် သွေးဖြူဥ အရေအတွက်ပုံမှန်ဖြစ်နေသော်လည်း သွေးနီဥအနည်ထိုင်နှုန်း (Erythrocyte Sedimentation Rate or ESR) သည် လွန်စွာမြင့်မားနေလေ့ရှိသည်။ အခြားဘက်တီးရီးယားပိုးမွှားများကြောင့်ဖြစ်သော ကူးစက်ရောဂါများတွင်မူ ESR နှင့်အတူ သွေးဖြူဥအရေအတွက်ပါ မြင့်တက်နေလေ့ရှိသည်။
ရောဂါကုသပုံ
အရေးကြီးသည့်အချက်မှာ ရောဂါရှိမှန်းသိလျှင်သိချင်း သတ်မှတ်ထားသော တီဘီဆေးကုထုံးကို အမြန်ဆုံးသောက်သုံးရန်ဖြစ်သည်။ ပုံမှန်တီဘီဆေးကုထုံးမှာခြောက်လဖြစ်သော်လည်း ကျောရိုးမတီဘီရောဂါ တွင် နောက်ဆက်တွဲ ဆိုးကျိုးများ ပြင်းထန်နိုင်သည့်အတွက် ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ တီဘီဆေးပေါင်းအား ကိုးလသောက်သုံးရန် တိုက်တွန်းထားပါသည်။ လုံလောက်သော တီဘီဆေးကုထုံးကိုခံယူလျှင် ကျောရိုးပုံပျက်မှုနှင့် အာရုံကြောပျက်စီးမှုကိုလည်း သက်သာစေသည့်အတွက် တီဘီဆေးသောက်ခြင်းမှာအကောင်းဆုံးသော ကုထုံးအဖြစ်ရပ်တည်ဆဲဖြစ်သည်။ အခြားတီဘီရောဂါများကဲ့သို့ပင် တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကု (DOTS) နည်းလမ်းကို အသုံးပြုရန်လိုအပ်ပါသည်။
ကျောရိုးပုံပျက်မှုကြီးမားခြင်း၊ ကျောရိုးအဆစ် တစ်ဆစ်လုံးပျက်စီးခြင်း၊ အာရုံကြောပျက်စီးမှု ပိုမိုဆိုးဝါးလာခြင်းနှင့် ရောဂါမသက်သာခြင်းတို့ဖြစ်ပေါ်လျှင် ကျောရိုးအားခွဲစိတ်ကုသရန် လိုအပ်မည်ဖြစ်ပြီး ခွဲစိတ်ရာတွင်လည်း ရောဂါဖြစ်ပွားနေသည့် အစိတ်အပိုင်းများကို သန့်စင်ဖယ်ရှားခြင်းနှင့် လိုအပ်ပါက ကျောရိုး ကို ထိန်းညှိခြင်း၊ အချို့အရိုးအစိတ်အပိုင်းများအစားထိုးခြင်းတို့ကို ပြုလုပ်ရတတ်သည်။ သို့ရာတွင် ခွဲစိတ်ကုသမှုမှာ ရောဂါလက္ခဏာကိုသက်သာပျောက်ကင်းစေရန် အထောက်အကူပြုကုသမှုသာဖြစ်သည့် အတွက် မှန်ကန်သည့်ကုထုံးဖြင့် တီဘီဆေးတိုက်ကျေွးခြင်းသည်သာ ရောဂါကိုအဓိကကုသနိုင်မည်ဖြစ်သည်။
Dr. Thanda Lin






























