ခုခံအားကျဆင်းသည့်ရောဂါ (AIDS)
AIDS ဟာ Human Immuno deficiency Virus (HIV) ဗိုင်းရပ်ကြောင့် ဖြစ်သောနာတာရှည် ခုခံအားကျဆင်းသောရောဂါဖြစ်ပါတယ်။ HIV ဗိုင်းရပ်ဟာ လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး ရောဂါပိုး ရှိသူ၏သွေးကိုထိတွေ့ခြင်းဖြင့်လည်းကောင်း၊ ရောဂါရှိသောမိခင်မှ ကလေးသို့လည်းကောင်း ကူးစက်နိုင်ပါတယ်။
ယခုအချိန်အထိ AIDS ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သော ဆေးမရှိပါ။
ဖြစ်ပွားရသည့် အကြောင်းရင်းခံများ
HIV ဗိုင်းရပ်နှင့် ဆင်တူသောဗိုင်းရပ်စ်ကို အာဖရိကတိုက်ရှိမျောက်များတွင် စတင်တွေ့ရှိခဲ့ပြီး ထိုမျောက်များကို စားသုံးခြင်းမှတဆင့် လူသို့ကူးစက်လာခြင်းဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ကြပါတယ်။
HIV ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်တွင်းရှိ သွေးဖြူ CD4 ကို ဖျက်ဆီးပစ်ပြီး ခုခံအားစနစ်ကို ထိခိုက်စေပါတယ်။ CD4 ပမာဏများ လျော့နည်းသွားတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ခုခံအားလည်း ပိုမိုကျဆင်းလာပါတယ်။
CD4 ပမာဏ 200 အောက် ကျဆင်းလာသောအခါ ခန္ဓာကိုယ်တွင် ခုခံအားကျဆင်းမှုရောဂါရဲ့ လက္ခဏာများ စတင်ပေါ်လာသည့်အပြင် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ စတာတွေကိုခံစားလာရပါတယ်။
ကူးစက်ပုံ
အောက်ပါနည်းလမ်းများဖြင့် HIV ပိုးကူးစက်နိုင်ပါတယ်။
- ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း
- သွေးသွင်းခြင်း
- ရောဂါပိုးရှိသူနှင့် ဆေးထိုးအပ်မျှေ၀သုံးစွဲခြင်း
- ရောဂါပိုးရှိသော မိခင်မှ ကလေးသို့ကူးစက်ခြင်း
- အကာအကွယ်မပါဘဲ လိင်ဆက်ဆံသူများ
- အခြားသောလိင်မှတဆင့် ကူးစက်သောရောဂါရှိသူများ
- မူးယစ်ဆေးဝါးသုံးစွဲသူများ
- လိင်တံထိပ်ရှိအရေပြား မဖြတ်ထားသူများတွင် HIV ပိုးကူးစက်ခံရနှုန်း ပိုများပါတယ်။
ရောဂါလက္ခဏာများ
ကူးစက်ခံရမှု အဆင့်ပေါ်မူတည်ပြီး ရောဂါလက္ခဏာကွဲပြားနိုင်ပါတယ်။
ရောဂါပိုး၀င်ရောက်ချိန်မှစပြီး တစ်လ၊ နှစ်လအတွင်း အောက်ပါလက္ခဏာများကို ခံစားရလေ့ရှိပါတယ်။
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- အနီစက်ကွက်ခြင်း
- ကြွက်သားနာကျင်ခြင်း
- ချမ်းစိမ့် ချမ်းစိမ့် ဖြစ်ခြင်း
- လည်ချောင်းနာခြင်း
- ပါးစပ်နှင့် မျိုးပွားအင်္ဂါများတွင် အနာဖြစ်ခြင်း
- ပြန်ရည်ကြောဂလန်းများကြီးလာခြင်း
- အဆစ်အမြစ် နာကျင်ခြင်း
- ညဘက်ချေွးထွက်ခြင်း
- ၀မ်းလျှောခြင်း
HIV ပိုး၀င်ရောက်ပြီး မကုသဘဲထားပါက ဆယ်နှစ်အတွင်း ခုခံအားကျဆင်းမှုရောဂါ (AIDS) ရောဂါဖြစ်ပါက ခုခံအားကျဆင်းပြီး အခြားသောရောဂါပိုးများ၀င်ရောက်လာနိုင်ပါတယ်။
ရောဂါပိုးများ၀င်ရောက်လာပါက အောက်ပါလက္ခဏာများကို ခံစားရလေ့ရှိပါတယ်။
- ညဘက်တွင် ချေွးအလွန်အပင်းထွက်ခြင်း
- အဖျား 100.F ထက်ရှိခြင်း၊ ချမ်းတုန်ဖျားခြင်း
- ချောင်းဆိုးခြင်း
- အသက်ရှူမ၀ခြင်း
- တစ်လထက်ပို၍ ၀မ်းလျှောခြင်း
- ပါးစပ်တွင် မှဲ့ခရုများပေါက်ခြင်း
- ခေါင်းကိုက်ခြင်း
- အမြဲတမ်း နုံ့ခွေခြင်း
- အမြင်မှုန်ဝါးခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- အနီစက်ထွက်ခြင်း
စစ်ဆေးခြင်း
HIV ပိုးကူးစက်ခံရကြောင်းကို သွေးစစ်ခြင်းဖြင့်လည်းကောင်း၊ တံတွေးကိုစစ်ဆေးခြင်းဖြင့်လည်းကောင်း သိနိုင်ပါတယ်။
- ရောဂါကူးစက်မှု၏ အဆင့်များကို CD4 ပမာဏကို စစ်ဆေးခြင်းဖြင့်လည်းကောင်း
- ဗိုင်းရပ်စ် ပမာဏကို စစ်ဆေးခြင်းဖြင့်လည်းကောင်း သိနိုင်ပါတယ်။
နောက်ဆက်တွဲရောဂါများဖြစ်တဲ့ -
- တီဘီရောဂါ
- အသဲရောင်ခြင်း
- အသဲနှင့်ကျောက်ကပ်ပျက်ဆီးခြင်း
- ဆီးလမ်းကြောင်းထဲပိုး၀င်ခြင်း စတာတွေကိုပါ စစ်ဆေးဖို့လိုအပ်ပါတယ်။
Dr. Htet Htet Aung






























