/
news/ကျန်းမာရေး-z/ခေါင်းတစ်ခြမ်းကိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်း

Category
ကျန်းမာရေး (A-Z)

         ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ ဦးခေါင်းတစ်ခြမ်းတည်းမှာပဲ ပြင်းထန်စွာတစ်စစ်စစ်ကိုက်ခြင်း (သို့) ဒိန်းဒိန်းခံစားရခြင်းဖြစ်ပြီး အများအားဖြင့် ပျို့ခြင်း၊ အန်ခြင်း၊ အလင်းရောင်နှင့် အသံများကို မခံနိုင်ခြင်းတွေပါ တွဲဖြစ်လေ့ရှိပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းက အလွန်ပြင်းထန်ပြီး နာရီတော်တော်ကြာကြာမှ ရက်အတော်ကြာအထိကြာရှည်ပါတယ်။ ခေါင်းမကိုက်ခင် (သို့) ခေါင်းကိုက်နေစဉ်အတွင်းမှာ ရှေ့ပြေးအနေနဲ့ အလင်းတန်းများမြင်ရခြင်း၊ မျက်နှာတစ်ခြမ်း (သို့) ခြေလက်များထုံကြဉ်ခြင်းများ ခံစားရလေ့ရှိပါတယ်။ ဆေးသောက်လိုက်ခြင်းဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ အိမ်တွင်းကုထုံးများ၊ နေထိုင်မှုပုံစံအပြောင်းအလဲများနဲ့အတူ မှန်ကန်တဲ့ဆေးတွေသောက်မယ် ဆိုရင် ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

ရောဂါလက္ခဏာများ

          ကလေး၊ ဆယ်ကျော်သက်အရွယ်နဲ့ ကြီးကောင်ဝင်စအရွယ်တွေကတည်းကစပြီး ခေါင်းတခြမ်း ကိုက်ခြင်းစတင်ဖြစ်လေ့ရှိပါတယ်။ အကြိုအဆင့်၊ ရှေ့ပြေးလက္ခဏာများ၊ ခေါင်းကိုက်ခြင်း၊ နောက်ဆက်တွဲ အဆင့်ဆိုပြီး ရောဂါအဆင့် 4 ဆင့်ရှိပါတယ်။ ဒီအဆင့် 4 ဆင့်လုံးကို ကြုံတွေ့ရမယ်လို့မဆိုလိုပါဘူး။

1. အကြိုအဆင့်

          ခေါင်းတစ်ခြမ်းမကိုက်မီ 1 ရက် 2 ရက်အလိုမှာ ခေါင်းကိုက်တော့မယ်ဆိုတာကိုပြတဲ့ အောက်ပါ လက္ခဏာလေးတွေကိုမသိမသာ ပြနိုင်ပါတယ်။  

- ဝမ်းချုပ်ခြင်း

- စိတ်အတက်အကျမြန်ခြင်း ( စိတ်ကျလိုက်၊ စိတ်ကြွလိုက်)

- အစာစားတဲ့ အာသီသများခြင်း

- လည်ပင်းတောင့်ခြင်း

- ရေငတ်လွန်ခြင်း၊ ဆီးသွားများခြင်း

- မကြာခဏသမ်းခြင်း

2. ရှေ့ပြေးလက္ခဏာများ (အာရုံကြောစနစ်နှင့်ဆိုင်သော ရောဂါလက္ခဏာများ)

          ခေါင်းတခြမ်းမကိုက်မီနှင့် ခေါင်းကိုက်နေစဉ်အတွင်းမှာ အာရုံကြောနဲ့ဆိုင်တဲ့လက္ခဏာတွေပါ ကြုံတွေ့ကြရပါတယ်။ အများစုကတော့ ဒီလက္ခဏာတွေမခံစားရတတ်ပါဘူး။ ဒီလက္ခဏာတွေကတော့ အလင်းတန်းများမြင်ရခြင်း၊ အမြင်အာရုံဝါးခြင်း စသော အမြင်အာရုံဆိုင်ရာ အနှောင့်အယှက်များဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အာ၁ရုံခံစားမှု၊ လှုပ်ရှားမှု၊ စကားပြောနိုင်စွမ်းနဲ့ဆိုင်တဲ့ လက္ခဏာတွေပါ ကြုံတွေ့ရတတ်ပါတယ်။ ဒီရောဂါလက္ခဏာတွေက ဖြည်းဖြည်းချင်းပေါ်လာပြီးတော့ မိနစ် 20 မှ 60 လောက်အထိ ကြာရှည်ပါတယ်။

- အမြင်အာရုံအနှောင့်အယှက်များ (ပုံစံအမျိုးမျိုးမြင်ရခြင်း၊ အလင်းတန်းများမြင်ရခြင်း၊ အမည်းစက်များမြင်ရခြင်း၊ ကြယ်လမြင်ရခြင်း)

- အမြင်အာရုံဆုံးရှုံးခြင်း

- ခြေ၊ လက်များတွင် အပ်နှင့်ထိုးသလို တစ်စစ်စစ်ခံစားရခြင်း

- မျက်နှာ (သို့) ခန္ဓာကိုယ်တစ်ခြမ်း အားနည်းခြင်း၊ ထုံကြဉ်ခြင်း

- စကားပြောရခက်ခဲခြင်း

- ဆူညံသံများ၊ ဂီတသံများ ကြားယောင်ခြင်း

- ခန္ဓာကိုယ်လှုပ်ရှားမှုများထိန်းရခက်ခြင်း

3. ခေါင်းတစ်ခြမ်းကိုက်ခြင်း

         မကုသဘဲထားရင် ခေါင်းတစ်ခြမ်းကိုက်တာက 4 နာရီမှ 72 နာရီအထိကြာနိုင်ပါတယ်။ တချို့မှာ တစ်ခါတစ်ရံမှသာဖြစ်ပြီး တစ်ချို့မှာတော့ တစ်လကိုအကြိမ်များစွာကိုက်လေ့ရှိပါတယ်။ ခေါင်းကိုက်နေစဉ် အတွင်း အောက်ပါလက္ခဏာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

- ခေါင်းတစ်ခြမ်း (သို့) နှစ်ခြမ်းလုံးကိုက်ခြင်း

- ခေါင်းတစ်စစ်စစ်ကိုက်ခြင်း (သို့) ခေါင်းတွင် တဒိန်းဒိန်းခံစားရခြင်း

- အလင်း၊ အသံ၊ အန့ံနှင့် အခြားအထိအတွေ့များကို မခံနိုင်ခြင်း

- ပျို့ခြင်း၊ အန်ခြင်း

- အမြင်အာရုံဝေဝါးခြင်း

- မိုက်ခနဲဖြစ်ခြင်း

4. နောက်ဆက်တွဲအဆင့်

        ခေါင်းတစ်ခြမ်းကိုက်ပြီး 24 နာရီခန့်အကြာအထိ အောက်ပါလက္ခဏာတွေကျန်ခဲ့နိုင်ပါတယ်။

- စိတ်ရှုပ်ထွေးခြင်း

- မူးဝေခြင်း

- အားနည်းခြင်း

- အလင်းနှင့် အသံများကို မခံနိုင်ခြင်း

ခေါင်းတစ်ခြမ်းကိုက်စေသောအကြောင်းအရင်းများ

        ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်စေတဲ့အကြောင်းအရင်းတွေကို အတိအကျမသိပေမယ့် မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေက အဓိကအကြောင်းအရာတွေဖြစ်ပါတယ်။ ဦးနှောက်အခြေမှာပြောင်းလဲမှုတွေနဲ့ အာရုံကြောပြဿနာများ၊ ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းမညီမျှမှုများကြောင့် ခေါင်းတစ်ခြမ်းကိုက်ရပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုဆိုးစေသောအရာများ

1. ဟော်မုန်းအပြောင်းအလဲ (အမျိုးသမီးများတွင်)

        အီစရိုဂျင်အတက်အကျကြောင့် အမျိုးသမီးတွေမျာ ခေါင်းကိုက်ခြင်းပိုဆိုးစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်လေ့ရှိတဲ့အမျိုးသမီးတွေမှာ ရာသီမလာမီ၊ ရာသီလာနေစဉ်၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ သွေးဆုံးပြီးချိန်တွေ မှာ ခေါင်းကိုက်လေ့ရှိကြပါတယ်။ သနေ္ဓတားဆေးသောက်ဆေးများ၊ ဟော်မုန်းအစားထိုး ကုထုံးများကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုဆိုးစေပါတယ်။

2. အစားအစာများ

        နှစ်ချို့ဒိန်ခဲများ၊ ငန်သောအစားအစာများ၊ ပြုပြင်ထားသောအသားများကလည်း ပိုဆိုးစေနိုင်ပါတယ်။ အစာမစားခြင်းနဲ့ ထမင်းနပ်မှန်အောင်မစားခြင်းများကြောင့်လည်း ခေါင်းပိုကိုက်စေပါတယ်။

အစားအစာအချို့တွင်ပါဝင်သော အချိုခဲ၊ အချိုမှုန့် ကဲ့သို့သော အရသာရှိအောင်ဖြည့်စွက်ထားတဲ့အရာများကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းပိုဆိုးစေပါတယ်။

3. အဖျော်ယမကာများ

        အရက် (အထူးသဖြင့် ဝိုင်)၊ ကဖင်းဓာတ်မြင့်မားစွာပါဝင်သောဖျော်ရည်များ

4. စိတ်ဖိစီးမှု

        အိမ်၊အလုပ်မှာ ကြုံတွေ့ရတဲ့စိတ်ဖိစီးမှုတွေကြောင့်လည်း ခေါင်းကိုက်စေပါတယ်။

5. အာရုံလှုံ့ဆော်မှုများ

        အလင်းစူးစူးများ၊ နေရောင်ထိုးခြင်း၊ ဆူညံသောအသံများ၊ အနံ့ပြင်းပြင်း၊ ရေမွှေး၊ တာပင်တိုင်၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူခြင်း စတာတွေကလည်း ခေါင်းတခြမ်းကိုက်ခြင်းကို ပိုဆိုးစေပါတယ်။

6. အိပ်ချိန်နေ့ညလွဲခြင်း

7. ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများ

8. ပတ်ဝန်းကျင်အပြောင်းအလဲ

        ရာသီဥတု၊ လေဖိအားပြောင်းလဲခြင်း

9. ဆေးဝါးများ

        သနေ္ဓတားဆေးသောက်ဆေးများ၊ သွေးကြောကျယ်ဆေးများ

အဖြစ်များသောအချက်များ

1. မိသားစုရာဇဝင် - မျိုးရိုးထဲမှာ ခေါင်းတခြမ်းကိုက်တဲ့ရာဇဝင်ရှိခြင်း

2. အသက် - ဘယ်အသက်အရွယ်မှာမဆိုဖြစ်နိုင်ပေမယ့် ဆယ်ကျော်သက်အရွယ်မှာ စပြီးဖြစ်နိုင်ပါတယ်။ အသက်သုံးဆယ်အရွယ်မှာ ခေါင်းကိုက်တာအဆိုးဆုံးဖြစ်ပြီး နောက်ပိုင်းမှာတော့ ဖြည်းဖြည်းချင်း သက်သာပြီးလျော့နည်းလာနိုင်ပါတယ်။

3. လိင် - အမျိုးသမီးတွေမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်နိုင်ချေ 3 ဆပိုများပါတယ်။ ဆယ်ကျော်သက်အရွယ်မှာဆိုရင် ကောင်လေးတွေမှာအဖြစ်များပြီး နောက်ပိုင်းမှာတော့ မိန်းကလေးတွေမှာအဖြစ်များပါတယ်။

4. ဟော်မုန်းအပြောင်းအလဲ - ရာသီမလာမီ၊ ရာသီလာနေစဉ်၊ ကိုယ်ဝန်ဆောင်စဉ်၊ သွေးဆုံးချိန်စတဲ့ဟော်မုန််းပြောင်းလဲတဲ့အချိန်တွေမှာ အဖြစ်များပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

        တစ်ခါတစ်ရံမှာ ခေါင်းကိုက်တာကို သက်သာအောင်လုပ်တာတွေကြောင့် ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

ဝမ်းဗိုက်ပြဿနာများ - Ibuprofen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးတွေကို အများကြီးနဲ့ အချိန်အကြာကြီးဆွဲသောက်ရင် ဗိုက်အောင့်ခြင်း၊ အစာအိမ်သွေးယိုခြင်း၊ အစာအိမ်အနာဖြစ်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။

ဆေးအလွန်အကျွံသောက်ခြင်းကြောင့်ခေါင်းကိုက်ခြင်း - အကိုက်အခဲပျောက်ဆေးတွေကို တစ်လ 10 ရက်ထက်ပိုသောက်ပြီး 3 လကြာအောင်သောက်ခြင်း၊ ဆေးသောက်များခြင်းတွေကြောင့်လည်း ခေါင်းကိုက်စေပါတယ်။

Serotonin syndrome - အာရုံကြောစနစ်တွင်ပါဝင်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ serotonin ဆိုတဲ့ ဓာတ်တစ်မျိုးများတဲ့ရောဂါဖြစ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ရှားပါးရောဂါတစ်မျိုးဖြစ်ပါတယ်။

နာတာရှည်ခေါင်းတစ်ခြမ်းကိုက်ခြင်း - တစ်လလျှင် 15 ရက်နှင့်အထက်၊ 3 လအကြာခေါင်းကိုက်ခြင်းကို နာတာရှည်ခေါင်းကိုက်ခြင်းဟုခေါ်ပါတယ်။

Status migrainosus - 3 ရက်ထက်ပိုပြီး ပြင်းထန်စွာခေါင်းတစ်ခြမ်းကိုက်ခြင်း

အာရုံကြောပြဿနာများဆက်ဖြစ်နေခြင်း - အာရုံကြောပြဿနာတွေက ခေါင်းတစ်ခြမ်းကိုက်ပြီးနောက်မှာ ပြန်ပျောက်မသွားဘဲ တစ်ပတ်ထက်ပိုပြီးကြာနေခြင်း။

ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့် ဦးနှောက်တစ်သျှူးပုတ်ခြင်း - အာရုံကြောလက္ခဏာတွေက တစ်နာရီထက်ပိုပြီးကြာသွားရင် ဦးနှောက်နေရာကို သွေးထောက်ပံ့မှုဆုံးရှုံးစေနိုင်ပါတယ်။

ရောဂါဖော်ထုတ်ခြင်း

သွေးစစ်ခြင်း - သွေးကြောပြဿနာများ၊ ဦးနှောက်ပိုးဝင်ခြင်း၊ အဆိပ်သင့်ခြင်းများကို ဆန်းစစ်နိုင်ပါတယ်။

သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) - ဦးနှောက်နှင့် သွေးကြောတွေရဲ့ ပုံရိပ်တွေကို ကြည့်နိုင်ပြီး ကင်ဆာ၊ လေဖြတ်ခြင်း၊ သွေးယိုစီးခြင်း၊ ပိုးဝင်ခြင်း နဲ့ အခြားအခြေအနေတွေကို ကြည့်နိုင်ပါတယ်။

ကွန်ပျူတာဓာတ်မှန် (CT)

ခါးရိုးချဉ်ဆီဖောက်စစ်ခြင်း - ရောဂါပိုးဝင်ခြင်း၊ ဦးနှောက်အတွင်းသွေးစီးခြင်းတွေကို သံသယရှိရင် ခါးရိုးချဉ်ဆီဖောက်စစ်လေ့ရှိပါတယ်။

ကုထုံးများ

        ကုထုံးတွေက ရောဂါလက္ခဏာတွေကို သက်သာစေနိုင်သလို နောက်ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အသုံးပြုလေ့ရှိတဲ့ဆေးတွေကတော့ Aspirin ၊ ibuprofen ၊ Acetaminophen ၊ Indomethacin ၊ Triptans ၊ Ergotamine စတဲ့ဆေးဝါးတွေဖြစ်ပါတယ်။

အိမ်တွင်းကုထုံးများ

- အကြောလျှော့လေ့ကျင့်ခန်းများ၊ ယောဂကျင့်စဉ်များ၊ တရားထိုင်ခြင်း

- အိပ်ချိန်လုံလောက်ပါစေ၊ သို့သော် အအိပ်မလွန်ပါစေနှင့်၊ အချိန်မှန်မှန်အိပ်အချိန်မှန်မှန်ထပါ။

- အနားယူပါ၊ ခေါင်းကိုက်လျှင် မှောင်ပြီး တိတ်ဆိတ်သောအခန်းထဲတွင် အနားယူပါ။ ဇက်ကြောကို ရေခဲဝတ် 2 မိနစ်လောက် တင်ပေးပါ။ ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးပါ။

- ခေါင်းကိုက်ပိုဆိုးစေတဲ့အရာတွေနဲ့ သက်သာစေတဲ့အရာတွေကို သေချာမှတ်ထားပါ။

ကာကွယ်ရန်နည်းလမ်းများ

- ခေါင်းကိုက်ပိုဆိုးစေသောအရာများကို ကျင့်သားရအောင်လေ့ကျင့်ခြင်း

- အိပ်ချိန်ပုံမှန်ထားရှိခြင်း

- လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

 သွေးပူလေ့ကျင့်ခန်းလုပ်ပြီးမှ ဖြည်းဖြည်းချင်းစပြီးလေ့ကျင့်ခန်းလုပ်ပါ။ တန်းပြီး ပြင်းပြင်းထန်ထန်လုပ်လိုက်ရင်လည်း ခေါင်းကိုက်စေနိုင်ပါတယ်။

- အီစရိုဂျင်ဟော်မုန်းပါဝင်တဲ့ဆေးတွေကြောင့်ခေါင်းပိုကိုက်တတ်ရင် ဒီဆေးတွေကို ရပ်လိုက်ပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး အခြားနည်းလမ်းသုံးပါ။

Dr. Mya Myo Myo Swe

www.drmyanmar.com