ခြေလက်အရွတ်ကြောအကျိတ် (Ganglion Cyst)
အရွတ်ကြောအကျိတ်ဟာ ကင်ဆာကျိတ်မဟုတ်ဘဲ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်၊ လက်နဲ့ ခြေထောက်အရွတ် (သို့) အဆစ်တွေမှာဖြစ်လေ့ရှိပါတယ်။ အဝိုင်း (သို့) ဘဲဥပုံသဏ္႑ာန်ရှိပြီး အရည်တွေ ပြည့်နှက်နေပါတယ်။
သေးငယ်တဲ့အကျိတ်တွေဟာ ပဲစေ့အရွယ်အစားခန့်ရှိပြီး အကျိတ်အလုံးကြီးတွေကတော့ အချင်း 2.5 စင်တီမီတာခန့်ရှိပါတယ်။ အရွတ်ကြောအကျိတ်တွေဟာ အနီးနားမှာရှိတဲ့ အာရုံကြောတွေကိုဖိမိပါက နာကျင်မှုကိုခံစားရနိုင်စေပြီး အဆစ်တွေရဲ့လှုပ်ရှားမှုကိုလည်း အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။
ဘာရောဂါလက္ခဏာမျှမရှိပါက ကုသရန်မလိုအပ်သော်လည်း ပြဿနာတစ်စုံတစ်ရာရှိပါက အကျိတ်အတွင်းမှအရည်တွေကို အပ်ဖြင့်စုတ်ထုတ်ခြင်း (သို့) ခွဲစိတ်၍ဖယ်ရှားခြင်း ပြုလုပ်ရန်ဆရာဝန်မှညွှန်ကြားပါလိမ့်မယ်။ အများအားဖြင့် ၎င်းအကျိတ်တွေဟာ အလိုအလျောက်ပျောက်ကင်းသွားတတ်ပါတယ်။
ရောဂါလက္ခဏာများ
တည်နေရာ - ဖြစ်လေ့အများဆုံးနေရာကတော့ လက်ကောက်ဝတ်နဲ့ လက်ရဲ့အရွတ် (သို့) အဆစ်တစ်လျောက်ဖြစ်ပြီး ဒုတိယအဖြစ်အများဆုံးကတော့ ခြေကျင်းဝတ်နဲ့ ခြေထောက်မှာဖြစ်ပါတယ်။ အခြားအဆစ်အနီးအနားတစ်ဝိုက်မှာလည်း ဖြစ်လေ့ရှိပါတယ်။
ပုံပန်းသဏ္႑ာန်နှင့် အရွယ်အစား - အဝိုင်း (သို့) ဘဲဥပုံသဏ္႑ာန်ရှိ၍ အချင်း 2.5 စင်တီမီတာထက် သေးငယ်လေ့ရှိပါတယ်။ အချို့မှာမူ သေးလွန်း၍စမ်းလို့ပင်မမိပေ။ အရွယ်ကြောအကျိတ်များရဲ့ အရွယ်အစားဟာပြောင်းလဲနေလေ့ရှိပြီး လှုပ်ရှားမှုများတဲ့ အဆစ်နားမှာဆိုပါက ကြီးလာနိုင်ပါတယ်။
နာကျင်ခြင်း - ပုံမှန်အားဖြင့် နာကျင်ခြင်းမရှိသော်လည်း အာရုံကြောကိုဖိမိပါက နာကျင်ခြင်း၊ ထုံခြင်း၊ ကျင်ခြင်းနဲ့ ကြွက်သားအားနည်းခြင်းတို့ကို ခံစားရစေနိုင်ပါတယ်။
အကြောင်းအရင်းများ
ဖြစ်ပေါ်စေနိုင်တဲ့အကြောင်းအရင်းကို ယခုအချိန်ထိတိတိကျကျ မသိနိုင်သေးပေ။ ၎င်းအကျိတ်များသည် အဆစ် (သို့) အရွတ်ရဲ့အမြှေးပါးမှာဖြစ်လေ့ရှိပြီး အညှာရှိတဲ့ရေဘောလုံးအသေးစားတစ်လုံးနဲ့ အလားသဏ္႑ာန်တူပါတယ်။ ထို့ပြင် အဆစ်နဲ့ အရွတ်ကြောနားမှာရှိတဲ့ တစ်သျှူးတွေဖောင်းထွက်လာခြင်းလို့လဲ အထင်ရှိစေပါတယ်။ အကျိတ်အတွင်းမှာရှိတဲ့ အရည်ဟာဆိုရင် အဆစ်နဲ့ အရွတ်နားတစ်ဝိုက်မှာရှိတဲ့ ချောဆီရည်ပျစ်ပျစ်တွေနဲ့ အတူတူပဲဖြစ်ပါတယ်။
ခြေလက်အရွတ်ကြောအကျိတ်ဖြစ်ပွားနှုန်းမြင့်တက်စေတဲ့အချက်များ
ကျား/မနှင့် အသက်အရွယ် - အရွယ်ကြောအကျိတ်သည် မည်သူ့ထံတွင်မဆိုဖြစ်နိုင်သော်လည်း အသက် 20 နဲ့ 40 ကြား အမျိုးသမီးများတွင် အဖြစ်များပါတယ်။
အရိုးအဆစ်ရောင်ခြင်း - လက်သည်းခွံနားမှာရှိတဲ့ လက်ဆစ်တွေရောင်တဲ့ရောဂါရှိသူတွေမှာ ၎င်းနေရာတစ်ဝိုက်တွင် အရွတ်ကြောအကျိတ်များဖြစ်နိုင်ပါတယ်။
အဆစ် (သို့) အရွတ် ထိခိုက်မိခြင်း - ထိခိုက်ဒဏ်ရာရဖူးတဲ့အဆစ်တွေ၊ အရွတ်တွေမှာ အကျိတ်ဖြစ်နိုင်ချေပိုမိုများပြားပါတယ်။
ရောဂါရှာဖွေခြင်း
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးနေစဉ်အတွင်း နာကျင်ခြင်းရှိ/မရှိကို သိစေရန် ထိုအကျိတ်ကိုဖိကြည့်ခြင်း၊ အရည်ကျိတ် ဟုတ်/မဟုတ် ခွဲခြားဖို့ ဓာတ်မီးဖြင့်ထိုးကြည့်ခြင်း စတာတွေကို ဆရာဝန်မှလုပ်ဆောင်မှာ ဖြစ်ပါတယ်။
ထို့ပြင် အဆစ်ရောင်ခြင်း ဟုတ်/မဟုတ် ကင်ဆာကျိတ် ဟုတ်/မဟုတ် သိရှိစေရန် ဓာတ်မှန်အမျိုးမျိုးကိုရိုက်ကြည့်ဖို့ ဆရာဝန်မှညွှန်ကြားပါလိမ့်မယ်။ သံလိုက်လှိုင်းဓာတ်မှန်နဲ့ တယ်လီဗီးရှင်းဓာတ်မှန်တို့သည် မြင်တွေ့ရန်ခက်ခဲတဲ့အကျိတ်များရဲ့ ပုံရိပ်ကိုပင် ဖမ်းယူနိုင်စွမ်းရှိကြပါတယ်။
အရွတ်ကြောအကျိတ် ဟုတ်/မဟုတ် အတည်ပြုရန် ဆေးထိုးအပ်ကိုထိုးထည့်၍ အကျိတ်အတွင်းရှိအရည်များကို စုတ်ထုတ်ကြည့်ခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အရည်သည်ပျစ်၍ ကြည်နေမှာ ဖြစ်ပါတယ်။
ကုသရန်နည်းလမ်းများ
နာကျင်ခြင်းမရှိပါက ကုသမှုခံယူရန်လည်းမလိုအပ်ပါ။ အကယ်၍ အဆစ်လှုပ်ရှားမှုများကို အနှောက်အယှက်ဖြစ်လာပါက ဆရာဝန်မှအောက်ပါတို့ကို ပြုလုပ်ရန်အကြံပေးပါလိမ့်မယ်။
အနာသက်သာစေရန်ဆေးသောက်ခြင်း - နာကျင်ခြင်းကိုသက်သာစေရန် ဆရာ၀န်ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေး သောက်သုံးပါ။
လှုပ်ရှားမှုကိုလျှော့ချခြင်း - အကျိတ်အရွယ်အစားသည် လှုပ်ရှားမှုကြောင့် ကြီးလာနိုင်သဖြင့် လှုပ်ရှားမှုကို ထိန်းချုပ်ရန်ကျောက်ပတ်တီးစီးထားနိုင်ပါတယ်။ အကျိတ်အရွယ်အစားပြန်လည်သေးငယ်သွားပါက အာရုံကြောပေါ်တွင် ဖိထားသော ဖိအားလျော့သွားတာကြောင့် နာကျင်ခြင်းဝေဒနာလည်းသက်သာသွားမည်ဖြစ်ပါတယ်။ အနီးအနားမှကြွက်သားများ အားနည်းသွားနိုင်တာကြောင့် ရေရှည်ကျောက်ပတ်တီးစီးခြင်းကိုမူ ရှောင်ကြဉ်သင့်ပါတယ်။
အရည်စုတ်ထုတ်ခြင်း - အပ်ဖြင့်အကျိတ်အတွင်းမှအရည်ကို စုတ်ထုတ်ပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပြီး ပြန်ဖြစ်နိုင်ပါတယ်။
ခွဲစိတ်ကုသခြင်း - အခြားနည်းလမ်းများဖြင့် အဆင်မပြေပါက ခွဲစိတ်ကုသမှုကိုခံယူနိုင်ပါတယ်။ ဆရာဝန်မှ အကျိတ်နှင့်အတူ အဆစ် (သို့) အရွတ်တွင်တွယ်ကပ်နေတဲ့ ညှာတံကိုပါတစ်ပါတည်း ဖယ်ရှားပေးမှာဖြစ်ပါတယ်။ ခွဲစိတ်ကုသခြင်းကြောင့် အနီးအနားရှိ အာရုံကြော၊ သွေးကြောနဲ့ အရွတ်တွေကို ထိခိုက်ခြင်းမဖြစ်စေနိုင်ပါ။ ခွဲစိတ်ကုသပြီးသည့်တိုင်အောင် အကျိတ်သည်ပြန်ဖြစ်နိုင်ပါသေးတယ်။
အကျိတ်သည် ခြေကျင်းဝတ် (သို့) ခြေထောက်နားတစ်ဝိုက်ဖြစ်ပါက သင့်တော်သော ဖိနပ်ကိုသာစီးခြင်း၊ ဖိနပ်ကြိုးကို အလွန်အမင်းတင်းကြပ်အောင် မချည်ခြင်း စတဲ့နည်းလမ်းများနဲ့သက်သာစေနိုင်ပါတယ်။
မပြုလုပ်သင့်သောအရာများ
အလေးတစ်ခုခုနဲ့ အကျိတ်ကိုဖိခြင်းမျိုးကို ရှောင်ကြည်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနီးနားမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေလို့ပဲဖြစ်ပါတယ်။ ထို့ပြင် မိမိဘာသာအပ်ဖြင့်ဖောက်ထုတ်ခြင်းများကိုလည်း မပြုလုပ်သင့်ပါ။ အကျိုးမရှိတဲ့အပြင် ပိုးဝင်သွားနိုင်လို့ပဲဖြစ်ပါတယ်။
Dr. Thinzar Wynn