ဂေါက်ရောဂါ
ဂေါက်ရောဂါဆိုသည်မှာ သွေးအတွင်း Uric Acid ဓာတ်မြင့်မားနေခြင်းကြောင့် အဆစ် အမြစ်များ ရောင်ရမ်းသောရောဂါတစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့် ခြေမအရင်းပိုင်းအဆစ်တွင် ဖြစ်ပွားလေ့ရှိပြီး ရုတ်တရက်ဆိုသလို ဖြစ်လာတတ်ကာ အလွန်အမင်းနာကျင်ခြင်း၊ တင်းနေခြင်း၊ နီမြန်းနေခြင်း စသည့် ရောဂါလက္ခဏာရပ်များနှင့် ယှဉ်တွဲလျက်ရှိပါတယ်။ အမျိုးသားများတွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး အမျိုးသမီးများတွင်တော့ သွေးဆုံးပြီးနောက်ပိုင်းမှသာ ဂေါက်ရောဂါဖြစ်ပွားနိုင်ခြေရှိပါတယ်။
နာကျင်မှုဟာ မီးစနဲ့ထိုးခံလိုက်ရသလို ရုတ်တရက် ပြင်းထန်သောနာကျင်မှုမျိုးဖြစ်ပြီး ဖြစ်ပွားနေတဲ့ အဆစ်ပေါ်မှာ စက္ကူရွက်လေးတစ်ရွက်တင်လိုက်ရင်တောင် မခံမရပ်နိုင်အောင် ခံစားရစေပါတယ်။
ဖြစ်ပွားစေသောအကြောင်းရင်းများ
ခန္ဓာကိုယ်ထဲမှာ သဘာ၀အရရှိပြီး နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာလည်း ပါ၀င်တဲ့ Purine ဓာတ်တွေပြိုကွဲရာမှ Uric Acid ထွက်လာပါတယ်။ ပုံမှန်အားဖြင့် Uric Acid များသည် သွေးထဲတွင်ပျော်၀င်ပြီး ကျောက်ကပ်ကနေတဆင့် စွန့်ထုတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သွေးထဲတွင် ယူရစ်အက်ဆစ်ပမာဏ များပြားလာသောအခါ အဆစ်နဲ့သွေးကြောမျှင်လေးတွေ အနီးအနားမှာ ယူရစ်အက်ဆစ်ပုံဆောင်ခဲများ စုပုံလာ တာကြောင့် ဂေါက်ရောဂါကိုဖြစ်စေပါတယ်။
Uric Acid မြင့်တက်စေသောအကြောင်းရင်းများ
Uric Acid မြင့်တက်စေသောအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
- Purine ဓါတ်များသော အစားအစာများ (အကင်၊ ကလီစာ၊ ပင်လယ်စာ) စားသုံးမှုများခြင်း
- အသက် ၃၀-၅၀ နှစ်ကြား အမျိုးသားများနှင့် သွေးဆုံးပြီးသော အမျိုးသမီးများ
- ဖရက်တို့စ် (Fructose)သကြားဓါတ်များသော အစားအစာများ၊ ဖျော်ရည်များ သောက်သုံးခြင်း
- အရက်နှင့်ဘီယာသောက်သုံးခြင်း၊
- အ၀လွန်ခြင်း၊
- နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါများရှိခြင်း၊
- သွေးပေါင်ချိန်တက်ခြင်း၊
- မျိုးရိုးလိုက်ခြင်း၊
- Thiazide ပါ၀င်သော ဆီးဆေးများ၊ Aspirin (အက်စပရင်)ဆေးဝါး၊ Cyclosporine၊ Pyrazinamide၊ Ethambutol ပါ၀င်သော ဆေးဝါးများမှီ၀ဲခြင်း
ဒါ့အပြင် ရေဓါတ်နည်းခြင်း၊ ထိခိုက်မိခြင်း၊ ခွဲစိတ်မှုခံယူထားခြင်း တို့ကလည်း ဂေါက်ရောဂါကို ဖြစ််နိုင်ခြေကို မြင့်တက်စေပါတယ်။
ရောဂါလက္ခဏာများ
၁။ ခြေမ၊ လက်ချောင်း၊ တံတောင်ဆစ် စတဲ့အဆစ်နေရာများတွင် နာခြင်း၊ ရောင်ခြင်း၊ ပူခြင်း
၂။ အဆစ်၏ အပေါ်ယံအရေပြားမှာ အထိမခံနိုင်အောင်နာကျင်ခြင်း
၃။ နာကျင်မှုကို နာရီပိုင်းမှ ရက်ပိုင်းအထိခံစားရခြင်း၊ မကြာခဏပြန်ဖြစ်ခြင်း
၄။ အဆစ်များမှာ ပုံမှန်အလုပ် မလုပ်နိုင်ခြင်း
နောက်ဆက်တွဲဆိုးကျိုးများ
၁။ မကြာခဏပြန်ဖြစ်ခြင်း
တချို့လူတွေမှာ တစ်ခါရောဂါဖြစ်ပြီး ကုသမှုခံပြီးသွားရင် အရှင်းပျောက်သွားပါတယ်။ တချို့ကျတော့ မကြာခဏပြန်ပြန်ဖြစ်တတ်ပါတယ်။ ဆေးဝါးကုသမှုသေချာခံယူဖို့ကလည်း အရေးကြီးပါတယ်။ မကုဘဲပစ်ထားရင် နောက်ပိုင်းမှာ အဆစ်တွေ တိုက်စားခံရပြီး ပျက်စီးသွားတတ်ပါတယ်။
၂။ ရောဂါပိုဆိုးလာခြင်း
မကုဘဲထားရင် Uric Acid အစိုင်အခဲလေးတွေစုပုံပြီး အရေပြားအောက်မှာ အဖုလေးတွေ ဖြစ်ပေါ်လာ ပါတယ်။ ဒါကို Tophi လို့ခေါ်ပါတယ်။ ဒီ Tophi တွေက လက်ချောင်းလေးတွေ၊ လက်တွေ၊ ခြေဖဝါးတွေ၊ တံတောင်ဆစ်တွေနဲ့ တံကောက်ကြောတွေပေါ်မှာ ဖြစ်ပေါ်တတ်ပါတယ်။ ဂေါက်ရောဂါငြိမ်နေတဲ့ အချိန်မှာ Tophi အဖုလေးတွေကမနာပေမယ့် ရောဂါကြွလာပြီဆိုရင်တော့ရောင်ရမ်းပြီးတင်းရင်းလာပါတော့တယ်။
၃။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း
Uric Acid အစိုင်အခဲလေးတွေက ကျောက်ကပ်အတွင်းစုပုံလာပြီး ကျောက်တည်လာတတ်ပါတယ်။ ဒါပေမယ့် ဂေါက်ရောဂါစဖြစ်ကတည်းက ဆေးဝါးကုသမှုခံယူထားမယ်ဆိုရင်တော့ ကျောက်တည်နိုင်တဲ့ အခြေ အနေထိ ရောက်နိုင်ခြေနည်းပါတယ်။
စစ်ဆေးခြင်း
ဂေါက်ရောဂါရှိနေကြောင်းကို အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးနိုင်ပါတယ်။
- အဆစ်ထဲမှ အရည်ကို စုပ်ယူပြီးစစ်ဆေးခြင်း ( Joint Fluid Test)
- သွေးထဲရှိ ယူရစ်အက်ဆစ်ပမာဏနှင့် Creatinine ပမာဏကိုစစ်ဆေးခြင်း
- ဓါတ်မှန်ရိုက်ခြင်း
- ကြွက်သားနှင့် အရိုးအဆစ်များကို အာထရာဆောင်းရိုက်ခြင်း
- Dual Energy CT Scan ရိုက်ခြင်း
ကုသခြင်း
ကုသမှုမှာ အပိုင်း(၂)ပိုင်းပါ၀င်ပါတယ်။ ဂေါက်ရောဂါကို ကုသခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်အောင်ကာကွယ်ခြင်းတို့ဖြစ်ပါတယ်။
နာကျင်မှုနဲ့ရောင်ရမ်းမှုတွေအတွက်
၁။ NSAID (စတီရွိုက်မဟုတ်သောအကိုက်အခဲပျောက်ဆေး)
၂။ Colchicine ပါ၀င်သော အကိုက်အခဲပျောက်ဆေး
၃။ Corticosteroids (Prednisone) စတီးရွိုက်ပါ၀င်သော ဆေးဝါများကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် စတီးရွိုက်ပါ၀င်တဲ့ဆေးတွေက ဘေးထွက်ဆိုးကျိုးများတဲ့အတွက် NSAID နဲ့ Colchicine ဆေးဝါးတွေနဲ့ကုသရန် မသင့်တော်တဲ့ လူနာတွေမှာပဲ သုံးပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများမဖြစ်အောင် Uric acid ထုတ်လုပ်မှုပမာဏကို လျော့ချပေးရမှာဖြစ်ပါတယ်။ Uric acid ထုတ်လုပ်မှုပမာဏကို လျော့ချဖို့အတွက် Allopurinol နဲ့ Febuxostat ဆေးဝါးများ ကိုအသုံးပြုနိုင်ပါတယ်။
ရှိပြီးသား Uric Acid တွေကို ကျောက်ကပ်ကနေ များများစွန့်ထုတ်ပေးဖို့အတွက် Probenecid ဆေးကို အသုံးပြုနိုင်ပါတယ်။ ဒီဆေးကိုသောက်ပြီးရင်တော့ ရေများများသောက််ပေးဖို့ လိုအပ်ပါတယ်။
ဂေါက်ရောဂါေ၀ဒနာရှင်များအတွက် အိမ်တွင်းကုထုံး
၁။ ဂေါက်ရောဂါခံစားနေရပြီဆိုပါက ပြည့်ပြည့်၀၀ အနားယူဖို့လိုအပ်ပါတယ်။ နာနေတဲ့အဆစ်ကို မလှုပ်ရှား မိအောင် သတိထားပြီး လှုပ်ရှားသွားလာပါ။
၂။ Purine ဓါတ်များသောအစားအစာများ (အနီရောင်အသား၊ ပင်လယ်စာ၊ အသဲ၊ ဥ) တို့ကို ရှောင်ပါ။
၃။ Uric acid ဓါတ်တက်စေသော အရက်၊ ဘီယာ၊ ၀ိုင်စတာတွေကို ရှောင်ရှား ပေးပါ။
၄။ ရေများများသောက်ပါ။
၅။ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကျန်းမာသောကိုယ်အလေးချိန်ထိန်းထားပါ။
သုတေသနပြုလုပ်ချက်တွေအရ ကဖင်းဓာတ်ပါတဲ့ ကော်ဖီပဲဖြစ်ဖြစ်၊ ကဖင်းဓာတ်ဖယ်ထား တဲ့ ကော်ဖီပဲဖြစ်ဖြစ် သောက်သုံးပေးခြင်းဖြင့် သွေးတွင်းရှိ Uric Acid ပမာဏကို လျော့ကျစေတယ်လို့ သိရပါတယ်။ ဒါပေမယ့်တိကျ ခိုင်လုံဖို့အတွက် လေ့လာစမ်းသပ်မှုတွေ ထပ်မံပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။
နောက်ထပ် စမ်းသပ်မှုတစ်ခုအရ ဗီတာမင် C ကလည်း သွေးတွင်းရှိ Uric Acid ပမာဏကို လျှော့ချပေး တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိ လျှော့ချပေးနိုင်တယ်ဆိုတာကိုတော့ မသိရ သေးပါဘူး။ ဗီတာမင် C ကို အစားအသောက်တွေကရနိုင်သလို (ဥပမာ - ကဗ္ဗလာသီး၊ သံပုရာသီး) ဗီတာမင် C သီးသန့်ပါတဲ့ ဆေးဝါးတွေကို သောက်သုံးခြင်းမှလည်း ရရှိနိုင်ပါတယ်။
ချယ်ရီသီးစားခြင်း၊ ချယ်ရီသီးဖျော်ရည်သောက်ခြင်းဖြင့်လည်း သွေးတွင်းရှိ Uric Acid ပမာဏကို လျှော့ချ ပေးနိုင်သလို ဂေါက်ရောဂါမကြာခဏပြန်ဖြစ်တဲ့ အကြိမ်ရေကိုလည်း နည်းသွားစေပါတယ်။
ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်ခြင်း
ဂေါက်ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်အောင် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါတယ်။
၁။ ရေများများသောက်ပါ။
၂။ Fructose ပြောင်းသကြားပါတဲ့အချိုရည်များလျော့သောက်ပါ။ ၎င်းသကြားဓါတ်ပါ ၀င်တဲ့အချိုရည်ကို တနေ့ ၂ ခွက်နှင့် အထက်သောက်သုံးသူတွေဟာ ဂေါက်ရောဂါဖြစ်နိုင်ချေ 85%ပိုပါတယ်။
၃။ ဘီယာ၊ အရက်လျှော့သောက်ပါ။ ဖြတ်နိုင်ရင် ဖြတ်ပါ။
၄။ အဆီနည်းသော နို့နှင့် နို့ထွက်ပစ္စည်းများကိုသာ ရွေးချယ်စားသုံးပါ။
၅။ အနီရောင်အသား၊ ငါး၊ မွေးမြူရေးကြက်နှင့် မွေးမြူရေးဘဲတွေ လျှော့စားပါ။
၆။ ကိုယ်အလေးချိန်ကို ပုံမှန်အတွင်းမှာဘဲရှိနေအောင် ထိန်းထားပါ။ အ၀မလွန်ပါစေနှင့်။






























