/
news/ကျန်းမာရေး-z/စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့-ခေါင်းကိုက်ခြင်းဝေဒနာများ

စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းဝေဒနာများ

Category
ကျန်းမာရေး (A-Z)

          အရွယ်ရောက်ပြီးသူများတွင် အဖြစ်အများဆုံးခေါင်းကိုက်ဝေဒနာတစ်မျိ်ုးဖြစ်ပြီး နဖူး (သို့) ဦးခေါင်းနောက်နဲ့ လည်ပင်းတစ်ဝိုက်တွင် ဖိအားတစ်ခုကဲ့သို့ တင်းကြပ်ကာလေးလေးကြီးဖြစ်နေတဲ့ နာကျင်မှုမျိုးဖြစ်ပါတယ်။ အချို့သောသူတွေရဲ့အဆိုအရ ဦးခေါင်းခွံကို တစ်စုံတစ်ရာကညှစ်ထားတဲ့ ခံစားမှုမျိုးဟုသိရပါတယ်။

          တစ်လလျှင် ခေါင်းကိုက်တာ 15 ရက်ထည်နည်းပါက တစ်ခါတစ်ခါဖြစ်ပေါ်သော ခေါင်းကိုက်ခြင်း ဟုခေါ်ပြီး ထို့ထက်ပိုပြီး ရက်များပါက နာတာရှည်ခေါင်းကိုက်ခြင်းဟု သတ်မှတ်ပါတယ်။

          ဒီလိုခေါင်းကိုက်ဝေဒနာမျိုးဟာ နာရီဝက်မှရက်အနည်းငယ်ထိကြာမြင့်တတ်ပါတယ်။ တစ်ခါတစ်ခါဖြစ်ပေါ်တဲ့ အမျိုးအစားမှာမူ နေ့လည်နေ့ခင်းအချိန်မှစ၍ ဖြည်းဖြည်းချင်းဖြစ်လာတတ်ပါတယ်။

          နာတာရှည်ခေါင်းကိုက်ခြင်းဝေဒနာသည် ကောင်းသွားလိုက် နည်းနည်းသက်သာ သွားလိုက်နဲ့ တော်တော်ကြာတဲ့အထိ မပျောက်ဘဲရှိတတ်ပါတယ်။

          စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းမျိုးဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ဖို့အတွက် အနှောင့်အယှက်မပေးသလို အမြင်အာရုံ၊ ခန္ဓာကိုယ်အနေအထား၊ သန်မာမှုတွေနဲ့လည်း မသက်ဆိုင်ပါဘူး။

♦ ဘယ်သူတွေမှာပိုဖြစ်တတ်သလဲ

        အရွယ်ရောက်ပြီးသူတော်တော်များများဟာ စိတ်ဖိစီးမှုတွေကြောင့် မကြာခဏဆိုသလို ခေါင်းကိုက်လေ့ ရှိကြပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖြစ်နိုင်ချေနှစ်ဆခန့်ပိုမိုမြင့်မားပါတယ်။ တစ်ခါတစ်ရံခေါင်းကိုက်ခြင်းဝေဒနာဟာ အများအားဖြင့် တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်သာဖြစ် တတ်သော်လည်း ရံဖန်ရံခါတွင်တော့ အကြိမ်ရေပိုစိတ်နိုင်ပါတယ်။ နာတာရှည်ဝေဒနာသည်တွေကတော့ တစ်ခါခေါင်းကိုက်လျှင် ရက်ပေါင်း 60 မှ 90 ထိ ကြာမြင့်တတ်ပါတယ်။

ခေါင်းကိုက်ခြင်းဝေဒနာကို ဖြစ်စေနိုင်သော အကြောင်းအရင်းများ

        အကြောင်းအရင်းတစ်ခုတည်းကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲ အများအားဖြင့် အလုပ်၊ ကျောင်း၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ အခြားအရာတွေမှရရှိတဲ့ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ စိတ်ဖိစီးစရာအခြေအနေတစ်ခုကြုံတွေ့ရတဲ့အခါမှာ တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်း စတင်ခံစားလာရပြီး စိတ်ဖိစီးမှုဟာ နေ့စဉ်ရက်ဆက်လာပါက နာတာရှည်အသွင်းသို့ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းမျိ်ုးဟာ မျိုးရိုးလိုက်လေ့တော့မရှိပါဘူး။ အချို့သူတွေမှာ ခေါင်းကိုက်ရခြင်းမှာ ဦးရေပြားနဲ့လည်ပင်းနောက်ကျောမှာရှိတဲ့ ကြွက်သားတွေ တောင့်တင်းလာတာကြောင့်ဖြစ်ပါတယ်။ ထိုကဲ့သို့ ကြွက်သားတင်းအားများလာရခြင်းမှာ -

- အနားယူချိန်မလုံလောက်ခြင်း

- ကိုယ်နေဟန်ထားမမှန်ခြင်း

- စိတ်ခံစားမှုဆိုင်ရာ ဖိစီးမှုများနှင့် စိတ်ဓာတ်ကျခြင်း

- စိတ်ပူပန်သောကများခြင်း

- မောပန်းလွယ်ခြင်း

- ဗိုက်ဆာခြင်း

- သံဓာတ်အားနည်းခြင်း

- အခြားသူများအတွက်မူ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့ဝေဒနာဟာကြွက်သားများ တင်းလာခြင်းကြောင့်မဟုတ်ဘဲ အကြောင်းအရင်းကိုမူ သေချာမသိရပေ။

♦ ရောဂါလက္ခဏာများ

        ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါလက္ခဏာအချို့ကတော့ -

- ဦးခေါင်းပတ်လည်တွင် နာကျင်ကိုက်ခဲခြင်း

- ခေါင်းကိုက်ဝေဒနာသည် မွန်းလွဲပိုင်းမှစတင်ခြင်း

- အိပ်စက်ရာတွင် အနှောင့်အယှက်ဖြစ်စေခြင်း

- အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း

- စိတ်တိုဒေါသထွက်လွယ်ခြင်း

- အာရုံမစူးစိုက်နိုင်ခြင်း

- အလင်းရောင်နဲ့ ဆူညံသံကို မခံမရပ်နိုင်ဖြစ်ခြင်း

- ကြွက်သားများနာကျင်ခြင်း တို့ပဲဖြစ်ပါတယ်။

          ခေါင်းတစ်ခြမ်းကိုက်ရောဂါကဲ့သို့ ကြွက်သားအားနည်းခြင်း၊ အာမြင်အာရုံဝေဝါးခြင်း စတဲ့အာရုံကြောနဲ့ဆိုင်တဲ့ လက္ခဏာတွေကိုတော့မတွေ့ရတတ်ပါဘူး။ ထို့ပြင် အလင်းရောင်နဲ့ဆူညံသံကို လွန်လွန်ကဲကဲမခံနိုင်တာမဟုတ်သလို ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်းများလည်း မခံစားရပါဘူး။

♦ ဘယ်လိုလုပ်ကြမလဲ

        အကောင်းဆုံးကတော့ ရောဂါမပြင်းထန်မီအချိန်ကတည်းက စတင်ကုသမှုခံယူသင့်ပါတယ်။ ရည်ရွယ်ချက်မှာ ထပ်မံဖြစ်ပွားမှုကိုကာကွယ်ရန်နှင့် လက်ရှိခံစားနေရတဲ့ဝေဒနာများမှ သက်သာစေရန်ဖြစ်ပါတယ်။

          ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ -

- ဆေးဝါးများရဲ့အကူအညီကိုရယူပါ

- ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့အရာများကို ရှောင်ကြဉ်ပါ။

- စိတ်ဖိစီးမှုကို ဘယ်လိုဖယ်ရှားမလဲသိအောင်လေ့လာပါ။

- စိတ်အပန်းဖြေစေပမယ့် နည်းလမ်းများကိုသင်ယူပါ။

- မိမိစိတ်ကို မိမိထိန်းနိုင်အောင်ကြိုးစားပါ။

- ကိုယ်နေဟန်ထားမှန်အောင်ကြိုးစားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

          စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာအတွက် ဆရာဝန်မှ ပထမဆုံးညွှန်ကြားမှာကတော့ ဆေးဆိုင်မှာအလွယ်တကူဝယ်လို့ရနိုင်တဲ့ အကိုက်အခဲပျောက်ဆေးများပဲဖြစ်ပါတယ်။ နာတာရှည်လူနာများအနေနဲ့လည်း ခေါင်းကိုက်ခြင်းကိုကာကွယ်နိုင်ဖို့ ထိုဆေးများကိုအသုံးပြုနိုင်ပါတယ်။

          အကယ်၍ အထက်ပါဆေးများနှင့် မသက်သာပါက ပိုးပြင်းတဲ့ဆေးမျိုးဖြစ်စေ၊ ကြွက်သားပြေလျော့စေတဲ့ဆေးမျိုးဖြစ်စေ ဆရာဝန်မှ ထပ်မံညွှန်ကြားပါလိမ့်မယ်။

          အချို့သောဆေးဝါးများဖြစ်တဲ့ စိတ်ကျရောဂါကုသရာတွင်အသုံးပြုတဲ့ ဆေးများ၊ သွေးတိုးကျဆေးများ၊ အတက်ကျဆေးများကိုလည်း ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းအတွက်အသုံးပြုနိုင်ပါတယ်။ ထိုဆေးများကို နာကျင်မှုမရှိသည့်တိုင် နေ့စဉ်သောက်သုံးပါက အချိန်ကြာလာတာနဲ့အမျှ ဆေးသောက်ရတာ နည်းလာနိုင်ပါတယ်။

          သတိပြုရမှာကတော့ ဆေးဝါးတွေဟာ ခေါင်းကိုက်တာကိုကုသတာမဟုတ်တဲ့အတွက် အကိုက်အခဲပျောက်ဆေးအပါအဝင် အခြားဆေးဝါးများအားလုံးဟာ တဖြည်းဖြည်းနဲ့ဆေးယဉ်လာပြီး ပထမဆုံးအကြိမ်ကဲ့သို့ အစွမ်းထက်မှာမဟုတ်တော့ပါဘူး။ ထို့ပြင် ဆေးတစ်မျိ်ုးစီတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေကလည်းရှိနေနိုင်ပါတယ်။ ဒါကြောင့် ဆေးအသစ်တစ်မျိုးသောက်တော့မယ်ဆိုပါက ဆရာဝန်နှင့်ဦးစွာတိုင်ပင်သင့်ပါတယ်။ အရေးကြီးဆုံးကတော့ မိမိအတွက်ခေါင်းကိုက်ခြင်းဝေဒနာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကိုရှာဖွေနိုင်ဖို့ပဲဖြစ်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com