ဆီးထဲသွေးပါခြင်း
ဆီးထဲမှာသွေးပါတာကိုတွေ့တာနဲ့ လူတိုင်းထိတ်လန့်သွားကြမှာပါပဲ။ ဒီလိုဖြစ်တာရဲ့ အကြောင်းရင်းတွေကလည်း ဆီးပိုး၀င်တာကနေ ကင်ဆာရောဂါဖြစ်တဲ့အထိ အကြောင်းအမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဆီးထဲမှာသွေးပါတာကို မျက်လုံးနဲ့မြင်နိုင်တာကို gross haematuria လို့ခေါ်ပြီး အဏှကြည့်မှန်ပြောင်းနဲ့ကြည့်မှမြင်ရတာကိုတော့ microscopic haematuria လို့ခေါ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သွေးထွက်ရတဲ့အကြောင်းအရင်းကိုရှာမှ ကုသမှုပေးနိုင်မှာဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
မြင်သာတဲ့လက္ခဏာကတော့ ဆီးထဲမှာသွေးနီဥတွေပါလာတဲ့အတွက် ဆီးရောင်က ပန်းရောင်၊ အနီရောင် (သို့) အညိုရောင်ဖြစ်နေတတ်ပါတယ်။ သွေးနည်းနည်းပါရုံနဲ့တော့ နာကျင်ခြင်းမခံစားရတတ်ပါဘူး။ ဆီးထဲမှာ သွေးခဲတွေပါလာပြီဆိုရင်တော့ နာကျင်မှုခံစားရနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆေးရုံ၊ ဆေးခန်းသွားမလဲ?
ဆီးထဲမှာသွေးပါတာနဲ့ ဆရာဝန်ကိုပြသသင့်ပါတယ်။ ဝမ်းပျော့ဆေးများ၊ သကြားမုန်လာနှင့် ဘယ်ရီသီးတွေကဲ့သို့သော အချို့သောအစားအစာတွေကြောင့် ဆီးနီတတ်ပါတယ်။ သို့သော်လည်း ဆီးထဲမှာသွေးပါခြင်းကတော့ သိသာပါတယ်။
ရောဂါဖြစ်စေသောအကြောင်းအရင်းများ
ကျောက်ကပ် (သို့) ဆီးလမ်းကြောင်းအစိတ်အပိုင်းတစ်ခုခုမှာချို့ယွင်းနေရင် ဆီးထဲမှာသွေးဆဲလ်တွေ ယိုစိမ့်ထွက်လာစေပါတယ်။ ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ -
1. ဆီးလမ်းကြောင်းပိုးဝင်ခြင်း - ဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ဆီးအိမ်ထဲမှာပိုးတွေပွားများလာခြင်းဖြစ်ပါတယ်။ လက္ခဏာတွေကတော့ အကြာခဏဆီးသွားချင်ခြင်း၊ ဆီးသွားလျှင်ကျင်ခြင်း၊ ပူခြင်း၊ ဆီးအန့ံပြင်းခြင်းတို့ဖြစ်ကြပါတယ်။ အချို့သူတွေ အထူးသဖြင့် အသက်ကြီးတဲ့လူတွေမှာတော့ အဏှကြည့်မှန်ပြောင်းနဲ့ကြည့်မှပဲ တွေ့ရလေ့ရှိတတ်ပါတယ်။
2. ကျောက်ကပ်ပိုးဝင်ခြင်း (ကျောက်ကပ်ရောင်ခြင်း) - သွေးထဲမှ (သို့) ဆီးပြွန်မှတစ်ဆင့် ဘက်တီးရီးယားပိုးတွေ ကျောက်ကပ်ထဲဝင်ရောက်ခြင်းဖြစ်ပါတယ်။ ရောဂါလက္ခဏာအများစုက ဆီးအိမ်ပိုးဝင်တဲ့လက္ခဏာတွေနဲ့ဆင်တူပြီးတော့ ကျောက်ပိုးဝင်ရင် ဖျားခြင်းနဲ့ခါးနေရာမှာအောင့်ခြင်းတွေ ဖြစ်စေပါတယ်။
3. ဆီးအိမ် (သို့) ကျောက်ကပ်တွင်ကျောက်တည်ခြင်း - သတ္တုဓာတ်တွေက တစ်ခါတစ်ရံမှာအနည်ကျပြီးတော့ ကျောက်ကပ်နံရံနဲ့ ဆီးအိမ်တွေမှာ အမှုန်တွေဖြစ်နေတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီအမှုန်လေးတွေစုပြီးတော့ မာကြောတဲ့ကျောက်သေးသေးလေးတွေဖြစ်လာပါတယ်။ ယေဘူယျအားဖြင့် နာကျင်မှုမခံစားရတဲ့အတွက် ဆီးလမ်းကြောင်းပိတ်ဆို့မှုမဖြစ်မချင်း (သို့) ဒီကျောက်လေးတွေအပြင်ကို ထွက်မလာမချင်း ကျောက်ရှိနေတယ်ဆိုတာကို သတိမထားမိနိုင်ပါဘူး။ ကျောက်ကပ်ကျောက်တည်ခြင်းက မခံမရပ်နိုင်အောင် အောင့်တတ်ပါတယ်။ ဒီကျောက်တွေက မျက်စိနဲ့မြင်နိုင်တဲ့ ဆီးထဲသွေးပါခြင်းနဲ့ အဏှကြည့်မှန်ပြောင်းနဲ့ကြည့်မှသိနိုင်မယ့် ဆီးထဲသွေးပါခြင်းနှစ်မျိုးလုံးကိုဖြစ်စေပါတယ်။
4. ဆီးကျိတ်ကြီးခြင်း - သက်လတ်ပိုင်း အမျိုးသားတွေမှာဆီးအိမ်ရဲ့အောက်နား၊ ဆီးပြွန်ရဲ့ထိပ်ပိုင်းနားမှာရှိတ့ဲဆီးကျိတ်ကြီးလာတတ်ပါတယ်။ ဒီလိုကြီးလာတဲ့အခါ ဆီးပြွန်ကိုဖိမိပြီး ဆီးလမ်းကြောင်းကို အနည်းငယ်ပိတ်ဆို့နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဆီးသွားရခက်ခဲခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးအမြဲသွားချင်နေခြင်း၊ ဆီးထဲတွင်သွေးပါခြင်း တို့ဖြစ်ကြပါတယ်။ ဆီးကျိတ်ထဲပိုးဝင်ခြင်း (ဆီးကိျတ်ရောင်ခြင်း) ဖြစ်ရင်လည်း ဒီရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
5. ကျောက်ကပ်ရောဂါများ - ကျောက်ကပ်ရဲ့စစ်ထုတ်တဲ့အစိတ်အပိုင်းတွေ ရောင်ရမ်းခြင်းကြောင့် အဏှကြည့်မှန်ပြောင်းနဲ့ကြည့်မှ သိနိုင်မယ့်ဆီးထဲသွေးပါခြင်းဖြစ်တတ်ပါတယ်။ ဒါက ဆီးချိုရောဂါကြောင့်ရောင်တာဖြစ်နိုင်သလို သူ့ဟာသူရောင်တာလည်းဖြစ်နိုင်ပါတယ်။ ဒီရောဂါက ကျောက်ကပ်ထဲမှာ သွေးတွေကိုစစ်ပေးတဲ့ ဆံခြည်မျှင်သွေးကြောတွေကိုထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုး (သို့) Strep လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း၊ သွေးကြောရောင်ခြင်း၊ ခုခံအားရောဂါ ( IgA nephropathy)စတဲ့ ရောဂါတစ်မျိုးမျိုးကြောင့်ပိုဆိုးနိုင်ပါတယ်။
6. ကင်ဆာရောဂါ - ကျောက်ကပ်၊ ဆီးအိမ် (သို့) ဆီးကျိတ်ကင်ဆာတွေမှာ ရောဂါပိုပြီးကျွမ်းလာရင် ဆီးထဲသွေးပါလာနိုင်ပါတယ်။
7. မွေးရာပါရောဂါများ - sickle cell anemia လို့ခေါ်တဲ့ သွေးနီဥတွေမွေးရာပါ ပုံပျက်နေတဲ့သွေးအားနည်းရောဂါကြောင့် မျက်စိနဲ့မြင်နိုင်တဲ့ဆီးထဲသွေးပါခြင်းနဲ့ အဏုကြည့်မှန်ပြောင်းနဲ့ကြည့်မှသိနိုင်မယ့်ဆီးထဲသွေးပါခြင်း နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။
8. ကျောက်ကပ်ထိခိုက်ဒဏ်ရာရခြင်း - မတော်တဆ (သို့) အားကစားပြုလုပ်ရာမှ ကျောက်ကပ်ကိုထိခိုက်ဒဏ်ရာရရှိသွားရင် ဆီးထဲမှာသွေးပါစေပါတယ်။
9. ဆေးဝါးများ - ကင်ဆာဆေးများ ( cyclophosphamide, Cytoxan) နဲ့ ပင်နီဆလင်တို့ကြောင့်လည်း ဆီးထဲတွင်သွေးပါခြင်းဖြစ်စေပါတယ်။ သွေးကျဲဆေး (aspirin), heparin, စတဲ့ဆေးတွေသောက်သုံးရင်နဲ့ ဆီးအိမ်မှသွေးထွက်စေတဲ့ အခြေအနေတစ်ခုခုရှိရင်လည်း ဆီးထဲမှာသွေးပါတာကိုတွေ့နိုင်ပါတယ်။
10. လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း - အလွန်ဖြစ်ခဲပါတယ်။ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းကြောင့် ဆီးအိမ်ထိခိုက်ဒဏ်ရာရခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ သွေးနီဥတွေပြိုကွဲခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ပြင်းထန် တဲ့ လှုပ်ရှားမှုတွေလုပ်ပြီးနောက်မှာ အားကစားသမားတိုင်းဖြစ်နိုင်ပေမယ့် အပြေးသမားတွေမှာအဖြစ်ဆုံးပါပဲ။
ဘာကြောင်းကြောင့်ပဲဖြစ်ဖြစ် ဆီးထဲမှာသွေးပါတာနဲ့ ဆရာဝန်ကိုပြသပါ
ဖြစ်နိုင်ချေများသောအချက်များ
ကလေးတွေန့ဲ ဆယ်ကျော်သက်အရွယ်တွေ အပါအဝင်လူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေများတဲ့ အချက်တွေကတော့ -
1. အသက် - အသက် 50 ကျော်အမျိုးသားတွေမှာ ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးထဲမှာသွေးပါနိုင်ပါတယ်။
2. လိင် - အမျိုးသမီးတစ်ဝက်ကျော်က သူတို့ရဲ့သက်တမ်းမှာ ဆီးလမ်းကြောင်းပိုးဝင်ပြီး သွေးပါခြင်းကို အနည်းဆုံးတစ်ခါတော့ကြုံတွေ့ရလေ့ရှိပါတယ်။ ငယ်ရွယ်တဲ့အမျိုးသားတွေမှာ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ Alport syndrome လို့ခေါ်တဲ့ မွေးရာပါကျောက်ကပ်ရောင်ခြင်းကို ပိုပြီးကြုံတွေ့ရတတ်ပါတယ်။
3. မကြာသေးခင်က ပိုးဝင်ရောက်ထားခြင်း - ဗိုင်းရပ်ပိုး (သို့) ဘက်တီးရီးယားပိုးဝင်ပြီးနောက် ကျောက်ကပ်ရောင်ခြင်းက ကလေးတွေမှာ ဆီးထဲမှာသွေးပါစေတဲ့အကြောင်းအရင်းများအနက် အဖြစ်အများဆုံးအကြောင်းတစ်ခုဖြစ်ပါတယ်။
4. မိသားစုရာဇဝင် - မိသားစုထဲမှာ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်း ရာဇဝင်ရှိတဲ့သူတွေမှာအဖြစ်များပါတယ်။
5. ဆေးဝါးများ - Aspirin (အကိုက်အခဲပျောက်ဆေး)၊ ပိုးသတ်ဆေး (penicillin) တွေကြောင့်လည်း အဖြစ်များပါတယ်။
6. လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း
စမ်းသပ်စစ်ဆေးခြင်း
1. ဆီးစစ်ဆေးခြင်း - ဆီးစစ်ကြည့်မှ သွေးပါတာကို ပထမဆုံးသိတာဆိုရင်တောင် ဆီးထဲမှာသွေးနီဥတွေပါ/မပါသိဖို့အတွက် နောက်ထပ် ထပ်စစ်ရပါမယ်။ ဆီးစစ်ခြင်းဖြင့် ကျောက်တည်စေတဲ့ သတ္တုဓာတ်တွေနဲ့ ပိုးဝင်ရောက်ခြင်းရှိ/မရှိ သိနိုင်ပါတယ်။
2. ပုံရိပ်ရိုက်ပြီး စစ်ဆေးခြင်း - CT, MRI, Ultrasound တွေရိ်ုက်ပြီးတော့ ကျောက်ကပ်နဲ့ ဆီးအိမ်တွေရဲ့ပုံရိပ်ကို စစ်ဆေးကြည့်လို့ရပါတယ်။
3. ဆီးလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း - ဆီးအိမ်ထဲကိုမှန်ပြောင်းထည့်ပြီးတော့ ဆီးအိမ်နဲ့ဆီးပြွန်ကို အနီးကပ် သေချာစစ်ဆေးခြင်း ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ ဆီးထဲမှာသွေးပါတဲ့အကြောင်းအရင်းကို ရှာလို့မရဖြစ်တတ်ပါတယ်။ ဆရာဝန်က ပုံမှန်ပြန်ပြဖို့ချိန်းပါလိမ့်မယ် (အထူးသဖြင့် ကင်ဆာဖြစ်စေနိုင်သောအချက်များဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ ပတ်ဝန်းကျင်မှ အဆိပ်ရှိသောအရာများနှင့်ထိတွေ့မှုရှိခြင်း၊ ဓာတ်ကင်ပြီးကုသဖူးခြင်းရှိလျှင်)
ကုထုံးနှင့် ဆေးများ
ဆီးထဲမှာသွေးပါခြင်းဖြစ်စေတဲ့အကြောင်းအရာအပေါ်မူတည်ပြီး ကုသမှုပြုလုပ်ပါလိမ့်မယ်။ ဥပမာအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်တာဆိုရင် ပိုးသတ်ဆေးပေးပါလိမ့်မယ်။
ကာကွယ်ခြင်း
ဆီးထဲမှာသွေးမပါအောင် ကာကွယ်လို့မရပေမယ့် ဖြစ်စေတဲ့ အကြောင်းအရာတွေကိုတော့လျှော့ချနိုင် ပါတယ်။
1. ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကာကွယ်နိုင်ရန် - ရေများများသောက်ခြင်း၊ ဆီးသွားချင်လျှင် (သို့) လိင်ဆက်ဆံပြီးလျှင် ဆီးသွားခြင်း၊ အမျိုးသမီးများတွင် ဆီးသွားပြီးလျှင် အရှေ့မှအနောက်သို့သုတ်ခြင်း၊ မျိုးပွားအင်္ဂါကိုထိခိုက်စေမည့် အမျိုးသမီးသန့်စင်ဆေးရည်များကို ရှောင်ကြဉ်ခြင်းများပြုလုပ်ရပါမယ်။
2. ကျောက်ကပ်တွင်ကျောက်တည်ခြင်းကို ကာကွယ်နိုင်ရန် - အရည်များများသောက်ပါ။ ဆားနှင့် အသားပါဝင်သော အစားအစာများကို လျှော့စားပါ။
3. ဆီးအိမ်ကင်ဆာကို ကာကွယ်နိုင်ရန် - ဆေးလိပ်ဖြတ်ပါ။ ဓာတုပစ္စည်းများနှင့်ထိတွေ့မှုကို ရှောင်ကြဉ်ပါ။ အရည်များများသောက်ပါ။
4. ကျောက်ကပ်ကင်ဆာမဖြစ်အောင် - ဆေးလိပ်ဖြတ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ ကျန်းမာရေးနဲ့ညီညွတ်သော အစားအစာစားပါ။ တက်တက်ကြွကြွနေပါ။ အဆိပ်ဖြစ်စေသော ဓာတုပစ္စည်းများထိတွေ့မှုမှ ရှောင်ကြဉ်ပါ။
Dr. Mya Myo Myo Swe





























