ဆီးလမ်းကြောင်းပိုး၀င်ခြင်း (UTI)
ဆီးလမ်းကြောင်းဆိုတာ ခန္ဓာကိုယ်ကနေ မကောင်းတဲ့အညစ်အကြေးတွေနဲ့ရေတွေကို ဆီးထဲကစွန့်ပစ်ဖို့အတွက် ပါ၀င်အလုပ်လုပ်ရတဲ့ ကိုယ်တွင်းအင်္ဂါပစ္စည်းတွေကို စုပေါင်းပြီးခေါ်တာပါ။ ဆီးလမ်းကြောင်းမှာ အောက်ပါ အင်္ဂါအစိတ်အပိုင်းများပါ၀င်ပါတယ်။
(1) ဆီးသွားပြွန် - ဆီးအိမ်ကဆီးတွေကို ခန္ဓာကိုယ်အပြင်ဘက်ကိုစွန့်ထုတ်ဖို့အတွက် ကြားခံသယ်ပို့ပေးရတဲ့ ပြွန်ငယ်လေးပါ။
(2) ဆီးအိမ် - ဆီးမသွားခင်စပ်ကြားအချိန်မှာဆီးတွေကိုသိုမှီးထားတဲ့အိတ်ပါ။
(3) ဆီးပြွန် - ကျောက်ကပ်နဲ့ဆီးအိမ်ကိုချိတ်ပေးထားတဲ့ပြွန်ပါ။
(4) ကျောက်ကပ် - ပဲကြီးစေ့နဲ့ပုံစံတူတဲ့ ကျောက်ကပ်တွေဟာသွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ်ပြောင်းလဲပေးပါတယ်။
ဒီဆီးလမ်းကြောင်းရဲ့ တစ်နေရာရာမှာ ဘက်တီးရီးယားပိုး ကူးစက်ခံရတာကိုဆီး လမ်းကြောင်းပိုး၀င်ခြင်း (UTI) လို့ခေါ်ပါတယ်။
♦ ဘာကြောင့်ဆီးလမ်းကြောင်းပိုး၀င်ရသလဲ
စအိုနဲ့စအိုတစ်၀ိုက်အရေပြားပေါ်မှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကအဓိကတရားခံပါ။ အဲဒီဘက်တီးရီးယားတွေကဆီးသွားပြွန်ကနေတစ်ဆင့် ဆီးအိမ်ထဲအထိရောက်သွားနိုင်ပါတယ်။ အဲ့ဒီကတစ်ဆင့် ကျောက်ကပ်ထဲအထိတောင် ခြေဆန့်နိုင်ပါတယ်။
♦ ဘယ်လိုလူတွေမှာပိုဖြစ်နိုင်သလဲ
1. အမျိုးသမီးများ
အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေထက် ပိုတိုတဲ့အတွက်ကြောင့် ဘက်တီးရီးယားပိုးဟာ ဆီးသွားပြွန်၀ကနေ ဆီးအိမ်ကိုရောက်ဖို့ ပိုမိုမြန်ဆန် လွယ်ကူပါတယ်။
2. လိင်ဆက်ဆံမှုများသော အမျိုးသမီးများ
3. သွေးဆုံးပြီးသော အမျိုးသမီးများ
ဓမ္မတာစက်၀န်းရပ်သွားတဲ့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာပြောင်းလဲလာပြီး အီစထရိုဂျင်ဟော်မုန်းလည်း လျော့နည်းလာပါတယ်။ အဲ့ဒီအမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း ပိုး၀င်နိုင်ချေပိုများပါတယ်။
4. သုတ်ပိုးသတ်ဆေး (သို့) အမျိုးသမီးသုံး ကွန်ဒုံးအသုံးပြုသော အမျိုးသမီးများ
5. ဆီးလမ်းကြောင်းပြဿနာများ
ပုံမှန်မဟုတ်တဲ့ ဆီးလမ်းကြောင်းပိုင်ရှင်တွေ ( ဥပမာ- ဆီးအိမ်မှာအိတ်ငယ်လေးတွေ အပိုပါသူတွေ (Diverticulum Bladder))နဲ့ ဆီးလမ်းကြောင်းထဲကို တစ်ခုခု ထည့်သွင်းထားသူတွေ (ဥပမာ - ဆီးပိုက်တပ်ဆင်ထားသူ) ဟာဆီးလမ်းကြောင်း ပိုး၀င် လွယ်ပါတယ်။ ဆီးလမ်းကြောင်းရဲ့ တစ်နေရာရာမှာပိတ်ဆို့မှု ရှိနေမယ်ဆိုရင်လည်း ဆီးလမ်းကြောင်းပိုး၀င်ဖို့အခွင့်အရေးများပါတယ်။
6. နာတာရှည်ရောဂါများ
နာတာရှည်ရောဂါတစ်မျိုးမျိုးခံစားနေရသူတွေ (ဥပမာ-သွေးချို၊ ဆီးချိုေ၀ဒနာရှင်) တွေမှာလည်း ဆီးလမ်းကြောင်း ပိုး၀င်နိုင်ချေပိုများပါတယ်။ သူတို့မှာခန္ဓာကိုယ်ရဲ့ ခုခံ ၏စွမ်းအားစနစ် အားနည်းနေတာမို့ ဆီးလမ်းကြောင်းပိုး၀င်ခြင်းလိုမျိုး ရောဂါပိုးကူးစက်၀င်ရောက်ခြင်းတွေကို ခန္ဓာကိုယ်ပြန်လည် ခုခံတိုက်ခိုက်နိုင်စွမ်းအားနည်းနေလို့ပါ။
7. မျိုးဗီဇ
အချို့အမျိုးသမီးတွေဟာ မျိုးရိုးဗီဇအရ ဆီးလမ်းကြောင်းပိုး၀င်နိုင်ချေမြင့်မားကြပြီး သူတို့ရဲ့ဆီးသွားပြွန်ဟာလည်း ဘက်တီးရီးယားပိုး အလွယ်တကူကပ်ငြိနိုင်ပါတယ်။
♦ ဘယ်လိုအခြေအနေမျိုးမှာ ဆရာ၀န်နဲ့ ချက်ချင်းပြသ တိုင်ပင်ဆွေးနွေးသင့်သလဲ
ပိုးသတ်ဆေးသောက်ပြီးငါးရက်နေတဲ့အထိမှ ရောဂါလက္ခဏာတွေမသက်သာရင် ဆရာ၀န်နှင့် ပြန်လည် ပြသတိုင်ပင်သင့်ပါတယ်။
ဒါ့အပြင်ဆီးလမ်းကြောင်းပိုး၀င်ခြင်း ခံစားနေရပြီး ကိုယ်အပူချိန်အရမ်းတက်လာရင်၊ ကိုယ်၀န်ဆောင်ထားရတဲ့ မိခင်လောင်းဖြစ်နေရင်၊ သွေးချို ဆီးချိုရောဂါရှိနေရင်လည်း ဆရာ၀န်နဲ့ ပြသတိုင် ပင်ရပါတယ်။
♦ ဆီးလမ်းကြောင်း ပိုး၀င်ခြင်းအမျိုးအစားဘယ်နှစ်မျိုးရှိပါသလဲ
ဆီးသွားပြွန်နဲ့ဆီးအိမ်မှာ ပိုး၀င်ရင်ဆီးလမ်းကြောင်း အောက်ပိုင်းပိုး၀င်ခြင်းလို့ခေါ်ပါတယ်။
ကျောက်ကပ်နဲ့ဆီးပြွန်မှာပိုး၀င်ရင် ဆီးလမ်းကြောင်း အထက်ပိုင်းပိုး၀င်ခြင်းလို့ခေါ်ပါတယ်။
ဆီးလမ်းကြောင်းအထက်ပိုင်းပိုး၀င်ခြင်းဖြစ်ရင် ကျောက်ကပ်ပျက်စီးဖို့အခွင့်အလမ်းပိုများတဲ့အတွက် ပိုကြောက်ရပါတယ်။
ဆေးပညာအခေါ်အရဆိုရင်တော့ ဆီးအိမ်ပိုး၀င်ရင် cystitis လို့ခေါ်ပြီး ဆီးပြွန်ပိုး၀င်ရင် urethritis လို့ခေါ်ပါတယ်။
ရောဂါပြင်းထန်မှုအခြေအနေပေါ်မူတည်ပြီးတော့လည်းသာမန်ဆီးလမ်းကြောင်း ပိုး၀င်ခြင်း Simple UTI နဲ့ ပြင်းထန်သော ဆီးလမ်းကြောင်းပိုး၀င်ခြင်း complicated UTI ဆိုပြီးလည်းခွဲခြားပါတယ်။
♦ ဘာရောဂါလက္ခဏာတွေ ခံစားရမှာလဲ
ဆီးလမ်းကြောင်းမှာ ပိုး၀င်တဲ့အခါ ဆီးအိမ်နဲ့ဆီးသွားပြွန်တစ်လျှောက် ရောင်ရမ်းလာပါတယ်။ အဲဒီလို ရောင်ရမ်းလာတဲ့အတွက်ကြောင့် ဆီးစပ်တစ်၀ိုက်နဲ့ ၀မ်းဗိုက်အောက်ပိုင်းမှာ နာကျင်လာသလို ဆီးမကြာခဏ သွားချင်နေပါလိမ့်မယ်။ တစ်ခါတလေဆီးသွားချင်နေပေမယ့် သွားလိုက်တဲ့အခါ ဆီးစက်အနည်းငယ်ပဲထွက်လာပြီး ပူစပ်ပူလောင်ခံစားရတတ်ပါတယ်။ တချို့သူတွေမှာတော့ ဆီးမထိန်းနိုင်တာမျိုးလည်းရှိတတ်ပါတယ်။
ဆီးသွားပြွန်ကနေ၀င်လာတဲ့ပိုးဟာ ကျောက်ကပ်အထိရောက်သွားပြီဆိုရင်တော့ ခါးနာ၊ ခါးကိုက်ပြီး ကိုယ်အပူချိန်တက်လာပါတယ်။ ချက်ချင်းကုသမှုခံယူဖို့လိုပါတယ်။ မကုရင် ကျောက်ကပ်ထဲက ပိုးက သွေးကြောတွေကနေတဆင့် တစ်ကိုယ်လုံးကိုပျံ့နှံ့သွားပြီး အသက်အန္တရာယ်ရှိပါတယ်။
♦ ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရမလဲ
ဆီးကို အဏုကြည့်မှန်ပြောင်းနှင့်စစ်ဆေးကြည့်ရှုခြင်း (Urinalysis) ၊ ဆီးတွင်ပိုးရှိမရှိ မွေးမြူကြည့်ခြင်း (Urine Culture)တို့ကို ပြုလုပ်နိုင်ပါတယ်။
၀မ်းဗိုက်ကို တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (USG)၊ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan) တွေလည်း ရံဖန်ရံခါလိုအပ်လာနိုင်ပါတယ်။
♦ ဘယ်လိုကုသမှုခံယူရမလဲ
သာမန်ဆီးလမ်းကြောင်းပိုး၀င်ခြင်း (Simple UTI) ဟာပိုးသတ်ဆေး (၃) ရက်ခန့်ပေးရုံ နဲ့ ပျောက်ကင်းသက်သာပါလိမ့်မယ်။ အသုံးများတဲ့ ဆေးတွေကတော့ Sulfamethoxazole-trimethoprim၊ Amoxicillin၊ Nitrofurantoin၊ Ampicillin၊ Ciprofloxacin နဲ့ Levofloxacin တို့ဖြစ်ပါတယ်။ တစ်ခါတလေတော့ ရက်သတ္တပတ်ပေါင်းများစွာချီပြီး ဆေးသောက်မှ ပျောက်ကင်းတာ မျိုးလည်းရှိပါတယ်။ ပိုးသတ်ဆေး အမျိုးအစားပေါ်မူတည်ပြီး တစ်နေ့တစ်ကြိမ်တည်း သောက်ရတာရှိသလို တစ်နေ့လေးကြိမ် သောက်ရတာလည်း ရှိပါတယ်။ တစ်ခါနှစ်ခါသောက် ပြီးရုံနဲ့ ဆီးစပ်ကိုက်တာ၊ ဆီးမကြာခဏ သွားချင်တာစတဲ့ ရောဂါလက္ခဏာတွေ သက်သာသွားနိုင်ပေမယ့် ဆေးကိုသောက်ရမယ့် အကြိမ်အရေအတွက် အပြည့်အ၀သောက်ရပါမယ်။ အဲ့လို့ မသောက်ရင် ခဏခဏပြန်ဖြစ်တတ်ပါတယ်။
♦ ပြန်ကောင်းနိုင်ချေဘယ်လောက်ရှိပါသလဲ
သာမန်ဆီးလမ်းကြောင်းပိုး၀င်ခြင်းက သုံးရက်ပိုးသတ်ဆေးသောက်ရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ကုသမှုပြီးတဲ့အခါ ဆီးမှာပိုးရှိ/မရှိ ပိုးပြန်မွေးကြည့်စရာ (Urine Culture) မလိုပါဘူး။
ပြင်းထန်တဲ့ဆီးလမ်းကြောင်းပိုး၀င်ခြင်းဆိုရင်တော့ ဆေးရက်ပြည့်သွားရင် ဆီးမှာပိုးရှိ/မရှိ ပြန်မွေးကြည့်ရပါတယ်။
ကုသမှုပြီးဆုံးလို့မှ ရောဂါလက္ခဏာမသက်သာဘူးဆိုရင်တော့ ဆေးကို ရက်တိုးသောက်ခြင်း၊ ဆေးပြောင်းခြင်း၊ ပိုးသတ်ဆေးထိုးခြင်းတို့ ပြုလုပ်ရပါမယ်။
♦ နောက်ဆက်တွဲအနေနဲ့ ဘာပြဿနာတွေ ဖြစ်နိုင်ပါသလဲ
ဆီးလမ်းကြောင်းပိုး၀င်ခြင်းကနောက်ဆက်တွဲပြဿနာဖြစ်ခဲပါတယ်။ ဖြစ်ပြီ ဆိုရင်တော့ ပြင်းထန်နိုင်ပြီး ကျောက်ကပ် အလုပ်မလုပ်တော့တဲ့အထိ ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်အားနည်းသူတွေနဲ့ နာတာရှည်ရောဂါတစ်မျိုးမျိုးရှိသူတွေ (ဥပမာ - သွေးချိုဆီးချိုေ၀ဒနာရှင်) မှာ နောက်ဆက်တွဲ ပြဿနာ၀င်တာများပါတယ်။
♦ မဖြစ်ပွားအောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ
- လိင်ဆက်ဆံပြီးတိုင်းဆီးသွားပေးပါ။
- ဆီးသွားတဲ့အခါ ဆီးအကုန်ကုန်ရင် စက္ကန့်အနည်းငယ်နားပြီးထပ်မံညှစ်ကာဆီးထပ်သွားအောင် ကြိုးစားကြည့်ပါ။ ဆီးကျန်မရှိစေရန်ဖြစ်ပါတယ်။
- အလေးသွားပြီးတဲ့အခါ အရှေ့မှအနောက်သို့သာသန့်စင်ပေးပါ။ ဒါမှသာ စအိုတစ်၀ိုက်က ဘက်တီးရီးယားတွေ ဆီးသွားပြွန်ဆီမရောက်မှာပါ။
- ၀မ်းမချုပ်စေရန် ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံများများစားပါ။ ရေများများသောက်ပါ။
♦ ဘယ်လိုအစားအစာတွေ ရှောင်သင့်ပါသလဲ
အောက်မှာဖော်ပြထားတဲ့ အစားအစာတွေဟာဆီးအိမ်ကိုလှုံ့ဆော်ပေးတဲ့ အာနိသင်ရှိတဲ့ အပြင် ဆီးလမ်းကြောင်းပိုး၀င်တဲ့ ရောဂါလက္ခဏာတွေကိုပိုဆိုးစေတတ်ပါတယ်။ ဒါကြောင့် ကုသမှုခံယူနေစဉ် ရောဂါမပျောက်ကင်းခင်မှာဒီအစားအသောက်တွေကိုရှောင်သင့်ပါတယ်။
(1) ကော်ဖီ
(2) အရက်နှင့်အယ်လ်ကိုဟောပါသောအရည်များ
(3) ကာဗွန်ပါသောအချိုရည်များ
(4) အချဉ်ဓာတ်များသောအသီးများ (Citris Acid ပါ၀င်မှုမြင့်မားတဲ့ အသီးအနှံတွေကိုဆိုလိုတာပါ။ သံပုရာသီး၊ လိမေ္မာ်သီး၊ ဂရိတ်ဖရု၊ ခရမ်းချဉ်သီး၊ ပန်းသီး၊ မက်မွန် သီး၊ စပျစ်သီး၊ ဇီးသီး၊ စတော်ဘယ်ရီနဲ့ နာနတ်သီးတွေဖြစ်ပါတယ်။)
(5) ငရုတ်သီးနှင့် အစပ်လွန်ကဲသောအစားအသောက်များ
♦ ဘယ်လိုအစားအစာတွေ စားပေးသင့်သလဲ
အဓိကအချက်ကတော့ ရေများများသောက်ပေးပါ။ တစ်နေ့ကိုသုံးလီတာလောက်တော့ အနည်းဆုံးသောက်သင့်ပါတယ်။
အာဟာရပြည့်၀တဲ့ အစားအစာတွေကို စားသုံးပေးပါ။
Dr. Htet Htet Aung






























