/
news/ကျန်းမာရေး-z/ဆီးအရောင်ဘာကြောင့်ပြောင်းတာလဲ

ဆီးအရောင်ဘာကြောင့်ပြောင်းတာလဲ

Category
ကျန်းမာရေး (A-Z)

        ပုံမှန်ဆီးအရောင်က urochrome လို့ခေါ်တဲ့ အရောင်ခြယ်ပစ္စည်း ပါဝင်မှုပမာဏအပေါ်မူတည်ပြီး အဝါဖျော့ဖျော့ကနေ ပယင်းရောင်ရင့်ရင့်ထိ ဖြစ်နိုင်ပါတယ်။ အစားအစာအချို့နဲ့ ဆေးဝါးအချို့မှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းနဲ့ အခြားပါဝင်မှုတွေကြောင့်လည်း ဆီးရောင်ပြောင်းနိုင်ပါတယ်။ မုန်လာဥနီ၊ ဘယ်ရီသီးစတာတွေက ဆီးရောင်ပြောင်းစေနိုင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဆေးအများအပြားကြောင့် လည်း အနီရောင်၊ လိမေ္မာ်ရောင်၊ စိမ်းပြာရောင် ဆီးအရောင်တွေ သွားစေနိုင်ပါတယ်။

        ဆီးရောင်ပုံမှန်မဟုတ်ခြင်းက ရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ ဥပမာ အနီရင့်ရောင်၊ အညိုရောင် ဆီးအရောင်က မွေးရာပါသွေးနီဥပုံမှန်မဟုတ်တဲ့ရောဂါတစ်မျိုး (porphyria) ကြောင့်ဖြစ်နိုင် ပါတယ်။

ရောဂါလက္ခဏာများ

        ရေသောက်ထားတဲ့ပမာဏအပေါ်မူတည်ပြီး ပုံမှန်ဆီးအရောင်ပြောင်းလဲနိုင်ပါတယ်။ ရေသောက်တာ များရင် ဆီးထဲမှာပါဝင်တဲ့ အရောင်ခြယ်ပစ္စည်းကျဲသွားပြီးတော့ ဆီးအရောင်ကြည်နေစေပါတယ်။ ရေသောက် နည်းတဲ့အခါမှာ ဆီးရောင်ပိုရင့်တတ်ပြီး ရေဓာတ်အလွန်အမင်းခမ်းခြောက်ရင် ပယင်းရောင် အရောင်ရင့်ရင့်ဆီးသွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာလည်း ဘာရောဂါမှမရှိဘဲ ဆီးရောင်ပြောင်းနိုင်ပါတယ်။

ဆေးရုံဆေးခန်းပြသင့်သော အခြေအနေများ

ဆီးထဲတွင်သွေးပါခြင်း - ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်မှာကျောက်တည်ခြင်းတွေကြောင့် ဆီးထဲမှာ သွေးပါတတ်ပါတယ်။ ဒီနှစ်မျိုးစလုံးမှာ ဗိုက်အောင့်တာနာတာနဲ့ တွဲနေတတ်ပါတယ်။ နာကျင်ခြင်းမရှိဘဲ ဆီးထဲသွေးပါတာဆိုရင် ကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နို်င်ပါတယ်။

ဆီးရောင်မည်းမည်း (သို့) လိမေ္မာ်ရောင်ဆီး - ဝမ်းရောင်ဖျော့ဖျော့သွားခြင်း၊ အသားဝါခြင်းတွေနဲ့ ပါတွဲပြီးဖြစ်ရင် အသည်းရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။

ဆီးအရောင်ပြောင်းစေသော အကြောင်းအရင်းများ

        အများအားဖြင့် ဆေးများ၊ အစားအစာများနှင့် ဆိုးဆေးတွေကြောင့် ဆီးရောင်ပုံမမှန်တာတွေဖြစ် တတ်ပြီး ရောဂါကြောင့်လည်းဖြစ်နိုင်ပါတယ်။

 

1. အနီရောင်ဆီး

ဆီးထဲတွင်သွေးပါခြင်း - ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊  ဆီးကျိတ်ကြီးခြင်း၊ ကင်ဆာ၊ ကျောက်ကပ်ရေအိတ်တည်ခြင်း၊ အဝေးကြီးပြေးထားခြင်း၊ ကျောက်ကပ် (သို့) ဆီးအိမ်တွင်ကျောက်တည်ခြင်း။

အစားအစာ - မုန်လာဥနီ၊ ဘယ်ရီသီး

ဆေးများ - TB ဆေး (rifampicin, Phenazopyridine)၊ ဝမ်းပျော့ဆေး၊ ဆီးလမ်းကြောင်းအနာသက်သာစေသော ဆေးများ၊ ကင်ဆာဆေးများ

 

2. လိမေ္မာ်ရောင်ဆီး

ရောဂါများ - အသည်း (သို့) သည်းခြေပြွန်ရောဂါတစ်မျိုးမျိုး (အထူးသဖြင့် ဝမ်းရောင်ဖျော့ဖျော့သွားလျှင်)၊ ရေဓာတ်ခမ်းခြောက်ခြင်း၊

 

3. အစိမ်းရောင် (သို့) အပြာရောင်ဆီး

ဆိုးဆေးများ - အရောင်တောက်တဲ့ အစားအစာအချို့မှာပါဝင်တဲ့ ဆိုးဆေးတွေကြောင့် အစိမ်းရောင်ဆီးတွေသွားနိုင်ပါတယ်။ ကျောက်ကပ်နဲ့ ဆီးအိမ်ကောင်းမကောင်းစစ်ဆေးတဲ့အခါမှာ သုံးတဲ့ဆိုးဆေးတွေကြောင့် ဆီးရောင် အပြာရောင်ပြောင်းစေနိုင်ပါတယ်။

ဆေးများ - amitriptyline, indomethacin, propofol

ရောဂါများ - မွေးရာပါကယ်ဆီယမ်ဓာတ်များသောရောဂါ (familial benign hypercalcemia) - ရှားပါးရောဂါတစ်မျိုးဖြစ်ပြီး ဒီရောဂါရှိတဲ့ ကလေးတွေမှာ ဆီးအပြာရောင်သွားတတ်တဲ့အတွက် blue diaper syndrome လို့လည်းခေါ်ပါတယ်။ Pseudomonas ဘက်တီးရီးယားပိုးကြောင့် ဆီးလမ်းကြောင်းပိုးဝင်ရင် ဆီးအရောင် အစိမ်းရောင်ဖြစ်တတ်ပါတယ်။

 

4. အညိုရောင်ရင့်ရင့်ဆီး

အစားအစာများ - အစိမ်းရောင်၊ အဝါရောင်သစ်သီးများ၊ ရှားစောင်းလက်ပတ်

ဆေးများ - ငှက်ဖျားဆေးများ (chloroquine, primaquine), ပိုးသတ်ဆေး (metronidazole), nitrofurantoin, ဝမ်းပျော့ဆေး, အကြောပျော့ဆေး ( methocarbamol)

ရောဂါများ - အသည်း၊ကျောက်ကပ်ရောဂါအချို့နှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ပြင်းထန်သောလေ့ကျင့်ခန်းများ - လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းကြောင့် ကြွက်သားထိခိုက်ဒဏ်ရာရခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း။

 

5. ဆီးရောင်နောက်ခြင်း

        ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းများကြောင့် ဆီးရောင်နောက်တတ်ပါတယ်။

ဆီးရောင်ပြောင်းစေရန် ဖြစ်နိုင်ချေများသောအချက်များ

        အရောင်များသောသစ်သီးများ အစားအစာများစားခြင်း၊ အချို့သောဆေးဝါးများကြောင့် ဆီးရောင်ပြောင်းစေနိုင်ပေမယ့် အန္တရာယ်မရှိပါဘူး။

ရောဂါကြောင့်ဆီးရောင်ပြောင်းစေနိုင်တဲ့အချက်တွေကတော့

အသက် - အသက်ကြီးတဲ့သူတွေမှာ ဆီးအိမ်နှင့် ကျောက်ကပ်ကင်ဆာဖြစ်နိုင်ချေများပြီး ဆီးထဲမှာသွေးပါတတ်ပါတယ်။ အသက် 50 အထက်အမျိုးသားတွေမှာ ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးထဲမှာသွေးပါတတ်ပါတယ်။

လိင် - အမျိုးသမီးတွေတစ်ဝက်ကျော်ကျော်လောက်က သူတို့ရဲ့ဘ၀တလျှောက်မှာတစ်ကြိမ်လောက်တော့ ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီးထဲမှာသွေးပါခြင်းကို ကြုံတွေ့ဖူးကြပါတယ်။ ကျောက်ကပ်နှင့် ဆီးအိမ်ကျောက်တည်ခြင်းတွေက အမျိုးသားတွေမှာပိုပြီးဖြစ်လေ့ရှိကြပါတယ်။

မိသားစုရောဂါရာဇဝင် - မိသားစုထဲမှာ ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်တာတွေရှိရင် အခြားမိသားစုဝင်တွေမှာလည်း ဖြစ်နိုင်ချေများပါတယ်။

ပြင်းထန်သောလေ့ကျင့်ခန်းများ - တာဝေးပြေးသမားတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစ်ပေမယ့် ဘယ်သူမဆို လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ရင် ဆီးထဲမှာ သွေးပါနိုင်ပါတယ်။

စစ်ဆေးမှုများ

ဆီးစစ်ခြင်း - ဆီးစစ်ပြီး ဆီးထဲမှာ သွေးဆဲလ်၊ အသားဓာတ်မြင့်မားမှုနဲ့ သတ္တုဓာတ်တွေပါ/မပါကြည့်နိုင်ပါတယ်။ ဒါတွေပါရင် ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ရောဂါတစ်ခုခုရှိတာကို ညွှန်ပြပါတယ်။ ဘက်တီးရီးယားပိုးရှိ/မရှိလည်းကြည့်နိုင်ပါတယ်။

သွေးစစ်ခြင်း - သွေးထဲရှိ creatinine နဲ့ urea ပမာဏ (ကျောက်ကပ်ပျက်စီးပြီး ကောင်းကောင်းမစစ်ထုတ်နိုင်တော့တဲ့အတွက် သွေးထဲတွင် စုပုံလာသော စွန့်ပစ်ပစ္စည်းများ) ကိုတိုင်းတာနိုင်ပါတယ်။

ကုထုံးများ

         ဆီးရောင်ပြောင်းတာအတွက် ကုထုံးမရှိပါဘူး။ ဆီးရောင်ပြောင်းခြင်းဖြစ်စေတဲ့ နောက်ခံရောဂါ အကြောင်းအရင်းကိုရှာပြီး ကုသမှုခံယူရပါမယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com