/
news/ကျန်းမာရေး-z/ဆီးအိမ်ကင်ဆာ-bladder-cancer

ဆီးအိမ်ကင်ဆာ (Bladder Cancer)

Category
ကျန်းမာရေး (A-Z)

        ဆီးအိမ်ကင်ဆာသည် ဆီးအိမ်၏ အတွင်းသားနံရံရှိဆဲလ်များမှ ဖြစ်ပွားသော ကင်ဆာဖြစ်ပါသည်။ ဆီးအိမ်သည် ဘောလုံးသဏ္႑ာန်ရှိသော အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး တင်ပါးဆုံပိုင်းမှာရှိပါသည်။

        ဆီးအိမ်ကင်ဆာရှိနေကြောင်းကို အစပိုင်းအဆင့်၌ပင် စစ်ဆေးသိရှိနိုင်ပြီး ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

        သို့သော် ဆီးအိမ်ကင်ဆာဟာ ပြန်ဖြစ်နိုင်တာကြောင့် မှန်မှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

 

ဖြစ်ပွားရသည့် အကြောင်းအရင်း

 

        ဆီးအိမ်ကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေသောအကြောင်းအရင်းများမှာ -

-      ဆေးလိပ်သောက်သူများ

-      အသက်အရွယ်ကြီးသူများ

-      လူဖြူများ

-      အမျိုးသားများ

-      အိမ်သုတ်ဆေးနှင့် ဆိုးဆေးအမျိုးမျိုးကို ထိတွေ့မှုများသူများ

-      Cyclophosphamide ကင်ဆာကုသ ဆေးသုံးစွဲဖူးသူများ

-      ဆီးချိုဆေး pioglitazone နှင့် ၎င်းပါ၀င်သော ဆေးဝါးများသုံးစွဲနေသူများ

-      မကြာခဏ ဆီးအိမ်ရောင်လေ့ရှိသူများ

-      ကင်ဆာမျိုးရိုးရှိသူများတို့ဖြစ်ပါတယ်။

 

အမျိုးအစား

 

        စတင်ဖြစ်ပွားသော ဆဲလ်အမျိုးအစားပေါ်မူတည်၍  Transitional Cell Carcinoma,   Squamous Cell Carcinoma နှင့် Adenocarcinoma ဆိုပြီးခွဲခြားနိုင်ပါတယ်။ အချို့သော ဆီးအိမ်ကင်ဆာများတွင် တစ်မျိုးထက်ပိုသော ဆဲလ်များပါ၀င်နေပါတယ်။

 

ရောဂါလက္ခဏာများ

 

- ဆီးထဲတွင် သွေးပါခြင်း

- မကြာခဏ ဆီးသွားခြင်း

- ဆီးသွားလျှင် နာကျင်ခြင်း

- ခါးကိုက်ခြင်း

- တင်ပါးဆုံကိုက်ခြင်း

 

အဆင့်

 

အဆင့် I – ဆီးအိမ်ရဲ့အတွင်းသားများမှာသာ Cancer ဆဲလ်များကို တွေ့ရပါတယ်။

အဆင့် II - ဒီအဆင့်မှာတော့ ကင်ဆာဆဲလ်များဟာ ဆီးအိမ်ရဲ့နံရံကို ရောက်ရှိနေပါပြီ။

အဆင့် III - ကင်ဆာဆဲလ်များဟာ ဆီးအိမ်မှတစ်ဆင့် အနီးအနားရှိ ဆီးကျိတ်၊သားအိမ်နဲ့

မိန်းမကိုယ် တို့ကိုပါ ပျံ့နှံ့နေပါပြီ။

အဆင့် IV - ကင်ဆာဆဲလ်များကို ပြန်ရည်ကြောအကျိတ်များ၊ အရိုး၊ အဆုတ်နှင့် အသည်းတို့မှာပါ တွေ့ရပါတယ်။

          ဆီးအိမ်ကင်ဆာ၏အဆင့်များကို CTscan, MRI, Bone Scan, Chest Xray တို့ဖြင့် ခွဲခြား နိုင်ပါတယ်။

 

စစ်ဆေးခြင်း

 

        ဆီးအိမ်ကင်ဆာရှိနေကြောင်းကို အောက်ပါနည်းလမ်းများဖြင့် စမ်းသပ်သိရှိနိုင်ပါတယ်။

၁။ ဆီးအိမ်အတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ရှုခြင်း (Cystoscopy)

၂။ ဆီးအိမ်မှ အသားစယူခြင်း (Biopsy)

၃။ ဆီးစစ်ဆေးခြင်း (Urine Cytology)

၄။ CT Scan ရိုက်ခြင်း

 

ကုသခြင်း

 

        ရောဂါရဲ့ လက်ရှိရောက်နေတဲ့အဆင့်၊ လူနာရဲ့ အထွေထွေကျန်းမာရေးအခြေအနေနဲ့ ရွေး ချယ်မှုပေါ်မှာမူတည်ပြီး ကုထုံးကို ရွေးချယ်ရပါတယ်။

1. ခွဲစိတ်ကုသခြင်း (Surgical Treatment)                            

ကင်ဆာကျိတ်ဟာ အလွန်သေးငယ်ပြီး ဆီးအိမ်ရဲ့အတွင်းသားအပေါ်ယံအလွှာအတွင်းမှာပဲ ရှိသေး    မယ်ဆိုရင် ဒီအကျိတ်လေးကိုပဲ ခွဲထုတ်ပြီးကုသနိုင်ပါတယ်။

အကယ်၍ ဆီးအိမ်နံရံအောက်တွင်းက အလွှာတွေထိ ပျံ့နှံ့နေပြီဆိုရင်တော့ ဆီးအိမ်တစ်ခုလုံးကို ဖယ်ရှားပစ်ရပြီး ဆီးသွားဖို့အတွက် လမ်းကြောင်းအသစ်တစ်ခုကို ပြုလုပ်ပေးခဲ့ရပါတယ်။

2. ခုခံစွမ်းအားစနစ်မြှင့်တင်ပေးခြင်းဖြင့် ကုသခြင်း (Immunotherapy)

Immunotherapy ကို Biological Therapy လို့လဲခေါ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ် (Immune System) ကိုမြှင့်တင်ပေးပြီး ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ဖို့အတွက် ဆေးတွေကို ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးအိတ်ထဲ တိုက်ရိုက်ထည့်သွင်း ကုသခြင်းဖြစ်ပါတယ်။

3. ကင်ဆာဆေးသွင်းခြင်း (Chemotherapy)

 

Chemotherapy ဆေး 2 မျိုး (သို့) 2မျိုးနဲ့အထက်ကိုပေါင်းပြီး ကင်ဆာဆဲလ်တွေကို သတ်ဖို့အတွက် လက်မောင်းသွေးကြောမှဖြစ်စေ၊ ဆီးလမ်းကြောင်းမှတဆင့် ဆီးအိတ်အတွင်းသို့ဖြစ်စေသွင်းပြီး ကုသရပါတယ်။

          Chemotherapy ကို မခွဲစိတ်ခင်မှာလဲ သွင်းသလို ခွဲစိတ်ပြီး နောက်ပိုင်း ကြွင်းကျန်ခဲ့တဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တဲ့နေရာမှာလည်း အသုံးပြုပါတယ်။  Radiation Therapy (ဓာတ်ရောင်ခြည်ကုသခြင်း)နဲ့လည်း တွဲပြီးကုသပါတယ်။

 

4. ဓာတ်ရောင်ခြည်ပြပြီးကုသခြင်း (Radiation Therapy)                                                                                                                                                                

         Radiation Therapy ဆိုတာ စွမ်းအားမြင့်ရောင်ခြည်ကိုသုံးပြီး ကင်ဆာဆဲလ်တွေကို          ဖျက်ဆီးပစ်ခြင်းဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေရှိတဲ့နေရာ အတိအကျကို ရောင်ခြည်ပေးဖို့ နည်းပညာမြင့် စက်ကိရိယာတွေကို အသုံးပြုဖို့နဲ့ ကျွမ်းကျင်၀န်ထမ်း Technician တွေကို ထားရှိဖို့ကလည်း အရေးကြီးပါတယ်။

 

ကာကွယ်ခြင်း

 

        ဆီးအိမ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းမရှိပေမယ့် ဖြစ်နိုင်ခြေ အလားအလာကို လျှော့ချပေးဖို့ လုပ်ဆောင်ရမယ့်နည်းလမ်းတော့ ရှိပါတယ်။

1. ဆေးလိပ်လုံး၀မသောက်ပါနဲ့။

        ဆေးလိပ်ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါ၀င်တဲ့အတွက် လုံး၀ရှောင်ကြဉ်သင့်ပါတယ်။

2. ဓာတုပစ္စည်းများကို သတိနဲ့ကိုင်တွယ်ပါ။

        ဓာတုပစ္စည်းတွေနဲ့ နေ့စဉ်ထိတွေ့ကိုင်တွယ်နေရတဲ့သူတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်လမ်းညွှန်ချက်တွေအတိုင်း အတိအကျလိုက်နာသင့်ပါတယ်။

 

3. ရေများများသောက်ပါ။

           အရည်များ အထူးသဖြင့် ရေဟာ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို ဆီးကနေတစ်ဆင့် ကိုယ်ခန္ဓာပြင်ပ မြန်မြန်ရောက်သွားအောင် ပြုလုပ်ပေးပါတယ်။ ဒါကြောင့် တချို့ရောဂါတွေအတွက် ဓာတ်ရောင်ခြည်ဆေးများသွင်းပြီးမှ ကြည့်ရတဲ့ CT Scan, MRI စတာတွေနဲ့ ရောဂါရှာဖွေပြီးသွားရင် အဲဒီတစ်နေ့လုံး ရေများများသောက်၊ ဆီး များများသွားခိုင်းတာပဲဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တစ်နေ့ မှာ ရေ 2 လီတာ သောက်ပေးဖို့ အကြံပြုထားပါတယ်။

 

4. အသီးအနှံနှင့် အသီးအရွက်များ များများစားပါ

 

          နေ့စဉ်စားသောက်တဲ့ အစားအသောက်အစီအစဉ် (Meal Plan) ထဲမှာ အသီးအနှံ တစ်ခုခု၊ အသီးအရွက်တစ်မျိုးမျိုးကို ထည့်သွင်းထားပါ။ ဒီအစားအသောက်တွေက ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျှော့ချပေးတဲ့ Antioxidant (ဓာတ်တိုးပစ္စည်းဆန့်ကျင်သောဓာတ်)   တွေကို ခန္ဓာကိုယ်ထဲမှာ များလာစေပါတယ်။