/
news/ကျန်းမာရေး-z/ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ခြင်း

Category
ကျန်းမာရေး (A-Z)

          ဆံပင်ကျွတ်ခြင်းဟာ ယောကျာ်းမိန်းမမရွေး၊ အရွယ်မရွေး ဖြစ်လေ့ရှိပြီး မျိုးရိုးဗီဇ၊ ဟော်မုန်း အပြောင်းအလဲ၊ ဆေးဝါးများသောက်သုံးခြင်းနှင့် တချို့သောရောဂါအခြေအနေကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။

          အသက်အရွယ်ကြီးလာချိန်တွင် သဘာဝအလျောက်ဆံပင်ကျဲပါးလာခြင်းက မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး ထိပ်ပြောင်ရခြင်းရဲ့ အဓိကအကြောင်းရင်းတခုဖြစ်ပါတယ်။ ဆံပင်ကျွတ်ခြင်းကို အချို့သောသူတွေက ဒီအတိုင်း ထားလေ့ရှိပြီး အချို့သောသူတွေက ဦးထုပ်ဆောင်းခြင်း၊ ဆံပင်ပုံစံပြောင်းခြင်း စတာတွေနှင့် ဖုံးကွယ်လေ့ရှိ ပါတယ်။ ဆံပင်ကျွတ်တာများတယ်ဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးကုသမှုခံယူသင့်ပါတယ်။

လက္ခဏာများ

        ဖြစ်ပေါ်စေတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ဆံပင်ကျွတ်တာအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ရုတ်တရက်ဖြစ်နိုင် သလို တဖြည်းဖြည်းချင်း ကျဲပါးသွားတာလည်းတွေ့ရပါတယ်။

1. ဦးခေါင်းထိပ်ရှိဆံပင်များ တဖြည်းဖြည်းပါးလာခြင်း

        အဖြစ်အများဆုံးပုံစံဖြစ်ပြီး အသက်အရွယ်ကြီးလာတဲ့အမျိုးသား၊ အမျိုးသမီးတွေမှာ တွေ့ရလေ့ရှိပါတယ်။ အမျိုးသားတွေက နဖူးကစ၍ တဖြည်းဖြည်းဆံပင်တွေကျွတ်လာတာဖြစ်ပြီး အမျိုးသမီးတွေက တခေါင်းလုံး တဖြည်းဖြည်းချင်း ကျဲလာတာဖြစ်ပါတယ်။

2. တနေရာတည်းကွက်၍ ဆံပင်ကျွတ်ခြင်း

        အချို့သောလူတွေမှာ တနေရာတည်းကွက်ပြီး ဆံပင်ကျွတ်လေ့ရှိပါတယ်။ ဦးရေပြား၊ ဆံပင်များသာမက မုတ်ဆိတ်၊ မျက်ခုံးမွေး စတဲ့နေရာရှိ အမွှေးအမျှင်တွေပါကျွတ်တာကို တွေ့ရပါတယ်။ ဆံပင်မကျွတ်ခင်မှာ နာကျင်မှု၊ ယားယံမှုတွေကို ခံစားရပါတယ်။

3. ဆံပင်များရုတ်တရက် ကျဲပါးလာခြင်း

        စိတ်ဖိစီးမှုများခြင်းနှင့် ကျန်းမာရေးပြဿနာတွေကြောင့်ရက်တိုအတွင်းမှာ ဆံပင်တွေရုတ်တရက် ကျဲပါးလာနိုင်ပါတယ်။ တနေရာတည်းမှာ ကွက်ပြီးကျွတ်တာမျိ်ုးမဟုတ်ဘဲ တခေါင်းလုံးရှိ ဆံပင်တွေ တဖြည်းဖြည်းပါးလာတာဖြစ်ပါတယ်။

4. တကိုယ်လုံးရှိ အမွှေးအမျှင်များနည်းပါးလာခြင်း

        ကင်ဆာရောဂါအတွက် ကုထုံးခံယူခြင်းအပါအဝင် အချို့သောအခြေအနေတွေကြောင့် တကိုယ်လုံးမှာ ရှိတဲ့ အမွှေးအမျှင်တွေပါးလာလေ့ရှိပြီး များသောအားဖြင့်ပြန်ပေါက်ပါတယ်။

5. ဦးရေပြားတွင် အကြေးခွံကဲ့သို့ အကွက်များပေါ်လာခြင်း

        ပွေးရောဂါရဲ့လက္ခဏာတခုဖြစ်ပါတယ်။ ဆံပင်များကျိုးပဲ့ခြင်း၊ ဦးရေပြားနီမြန်းခြင်း၊ ရောင်ရမ်းခြင်းတို့နှင့်ပါ တွဲလေ့ရှိပါတယ်။

ဆံပင်ကျွတ်ရခြင်းရဲ့ အကြောင်းရင်း

        ပုံမှန်အားဖြင့် လူအများစုဟာ တနေ့လျှင်ဆံပင် 50 မှ 100 ကြား ကျွတ်လေ့ရှိပါတယ်။ တချိန်တည်း မှာဘဲ ဆံပင်အသစ်တွေ ထပ်ထပ်ပေါက်နေတာကြောင့် ဆံပင်ကျွတ်တာကို သတိမထားမိတာဖြစ်ပါတယ်။ ဆံပင်အသစ်တွေ ထပ်မပေါက်တဲ့အခါမှာဖြစ်စေ၊ ဆံပင်အမွှေးအိတ်တွေ ပျက်စီးသွားပြီး အမာရွတ်တွေဖြင့် အစားထိုးခံရတဲ့အခါမှာဖြစ်စေ ထိပ်ပြောင်လာပါတယ်။

          ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကို တိတိကျကျမသိရပေမယ့် အောက်ပါအကြောင်း အရာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။

(1) မျိုးရိုးလိုက်ခြင်း

          အဖြစ်အများဆုံးအကြောင်းအရာတစ်ခုဖြစ်ပြီး အမျိုးသားနှင့်အမျိုးသမီး ထိပ်ပြောင်ပုံချင်းမတူညီပါဘူး။ အမျိုးသားပုံစံနှင့် အမျိုးသမီးပုံစံဆိုပြီး 2 မျိုးရှိပါတယ်။ များသောအားဖြင့် ဖြေးဖြေးချင်းဖြစ်လေ့ရှိပါတယ်။

(2) ဟော်မုန်းပြောင်းလဲခြင်း

          ကိုယ်ဝန်ဆောင်ချိန်ကာလ မွေးချိန်နှင့် သွေးဆုံးချိန်မှာဖြစ်တတ်တဲ့ ဟော်မုန်းပြောင်းလဲခြင်းကြောင့် ယာယီဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် ဟော်မုန်းအပြောင်းအလဲက သိုင်းရွိုက်ဟော်မုန်းနှင့်လည်း ဆက်စပ်မှုရှိတာကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ များခြင်းကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

(3) အချို့သောရောဂါများနှင့် အချို့သောဆေးဝါးများ

          ဦးရေပြားမှိုပိုးဝင်ရောက်တဲ့အခါမှာဖြစ်စေ၊ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က အမွှေးအိတ်တွေကို တိုက်ခိုက်ခံရတဲ့အခါမှာဖြစ်စေ၊ lupus ရောဂါရှိသူတွေမှာဖြစ်စေ၊ အဆစ်ရောင်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ကျဝေဒနာမှာ အသုံးပြုတဲ့ဆေးဝါး၊ သနေ္ဓတားဆေးကြောင့်ဖြစ်စေ၊ ဦးခေါင်းကိုဓာတ်ရောင်ခြည်ကုထုံးဖြင့်ကုသခြင်းကြောင့် ဖြစ်စေ၊ ဆံပင်ကိုတင်းအောင်ပုံသွင်းထားတဲ့ ဆံပင်စတိုင်အချို့ကြောင့်ဖြစ်စေ၊ အလွန်အမင်းအပူပေးထားတဲ့ အဆီများလိမ်းကျံခြင်းကြောင့်ဖြစ်စေ ဆံပင်ကျွတ်နိုင်ပါတယ်။ ဗီတာမင် A ကလည်း ဆံပင်ကျွတ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

          အချို့သောလူတွေမှာ ဆံပင်မဆွဲရမနေနိုင်တဲ့ရောဂါ (trichotillomania) ရှိပြီး ဆံပင်ကိုတချိန်လုံးဆွဲနေတာကြောင့် ထိပ်ပြောင်ခြင်း၊ ထိပ်ကွက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

 (4) စိတ်ဖိစီးမှုများခြင်း

ဘယ်အရွယ်မှာဆံပင်စပြီးပါးလာမလဲ

        ဆံပင်ကျွတ်နှုန်း၊ ဆံပင်ကျွတ်တဲ့အနေအထား စတဲ့အချက်တွေအပေါ်မှာ မျိုးရိုးဗီဇက သက်ရောက်မှု ရှိပါတယ်။ ထိပ်ပြောင်ခြင်းက အမျိုးသားတွေမှာပိုဖြစ်လေ့ရှိပြီး တခါတရံဆံပင်ပါးပြီး တိုလာတာနှင့်တွဲတာ ကိုတွေ့ရပါတယ်။

စစ်ဆေးခြင်း

        ဆရာဝန်က အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် အောက်ပါ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မည်။

- ဆံပင်ကျွတ်ခြင်းနှင့် ဆက်စပ်နေတဲ့ရောဂါရှိ/မရှိ သွေးစစ်ဆေးခြင်း (ဥပမာ- သိုင်းရွိုက်ဟော်မုန်းပမာဏ)

- ဆံပင်စကျွတ်တဲ့ပမာဏကို သိရှိရန်အသာအယာဆွဲကြည့်ခြင်း (Pull test)

- ဦးရေပြားရောဂါပိုးကူးစက်ခံရခြင်း ရှိ/မရှိ သိရှိစေရန် ဆံပင်ရဲ့အမြစ်ကို စစ်ဆေးခြင်း (Scalp biopsy)

- ဆံပင်ကို အဏုကြည့်မှန်ပြောင်းဖြင့်စစ်ဆေးခြင်း

ကုထုံးများ

        ရောဂါအရင်းခံတစ်ခုရှိနေပါက ရောဂါကိုဦးစွာကုသရမှာဖြစ်ပါတယ်။

ဆေးဝါးများ

        အချို့သောဆံပင်ကျွတ်ခြင်းဟာ ထာဝရဖြစ်တာကြောင့် ကုသလိုမရနိုင်ပေမယ့် ယာယီဆံပင်ကျွတ်ခြင်း အတွက် FDA က အသိအမှတ်ပြုထားတဲ့ဆေးဝါးတွေရှိပါတယ်။

ခွဲစိတ်ကုသခြင်း

        ဦးခေါင်းရဲ့ ဘေးဘက်နှင့် နောက်စေ့ရှိဆံပင်အချို့ကိုယူပြီး ထိပ်ပြောင်တဲ့နေရာမှာ အစားထိုးစိုက်ပေး တာဖြစ်ပါတယ်။ နာကျင်မှုဝေဒနာကို ခံစားရနိုင်ပြီး ကုန်ကျစရိတ်များတဲ့ ကုသမှုဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုး အမာရွတ်ကျန်ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း၊ ဆေးကု သ မှုနဲ့ထိရောက်မှုမရှိဘူးဆိုပါက ဆံပင်တုစွပ်နိုင်ပါတယ်။ ယခုအခါသဘာဝဆံပင်နှင့်မခြား အရည်အသွေးကောင်းမွန်တဲ့ဆံပင်တုတွေကို အလွယ်တကူရရှိနိုင်ပြီးဖြစ်ပါတယ်။

ကာကွယ်ခြင်း

        ဆံပင်ကျွတ်ခြင်းဒဏ်မှကင်းဝေးစေရန် အာဟာရဓာတ်ပြည့်ဝအောင်စားသုံးပါ။ ဆံပင်ကို တင်းတင်းကျပ်ကျပ်ချည်နှောင်ခြင်း၊ ထုံးဖွဲ့ခြင်း စတာတွေကိုရှောင်ရှားပါ။ ဆံပင်အားအချိန်တိုင်းပွတ်သပ်ခြင်း၊ ဆွဲခြင်းတို့ မပြုလုပ်မိစေရန် သတိပြုပါ။

          ခေါင်းလျှော်ရာမှာဖြစ်စေ၊ ခေါင်းဖြီးရာမှာဖြစ်စေ ညင်သာစွာလုပ်ဆောင်ပါ။ အသွားကျယ်တဲ့ဘီးက ရှုပ်ထွေးနေတဲ့ဆံပင်ကို ရှင်းလင်းရာမှာလွယ်ကူစေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။ ဖြောင့်စက်အသုံးပြုခြင်း၊ ဆီပူလိမ်ခြင်း၊ အပူချိန်ပြင်းသော Dryer ဖြင့် အခြောက်ခံခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်။

Dr. Htet Htet Aung

www.drmyanmar.com