/
news/ကျန်းမာရေး-z/တကယ်ရှိတဲ့-အသည်းကွဲရောဂါ

တကယ်ရှိတဲ့ "အသည်းကွဲရောဂါ"

Category
ကျန်းမာရေး (A-Z)

        အသည်းကွဲရောဂါဆိုတာ မိမိချစ်သူခင်သူတစ်ဦးသေဆုံးခြင်းကဲ့သို့ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ အခြေအနေ များကြောင့် ခဏတာဖြစ်စေနိုင်တဲ့ နှလုံးအခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ထို့ပြင် ပြင်းထန်တဲ့ရောဂါဝေဒနာ များကြောင့်သော်လည်းကောင်း၊ ခွဲစိတ်ကုသမှုခံယူခြင်းကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။ အသည်းကွဲရောဂါခံစားနေရတဲ့သူတွေဟာ ရုတ်တရက်နှလုံးအောင့်ခြင်းကို ခံစားရနိုင်ပြီး နှလုံးတိုက်ခိုက်ခံရမှုဟု အထင်ရှိတတ်ပါတယ်။

          ထိုဖြစ်စဉ်တွင် နှလုံးရဲ့နေရာတစ်နေရာမှာ ပုံမှန်ညှစ်အားလုပ်ငန်းဆောင်တာတစ်ခုကို ခဏတာနှောင့်ယှက်ခံရတာဖြစ်ပါတယ်။ ကျန်တဲ့နှလုံးရဲ့လုပ်ဆောင်ချက်တွေဟာ ပုံမှန် (သို့) ညှစ်အားတွေအနည်းငယ် ပိုမိုပြင်းထန်လာနိုင်ပါတယ်။ စိတ်ဖိစီးခြင်းဆိုင်ရာဟော်မုန်းတွေ များပြားလာတာကို တုံ့ပြန်တဲ့ နှလုံးရဲ့တုံ့ပြန်ချက်ကြောင့် အသည်းကွဲရောဂါဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

          ထိုရောဂါကြောင့်ဖြစ်တဲ့ရောဂါလက္ခဏာတွေကို ကုသလို့ရတဲ့အပြင် ရက်အနည်းငယ်အကြာမှာလည်း အလိုအလျောက်ပြန်လည်ကောင်းမွန်နိုင်ပါတယ်။

ရောဂါလက္ခဏာများ

        နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ မကြာခဏဆိုသလိုမှားယွင်းတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ -

- ရင်ဘတ်အောင့်ခြင်း

- အသက်ရှူမဝခြင်းတို့ပဲ ဖြစ်ပါတယ်။

          ရင်ဘတ်အောင့်ခြင်းဟာ မသက်သာဘဲကြာရှည်စွာဖြစ်နေပါက နှလုံးတိုက်ခိုက်ခံရမှုဖြစ်နိုင်ပြီး အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်သင့်ပါတယ်။

ဖြစ်ပွားရသည့်အကြောင်းအရင်းများ

        မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို အတိအကျမသိသေးသော်လည်း adrenaline ကဲ့သို့ စိတ်ဖိစီးခြင်းဆိုင်ရာ ဟော်မုန်းများကြောင့် အချို့သူများတွင် နှလုံးကိုခဏတာပျက်စီးစေနိုင်တာလို့ ယူဆကြပါတယ်။

          ထိုဟော်မုန်းတွေနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာ သေချာမသိရပေမယ့် လည်း နှလုံးရဲ့သွေးလွှတ်ကြောတွေ ခဏာတာကျုံ့သွားတာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

          အသည်းကွဲရောဂါဖြစ်စေနိုင်တဲ့ အခြေအနေအချို့မှာ -

- ချစ်သူခင်သူတစ်ယောက် မထင်မှတ်ဘဲ သေဆုံးသွားကြောင်းကို ကြားသိရခြင်း

- ကြောက်လန့်ဖွယ်ရာ ရောဂါတစ်ခုခုရှိနေသည်ကိုသိလိုက်ရခြင်း

- နိုင်လိုမင်းထက် အပြုခံရခြင်း

- ငွေကြေးအမြောက်အများ ရရှိခြင်း (သို့) ဆုံးရှုံးသွားခြင်း

- ပြင်းထန်သော အငြင်းပွားမှုတစ်ခုတွင်ပါဝင်ခြင်း

- အံ့အားသင့်ဖွယ်ရာ ပျော်ပွဲရွှင်ပွဲတစ်ခု ဖန်တီးပေးခံရခြင်း

- လူအများရှေ့တွင် စကားပြောခြင်း၊ သရုပ်ဆောင်ခြင်း

- အလုပ်လက်မဲ့ဖြစ်သွားခြင်း

- လင်မယားကွာရှင်းပြတ်စဲခြင်း

- ပန်းနာရင်ကြပ်၊ ကားမတော်တဆဖြစ်ခြင်း၊ အကြီးစားခွဲစိတ်မှု စတဲ့စိတ်ဖိစီးမှုများ

ရှားရှားပါးပါးအနေဖြင့် အသည်းကွဲရောဂါမှာ အချို့သောဆေးဝါးများကြောင့်လည်း ဖြစ်တတ်ပါတယ်။

- Epinephrine (ဓာတ်မတည့်မှု၊ ပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါတို့ ကုသရာတွင်အသုံးပြုသောဆေး)

- Duloxetine (စိတ်ကျရောဂါ၊ ဆီးချိုရောဂါသည်များအတွက် အာရုံကြောဆိုင်ရာရောဂါတို့ ကုသရာတွင်အသုံးပြုသောဆေး)

- Venlafaxine (စိတ်ကျရောဂါကုသရာတွင် အသုံးပြုသောဆေး)

- Levothyroxine (လည်ပင်းကြီးရောဂါကုသရာတွင် အသုံးပြုသောဆေး)

နှလုံးတိုက်ခိုက်ခံရမှုနဲ့ ဘယ်လိုကွဲပြားပါသလဲ

        နှလုံးတိုက်ခိုက်ခံရမှုဆိုတာ နှလုံးသွေးလွှတ်ကြောတစ်ချောင်းလုံး ပိတ်လုနီးနီး (သို့) လုံးဝပိတ်သွားတဲ့ အခြေအနေကို ခေါ်ပါတယ်။ ထိုသို့ပိတ်ဆို့ရတာဟာ သွေးကြောနံရံမှာ အဆီတွေစုပုံနေတာကြောင့် ကျဉ်းနေတဲ့နေရာတစ်ခုဖြစ်ပေါ်လာပြီး ထိုနေရာမှာပဲ သွေးခဲပိတ်သွားတာဖြစ်ပါတယ်။ အသည်းကွဲရောဂါ မှာတော့ နှလုံးသွေးလွှတ်ကြောမှာ သွေးစီးဆင်းမှုလျော့နည်းသွားတာဖြစ်ပြီး သွေးကြော ပိတ်ခြင်းမရှိပါဘူး။

ရောဂါဖြစ်နိုင်ချေကို မြင့်တက်စေနိုင်တဲ့ အချက်များ

ကျား/မ - အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်လေ့ရှိပါတယ်။

အသက် - အသက် 50 ကျော်အရွယ်တွေမှာပို၍ ဖြစ်ပွားနိုင်ပါတယ်။

- ဦးခေါင်းဒဏ်ရာရခြင်း၊ တက်ရောဂါရှိခြင်း စတဲ့အာရုံကြောရောဂါရှိတဲ့သူတွေမှာ အသည်းကွဲရောဂါဖြစ်နိုင်ချေများပါတယ်။

- စိတ်ပူပန်လွန်းခြင်း (သို့) စိတ်ကျလွယ်ခြင်း စတဲ့စိတ်ရောဂါဝေဒနာခံစားဖူးသူတွေမှာလည်း အသည်းကွဲရောဂါပိုမိုဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

        အများစုသောသူတွေမှာ အသည်းကွဲရောဂါသည် အလျင်အမြန်သက်သာလာပြီး ဘာဆိုးကျိုးမျှ မခံစားရသော်လည်း ရှားရှားပါးပါးဖြစ်စဉ်များတွင်တော့ သေဆုံးသည်အထိဖြစ်တတ်ပါတယ်။

          အခြားနောက်ဆက်တွဲဆိုးကျိုးများမှာ -

- အဆုတ်ထဲရေဝင်ခြင်း

- သွေးပေါင်ကျခြင်း

- နှလုံးခုန်မမှန်ခြင်း

- နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း

          တစ်ခါဖြစ်ဖူးသော်လည်း နောက်တစ်ကြိမ်စိတ်ဖိစီးမှုများလာတဲ့အခါမှာ ထပ်မံဖြစ်ပွားရန် အခွင့်အလမ်းနည်းပါတယ်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း

        ပုံမှန်လုပ်ရိုးလုပ်စဉ် ခန္ဓာကိုယ်စမ်းသပ်ခြင်းများအပြင် ဆရာဝန်သည် နှလုံးရောဂါလက္ခဏာနဲ့ ဆိုင်တဲ့ ဝေဒနာမျိုးတွေခံစားခဲ့ရဖူးခြင်းရှိ/မရှိ စတဲ့ရောဂါရာဇဝင်တွေကိုပါ မေးမြန်းပါလိမ့်မယ်။ အသည်းကွဲရောဂါခံစားနေရသူတွေဟာ ယခုဖြစ်စဉ်မတိုင်မီ နှလုံးနဲ့ပတ်သက်တဲ့ အခြားရောဂါလက္ခဏာတွေ ခံစားခဲ့ဖူးခြင်းမရှိပေ။ ထို့ပြင်ဤဖြစ်စဉ်အတိုင်မီ ပြင်းထန်တဲ့စိတ်ဖိစီးမှု တစ်ခုခုခံစားခဲ့ရခြင်းရှိ/မရှိကိုလည်း ဆရာဝန်မှမေးမြန်းပါလိမ့်မယ်။

1. ECG စက်ဖြင့် နှလုံးစမ်းသပ်ခြင်း

        နှလုံးခုန်မှုကိုဖြစ်စေနိုင်တဲ့ လျှပ်စစ်လှုံ့ဆော်မှုတွေကိုမှတ်တမ်းတင်ခြင်းအားဖြင့် ဆရာဝန်သည် နှလုံး ပုံမှန်ဟုတ်/မဟုတ်ကို သိနိုင်ပါတယ်။

2. နှလုံးဓာတ်မှန်ရိုက်ခြင်း

        နှလုံးကြီးခြင်း၊ နှလုံးပုံသဏ္႑ာန်မမှန်ခြင်းနဲ့ အသည်းကွဲရောဂါရှိ/မရှိကို သိရှိစေရန် ဆရာဝန်မှ နှလုံး ဓာတ်မှန်ရိုက်ရန် ညွှန်ကြားပါလိမ့်မယ်။ နှလုံးရဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့ လုပ်ငန်းဆောင်တာတွေရဲ့ ပုံရိပ်တွေကို အသေးစိတ်ကြည့်ရှုနိုင်မယ့် တယ်လီဗီးရှင်းဓာတ်မှန်တစ်မျိုးပဲဖြစ်ပါတယ်။

3. သွေးစစ်ဆေးခြင်း

        အသည်းကွဲခြင်းရောဂါ ခံစားနေရတဲ့သူတွေမှာ အချို့သောအင်ဇိုင်းတွေမြင့်တက်နေလေ့ရှိ တာကြောင့် ရောဂါရှာဖွေရန် ထိုအင်ဇိုင်းတွေစစ်ဆေးဖို့ကို ဆရာဝန်မှတိုက်တွန်းပါလိမ့်မယ်။

4. ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း

        နှလုံးနှင့် အဆုတ်တွင်ပြဿနာတစ်စုံတစ်ရာရှိ/မရှိကို သိနိုင်ပါတယ်။

5. သံလိုက်လှိုင်းကိုအသုံးပြု၍ နှလုံးဓာတ်မှန်ရိုက်ခြင်း

        လူနာကို သံလိုက်လှိုင်းထုတ်လွှတ်တဲ့ လှိုင်ခေါင်းကဲ့သို့ စက်အတွင်းမှာလဲလျောင်းစေ၍ ပုံရိပ်ဖမ်းယူခြင်းဖြစ်ပါတယ်

6. နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း

        သွေးကြောထဲသို့ ထိုးဆေးတစ်မျိုးကိုထိုး၍ ပုံရိပ်များကို တွဲလိုက်ဖမ်းယူကာ သွေးကြောများကိုကြည့် ရှုခြင်းဖြစ်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်းဖြင့် နှလုံးတိုက်ခိုက်ခံရခြင်း ဟုတ်/မဟုတ်ကို အလျင်အမြန်ခွဲခြားပေးနိုင်မှာဖြစ်ပါတယ်။ အသည်းကွဲရောဂါခံစားရသူတွေမှာ သွေးကြော ပိတ်ဆို့ခြင်းမရှိဘဲ နှလုံးတိုက်ခိုက်ခံရသူများ၌ မူ သွေးကြောပိတ်နေတာတွေ တွေ့ရနိုင်ပါတယ်။

ကုသနည်းများ

        ရောဂါသေချာမသိရသေးမီ အသည်းကွဲရောဂါအတွက် ကုသမှုမှာ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ အတူတူပင်ဖြစ်ပြီး ဆေးရုံတွင် ရောဂါသက်သာသည်အထိ နေရနိုင်ပါတယ်။

          အကယ်၍ အသည်းကွဲရောဂါဆိုတာ သေချာသွားပြီဆိုပါက ဆေးရုံတက်နေစဉ်အတွင်း နှလုံးဆေးများ (ACE inhibitors, beta blockers or diuretics) သောက်သုံးရန် ဆရာဝန်မှညွှန်ကြားပါလိမ့်မယ်။ ထိုဆေးများသည် နှလုံးအလုပ်လုပ်နှုန်းကို လျော့ကျစေတဲ့အပြင် ထပ်မံမဖြစ်ပွားအောင်လည်း ကာကွယ်ပေးပါတယ်။

          လူနာအများစုသည် တစ်လအတွင်း လုံးဝပြန်ကောင်းသွားလေ့ရှိပြီး 3 လမှ 6 လကြာလျှင် ဆေးသောက်ခြင်း ရပ်နားရန်အတွက် ဆရာဝန်နှင့်တိုင်ပင်နိုင်ပါတယ်။

          နှလုံးတိုက်ခိုက်ခြင်းမှာ အသုံးပြုတဲ့ပြွန်တဲ့ခြင်း၊ ခွဲစိတ်ကုသခြင်း စတာတွေဟာ အသည်းကွဲရောဂါအတွက် အသုံးမဝင်ပါဘူး။ ဒါပေမယ့် နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်းကတော့ ရင်ဘတ်အောင့်ခြင်းရဲ့ အကြောင်းအရင်းကို ရှာဖွေပေးနိုင်ပါတယ်။

ကာကွယ်ခြင်း

        ပထမအကြိမ်ဖြစ်ပြီးပါက နောက်ထပ်မံဖြစ်ပွားရန်အခွင့်အလမ်းနည်းပေမယ့်လည်း အသည်းကွဲရောဂါထပ်မဖြစ်အောင် ကာကွယ်ရန် နည်းလမ်းလည်းမရှိပေ။

          ဆရာဝန်အများစုကတော့ နှလုံးကိုပျက်စီးစေနိုင်တဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းတွေကိုဟန့်တားနိုင်တဲ့ beta blocker လိုဆေးမျိုးကို ရေရှည်စွဲသောက်သင့်ကြောင်းတိုက်တွန်းထားပါတယ်။ ယခုအချိန်ထိ သက်သေပြစရာမရှိသေးပေမယ့်လည်း စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင်နေခြင်းဖြင့် အသည်းကွဲရောဂါမဖြစ်အောင် ကာကွယ်သင့်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com