/
news/ကျန်းမာရေး-z/နှလုံးကြွက်သားများ-စည်းချက်မမှန်ဘဲ-လျင်မြန်စွာခုန်ခြင်း-atrial-fibrillation

နှလုံးကြွက်သားများ စည်းချက်မမှန်ဘဲ လျင်မြန်စွာခုန်ခြင်း (Atrial fibrillation)

Category
ကျန်းမာရေး (A-Z)

          နှလုံးကြွက်သားများစည်းချက်မမှန်ဘဲ လျင်မြန်စွာခုန်ခြင်း (Atrial fibrillation) ဟာ အဖြစ်အများဆုံးနှလုံးခုန်နှုန်း မမှန်ခြင်းဆိုင်ရာရောဂါဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ AF ဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်းမြင့်တက်လာပါတယ်။ AF ရှိနေပြီဆိုပါက နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ 100 မှ 175 အထိရှိနိုင်ပြီး နှလုံးအတွင်းရှိ လျှပ်စစ်သတင်းပေးပို့ချက်တွေ ပရမ်းပတာထုတ်လွှတ်မှုကြောင့် နှလုံးခုန်နှုန်းတွေစည်းချက်မမှန်ဘဲ လျှင်မြန်စွာခုန်တာဖြစ်ပါတယ်။

          တချို့လူတွေမှာ ရောဂါလက္ခဏာပြလေ့မရှိတာကြောင့် AF ရှိနေကြောင်းကို သတိမပြုမိကြပါဘူး။ ရောဂါလက္ခဏာတွေကတော့ -

-   ရင်တုန်ခြင်း၊ တဒိန်းဒိန်း၊ တဖျတ်ဖျတ်ခုန်နေသော နှလုံးခုန်နှုန်းကိုခံစားရခြင်း

-   နုံးခွေခြင်း

-   အားအင်ချိနဲ့ခြင်း

-   ခေါင်းမူးခြင်း

-   စိတ်ရှုပ်ထွေးနောက်ကျိခြင်း

-   အသက်ရှုမ၀ခြင်း

-   ရင်ဘတ်အောင့်ခြင်းတို့ပဲဖြစ်ပါတယ်။

          AF မှာရောဂါလက္ခဏာတွေက မိနစ်ပိုင်းမှ နာရီပိုင်းအတွင်းသာကြာမြင့်ပြီး သူ့အလိုလိုသက်သာသွားသော Occasional AF နှလုံးခုန်နှုန်းက ပုံမှန်အတိုင်းပြန်မဖြစ်တာကြောင့် ဆေးကုသမှုခံယူရန်လိုအပ်သော Persistent AF ရောဂါလက္ခဏာတွေက ဆက်တိုက်ဖြစ်နေပြီး တစ်နှစ်ထက်ပိုပြီးကြာမြင့်သော long standing persistent Persistent AF နှင့် နဂိုမူလနှလုံးခုန်နှုန်းအတိုင်း ပြန်လည်မရှိနိုင်တော့တဲ့ permanent AF ဆိုပြီး 3 မျိုးခွဲခြားနိုင်ပါတယ်။

ဖြစ်ပွားရသည့်အကြောင်းအရင်း

        နှလုံးကြွက်သားမျှင်များစွာစည်းချက်မမှန်ဘဲ လျှင်မြန်စွာခုန်ခြင်း (Atrral fibrillation) ကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ -

-   သွေးတိုးရောဂါရှိခြင်း

-   နှလုံးသွေးကြောဆိုင်ရာရောဂါများရှိခြင်း

-   နှလုံးအဆို့ရှင်ပုံမှန်မဟုတ်ခြင်း

-   မွေးရာပါနှလုံးချို့ယွင်းမှုရှိခြင်း

-   သိုင်းရွိုက်အဆိပ်တက်ခြင်း

-   နှလုံးခုန်နှုန်းကိုမြန်စေသော ဆေးဝါးများမှီ၀ဲခြင်း

-   မိသားစုမျိုးရိုးထဲတွင် AF ရှိခြင်း

-   အ၀လွန်ခြင်း

-   အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

-   နှလုံးခွဲစိတ်မှုခံယူဖူးခြင်း

-   ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း

-   စိတ်ဖိစီးမှုများခြင်း

          အိပ်နေစဉ် အသက်ရှူခေတ္တရပ်ဆိုင်းခြင်းတို့ပဲဖြစ်ပါတယ်။ တချို့သောလူများတွင် အရင်ခံအကြောင်းအရင်းတစ်စုံတစ်ရာမရှိဘဲ နှလုံးကြွက်သားမျှင်များစွာ စည်းချက်မမှန်ဘဲ လျှင်မြန်စွာခုန်ခြင်း (Ione Atrial fibrillation) ကို ခံစားရတာကိုတွေ့ရပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

          နှလုံးစည်းချက်မမှန်ခြင်းကြောင့် နှလုံးအထက်ပိုင်းအခန်းတွင် သွေးများစုပုံလာခြင်းကြောင့် သွေးခဲများဖြစ်ပေါ်လာပြီး နှလုံးမှတဆင့်ဦးနှောက်သို့ရောက်ရှိကာ သက်ကြီးပိုင်းများ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါရှိသူများ၊ အရင်ကလေဖြတ်ထားဖူးသူများ၊ နှလုံးရောဂါအခံရှိသူတွေဟာ လေဖြတ်ဖို့အလားအလာပိုများပါတယ်။

          နှလုံးခန်းမမှ သွေးညစ်ထုတ်အား နည်းလာခြင်း (Heart failare)

စစ်ဆေးခြင်း

        AF ရှိနေကြောင်းကို electrocardiogram (ECG) အသုံးပြုခြင်းဖြင့်လည်းကောင်း holter monitor, event recorder ကဲ့သို့သော သယ်ဆောင်ရလွယ်ကူတဲ့ ECG စက်များဖြင့်လည်းကောင်း Echocardiogram (နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း) ဖြင့်လည်းကောင်း အသံလှိုင်းကိုအသုံးပြုပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကိုလွယ်ကူလျှင်မြန်စွာ စစ်ဆေးနိုင်တဲ့နည်းဖြစ်ပါတယ်။

          Stress test နည်းဖြင့်လည်းကောင်း သိနိုင်ပါတယ်။ နောက်တစ်နည်းအားဖြင့် Exercise ECG လို့ခေါ်ပြီး လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ နှလုံးရဲ့လုပ်ဆောင်လှုပ်ရှားမှုများကို ECG မှတဆင့် မှတ်တမ်းတင်တိုင်းတာတဲ့နည်းဖြစ်ပါတယ်။

ကုသခြင်း

        ကုထုံးဟာ နှလုံးခုန်နှုန်းနှင့် ရောဂါလက္ခဏာပေါ်မှာမူတည်နေပါတယ်။ ကုသမှုရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ *

-   နှလုံးခုန်သံစည်းချက်မှန်စေရန်

-   နှလုံးခုန်နှုန်းကို ထိန်းချုပ်ရန်

-   သွေးခဲဖြစ်ပေါ်ခြင်းကို ကာကွယ်ရန်

-   လေဖြတ်ခြင်းကိုကာကွယ်ရန်

          နှလုံးခုန်သံစည်းချက်မှန်စေဖို့အတွက် Amiodarone, Propafenane Dofetilide ကဲ့သို့သောဆေးဝါးတွေကို ဆရာ၀န်ကညွှန်ကြားပါလိမ့်မယ်။ အချို့သောဆေးဝါးတွေက နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းကို ပိုမိုဆိုးဝါးစေတာကြောင့် ထူးခြားတဲ့ရောဂါလက္ခဏာတခုခုရှိပါက ဆရာ၀န်နှင့်သေချာစွာတိုင်ပင်သင့်ပါတယ်။

          နှလုံးခုန်နှုန်းကို ထိန်းချုပ်ရာမှာ Digoxin၊ Metoprolol၊ Beta Blocker၊ Calcium Channel Blocker စတဲ့ ဆေးဝါးတွေကို အသုံးပြုပါတယ်။

          သွေးခဲဖြစ်ပေါ်ခြင်းနှင့် လေဖြတ်ခြင်းကို ကာကွယ်ဖို့အတွက် Warfarin ဆေးကို FDA က အသိအမှတ်ပြုထားပါတယ်။ ထိရောက်မှုရှိပြီးဈေးနှုန်းချိုသာပေမဲ့ ဆေးဝါးပမာဏ၊ အခြားသောဆေးဝါး၊ အစားအစာများနှင့် ဓာတ်ပြုခြင်းရှိ/မရှိ စတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီး စောင့်ကြည့်ဖို့လိုပါတယ်။

          ဆေးဝါးအကူအညီဖြင့် ထိန်းချုပ်လို့မရတဲ့အခြေအနေတွေမှာ Elecrtical Cardioversion, Pulmonary Vein, Isolation Ablation, Cathater Ablation စတာတွေပြုလုပ်နိုင်ပါတယ်။

Electrical Cardioversion

        Electrodes လို့ခေါ်တဲ့ အပြားငယ်လေးများကိုအသုံးပြု၍ လျှပ်စစ်ဓာတ်ဖြင့်ရှောခ်ရိုက်ပြီး နှလုံးခုန်နှုန်းနှင့်စည်းချက်ကို ပုံမှန်ဖြစ်အောင်ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။

Catheter Ablation

        ပရမ်းပတာလျှပ်စစ် Signals တွေကို ထုတ်လွှတ်တဲ့ နှလုံးတစ်သျှူးအစိတ်အပိုင်းကို ဖျက်ဆီးပစ်ပြီး နှလုံးခုန်နှုန်းကို ပုံမှန်အတိုင်းပြန်ဖြစ်အောင်ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။

          နောက်နည်းလမ်းကတော့ ခွဲစိတ်မှုပြုလုပ်တဲ့နည်းပဲဖြစ်ပါတယ်။

 

  Dr. Htet Htet Aung

www.drmyanmar.com