ပန်းနာရင်ကြပ်ရောဂါ (Asthma)
ပန်းနာရင်ကြပ်ရောဂါဟာ အသက်ရူလမ်းကြောင်းတလျှောက် ကျဉ်းမြောင်းခြင်း၊ ရောင်ရမ်းခြင်း၊ အကျိအချွဲများ ထုတ်လုပ်ခြင်းတို့ကြောင့် ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ အသက်ရူရခက်ခဲခြင်း၊ အသက်ရူရာတွင် တရှီုးရှီုးမြည်ခြင်း ခံစားတဲ့နာတာရှည်ရောဂါဖြစ်ပါတယ်။
ပန်းနာရင်ကြပ်ရောဂါဟာ စိတ်အနှောင့်အယှက်ဖြစ်စေရုံသာမက အချို့သောေ၀ဒနာရှင်များတွင် တနေ့တာ လုပ်ငန်းဆောင်တာများကို ထိခိုက်စေပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ပန်းနာရင်ကြပ်ရောဂါကို အမြစ်ပြတ်အောင်ကုသလို့ မရနိုင်ပေမဲ့ ရောဂါလက္ခဏာတွေ ပိုပြီးမဆိုးဝါးလာအောင် ထိန်းထားလို့ရပါတယ်။ အချိန်ကာကြာလာတာနဲ့အမျှ ရောဂါအခြေအနေပြောင်းလဲလာနိုင်တာကြောင့် ဆရာ၀န်နှင့်တိုင်ပင်ပြီး ရောဂါလက္ခဏာကို စောင့်ကြည့်ကာ ကုသမှုကို ထိန်းညှိသင့်ပါတယ်။
ရောဂါလက္ခဏာများ
- အသက်ရှုမ၀ခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှုကြပ်ခြင်းကြောင့် အိပ်မပျော်ခြင်း
- ချောင်းဆိုးခြင်း
- အသက်ရှုထုတ်ရာတွင် တရွီးရွီးမြည်ခြင်း
- အအေးမိလျှင် ချောင်းပိုဆိုးလာခြင်း
- တရွီးရွီးပိုမြည်လာခြင်း
ရင်ကြပ်ရောဂါဖြစ်စေသည့် အကြောင်းရင်းများ
ရင်ကြပ်စေသည့် အကြောင်းရင်းများသည် လူနာတစ်ဦးနှင့်တစ်ဦးမတူပါ။ ဖြစ်လေ့ဖြစ်ထရှိသော အကြောင်းရင်းများမှာ -
1. ပန်း၀တ်မှုန် - တိရစၧာန် အမွှေးအမျှင်၊ ဖုန်မှုန့်၊ မြေမှုန့်နှင့် အခြားအမှုန့်များ၊ လှေး၊ သန်း၊ ပိုးဟပ် စသောအကောင်များ၊ ပင့်ကူမျှင်အမှိုက်များနှင့် ထိတွေ့ရှုရှိုက်မိခြင်း
2. အအေးမိခြင်းကဲ့သို့သော အသက်ရှုလမ်းကြောင်းတလျှောက်ပိုး၀င်ခြင်း
3. ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း
4. အေးစက်သောလေရှုမိခြင်း
5. လေထုညစ်ညမ်းခြင်းဖြစ်စေသော မီးခိုးငွေ့များရှုရှိုက်မိခြင်း
6. တချို့သောဆေးဝါးများ
ရင်ကြပ်ရောဂါကို အဆင့် (4)မျိုး သတ်မှတ်ထားပါတယ်။
ရပင်ကြပ်ရောဂါအဆင့် | ခံစားရသောလက္ခဏာများ |
ပြင်းထန်မှုမရှိပေမဲ့ တခါတရံတွင် ပန်းနာထခြင်း | 1 ပတ်လျှင် 2 ရက်မျှ ရင်ကြပ်ခြင်း၊ 1 လလျှင် 2 ညသာ ရင်ကြပ်ခြင်း။ |
ပြင်းထန်မှုမရှိပေမဲ့ အမြဲလိုလို ပန်းနာထနေခြင်း | 1 ပတ်လျှင် 2 ကြိမ်ထက်ပို၍ ရင်ကြပ်ခြင်း သို့သော် 1 ရက်လျှင် 1 ကြိမ်ထက်မပို |
အသင့်အတင့်ပြင်းထန်ပြီး အမြဲပန်းနာထနေခြင်း | 1 နေ့ 1 ခါ ရင်ကြပ်ခြင်း၊ 1 ပတ်လျှင် 1 ည ထက်ပို၍ ရင်ကြပ်ခြင်း |
အလွန်ပြင်းထန်ပြီး အမြဲပန်းနာထနေခြင်း | 1 ပတ်လျှင် ရက်အတော်များများ 1 ရက်လုံး ရင်ကြပ်ခြင်း၊ ညဘက်များပါ မကြာခဏ ရင်ကြပ်ခြင်း |
ဆရာ၀န်နှင့် တိုင်ပင်ခြင်း၊ ပြသကုသခြင်း
အကယ်၍ ရင်ကြပ်ရောဂါရှိသည်ဟု ထင်လျှင် (သို့မဟုတ်) မကြာခဏချောင်းဆိုးခြင်း၊ အသက်ရှုလျှင် အသံမြည်ခြင်းတို့ ရက်အတော်ကြာဖြစ်လျှင် (သို့မဟုတ်) ရင်ကြပ်ရောဂါလက္ခဏာများရှိလျှင် ဆရာ၀န်နှင့်ပြသသင့်ပါတယ်။ ရင်ကြပ်ရောဂါကို စောစီးစွာ၊ သေချာကုသထားလျှင် အဆုတ်ပျက်စီးခြင်း၊ အသက်အန္တရာယ်ရှိသော ရင်ကြပ်ခြင်းတို့ကို ကြိုတင်တားဆီးနိုင်မှာ ဖြစ်ပါတယ်။
ရင်ကြပ်ရောဂါလူနာများသည် ဆရာ၀န်နှင့်ပြသပြီး ရောဂါမဖြစ်အောင် ကုသထားနိုင်လျှင် လူနာ၏ တစ်နေ့တာလုပ်ငန်းကို ပုံမှန်လုပ်ဆောင်နိုင်ပြီး အသက်အန္တရာယ်ဖြစ်စေလောက်အောင် ရင်ကြပ်ခြင်းကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။
ဆရာ၀န်ညွှန်ကြားထားသော ဆေးဝါးများဖြင့် ပုံမှန်ကုသနေသော်လည်း ရင်ကြပ်ရောဂါပိုဆိုးလာလျှင် (သို့မဟုတ်) ရင်ကြပ်ရောဂါပျောက် ရှုဆေးကို အကြိမ်ပိုမို၍ သုံးစွဲလာရလျှင် ဆရာ၀န်နှင့် မပြသမတိုင်ဘဲနှင့် မိမိသဘောဖြင့်သာဆေးကို ပိုသောက်ခြင်းတို့မပြုသင့်ပေ။ ရင်ကြပ်ရောဂါပျောက်ဆေးများကို သုံးစွဲသင့်သည့်ပမာဏထက် ပိုမို၍သုံးစွဲလျှင် ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရမည့်အပြင် ရင်ကြပ်ရောဂါကိုလည်း ပိုမိုဆိုးဝါးစေနိုင်ပါတယ်။
ရင်ကြပ်ရောဂါသည် အခြေအနေ၊ အချိန်အခါပေါ်မူတည်၍ ပြောင်းလဲသောကြောင့် ခံစားရသောရောဂါလက္ခဏာများရှိလျှင် ဆရာ၀န်နှင့်ပုံမှန်ပြသ၍ လိုအပ်သော ဆေးဝါးကုသမှုများကို ခံယူသင့်ပါတယ်။
စစ်ဆေးခြင်း
အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် မမှားရလေအောင် ဆရာ၀န်က လူနာခံစားရတဲ့ ရောဂါလက္ခဏာများကို မှတ်တမ်းယူခြင်း အထွေထွေ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခြင်းတို့ကို ပြုလုပ်ပါလိမ့်မယ်။
1. Spirometry
အသက်၀၀ရှုပြီးနောက်မှာ ရှုထုတ်လိုက်တဲ့ လေပမာဏနှင့် အမြန်နှုန်းကို တိုင်းတာပြီး လေပြွန် ကျဉ်းမြောင်းခြင်း ရှိ/မရှိ ခန့်မှန်းတဲ့ စစ်ဆေးမှုဖြစ်ပါတယ်။
2. Peak Flow
ရိုးရှင်းတဲ့ စစ်ဆေးမှုဖြစ်ပြီး အဆုတ်မှ လူတစ်ဦးရှုထုတ်နိုင်တဲ့နှုန်းကို တိုင်းခြင်းဖြစ်ပါတယ်။ ပုံမှန် သတ်မှတ်ချက်ထက် လျော့နည်းနေပါက အဆုတ်ကောင်းကောင်း အလုပ်မလုပ်ကြောင်း သိနိုင်ပါတယ်။
Asthma ဟုတ်/မဟုတ် သိနိုင်ဖို့အတွက် Lung function test တွေကို ရင်ကြပ်ပျောက်ဆေး (bronchodilator) မသုံးမီနှင့် အသုံးပြုပြီးအချိန်မှာ ပြုလုပ်ပါတယ်။ Asthma ဖြစ်နေပါက bronchodilator အသုံးပြုပြီးနောက်မှာ အဆုတ်ရဲ့လုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာတာကို တွေ့ရမှာဖြစ် ပါတယ်။
အခြားစစ်ဆေးနည်းများ
Methacholine Challenge
Methacholine က အဆုတ်လေပြွန်များကို အနည်းငယ် ကျဉ်းသွားစေနိုင်သောကြောင့် Methacholine ကို ရှုမိပြီး ရင်ကြပ်လာရင် ရင်ကြပ်ရောဂါရှိတယ်လို့ ယူဆနိုင်ပါတယ်။ Spirometry နှင့် Peak Flow စစ်ဆေးနည်းတွေမှာ ပုံမှန်ဖြစ်လျှင် Methacholine Challenge နည်းကိုသုံး၍ စစ်ဆေးနိုင်ပါတယ်။
Nitric Oxide Test
Nitric Oxide Test သည် သုံးလေ့မရှိသောနည်းဖြစ်ပါတယ်။ အဆုတ်ထဲရှိ Nitric Oxide ဓာတ်ငွေ့ပမာဏကို စစ်ဆေးခြင်း ဖြစ်ပြီး ရင်ကြပ်ရောဂါလက္ခဏာဖြစ်သော အဆုတ်လေပြွန်များ ရောင်ရမ်းနေလျှင် Nitric Oxide ပမာဏသည် ပုံမှန်ထက်များ နေနိုင်ပါတယ်။
Imaging Test
ရင်ဘတ်ဓာတ်မှန် (Chset Xray) နှင့် ကွန်ပျူတာဓာတ်မှန် (CT Screen) တို့ကို ပြုလုပ်ခြင်းဖြင့် အဆုတ်နှင့်ရင်ခေါင်း အစိတ်အပိုင်းများ ပုံမှန်အနေအထား ရှိ/မရှိ ၊ ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။
Allergy testing
ဓာတ်မတည့်ဖြစ်စေသော အရာကို သိရှိရန် အရေပြား (သို့မဟုတ်) သွေးမှာစစ်ဆေးတဲ့နည်း ဖြစ်ပါတယ်။ ဓာတ်မတည့်စေသောအရာ (ဥပမာ - အိမ်မွေးတိရစၧာန်တို့၏ အမွှေးအမျှင်/သန်း၊ အမှုန့်များ၊ ဖုန်မှုန့်များ၊ ပန်းပွင့်၀တ်မှုန်များ) ကို အတိအကျ သိနိုင်သောနည်းဖြစ်ပြီး ကုသမှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ပါတယ်။
Sputum eosinophils
ချောင်းဆိုးစဉ်ထွက်လာသော တံတွေး၊ သလိပ်များထဲမှ သွေးဖြူဥတစ်မျိုးဖြစ်သော (eosinophils) ကို စစ်ဆေးခြင်းဖြစ်ပါ တယ်။
Other tests
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်လျှင် ဖြစ်တတ်သောရင်ကြပ်ရောဂါလူနာများကို လေ့ကျင့်ခန်းလုပ်၍ စစ်ဆေးခြင်း၊ အအေးဓာတ်ကြောင့်ဖြစ်တတ်သော ရင်ကြပ်ရောဂါလူနာများ အား အေးစက်ခြောက်သွေ့သောလေကို ရှုခိုင်း၍ စစ်ဆေးခြင်းတို့ ဖြစ်ပါတယ်။
ဆေးကုသမှု
ကုထုံးမှာ အဓိအားဖြင့် Controller medication နဲ့ Quick Relief medication ဆိုပြီး 2 မျိုးရှိပါတယ်။
Controller medication တွေက လေပြွန်ရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်ပြီး ဓာတ်မတည့်ခြင်း ကို လျော့ပါးစေပြီး ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါက အခြားသော လူများနည်းတူ ပုံမှန်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ကြောင်း ပန်းနာရောဂါကုသမှုမှာ အရေးပါတဲ့ ပုံမှန်လုပ်ငန်းအခန်းကဏ္႑ာမှာပါ၀င်နေပါတယ်။
Quick-relief medication တွေက လေပြွန်ကြွက်သားတွေကို ပြေလျော့စေပြီး လေပြွန်ကျယ်စေပါတယ်။
အခြားသော ကုထုံးများ
ပန်းနာထတဲ့ အကြိမ်အရေအတွက်ကို အောက်ပါနည်းလမ်းတွေနဲ့ လျော့ချနိုင်ပါတယ်။
- ပန်းနာထစေမဲ့ အရာတွေကို ရှောင်ရှားပါ။
- လေအေးပေးစက် အသုံးပြုပါ။ လေအေးပေးစက်က လေထုထဲရှိ အမှုန်အမွှားများကို လျော့ချပေးနိုင်ပါတယ်။ အခန်းတွင်း လေထုစိုထိုင်းစကို လျော့နည်းစေတာကြောင့် ဖုန်မှုန့် စတာတွေနှင့် ထိတွေ့မှုကို လျော့နည်းစေပါတယ်။
- ခေါင်းအုံး၊ မွေ့ရာ စတာတွေမှာ အဖုံးအကာများ အသုံးပြုခြင်းဖြင့် ဖုန်မတင်အောင် ဂရုစိုက်ပါ။ ကော်ဇောအစား သစ်သားကြမ်းခင်း၊ ပါကေး စတာတွေကို အသုံးပြုပါ။ လျှော်ဖွတ်၍ရသော ခန်းဆီး၊ လိုက်ကာများကိုသာ အသုံးပြုပါ။
- ခွေး၊ ကြောင်တွေနှင့် ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားပါ။
- အိမ်သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပါ။
- ရာသီဥတုအေးချိန်တွင် အပြင်ထွက်ပါက နှာခေါင်းစည်းအသုံးပြုပါ။
- လေ့ကျင့်ခန်းပြုလုပ်ခြင်းက အဆုတ်နဲ့ နှလုံးကိုအားကောင်းစေပြီး ပန်းနာေ၀ဒနာကို သက်သာစေတာကြောင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
- ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင် ထိန်းထားပါ။ (အ၀လွန်ခြင်းက ပန်းနာေ၀ဒနာကို ပိုဆိုးစေပြီး နှလုံးရောဂါနှင့် သွေးတိုးရောဂါဖြစ်နိုင်ချေကိုပါ မြင့်တက်စေပါတယ်။)
ပန်းနာရင်ကြပ်ေ၀ဒနာရှင်များအနေဖြင့် လိုက်နာသင့်သော နည်းလမ်းများ
- စိတ်ဓာတ်ကျမနေသင့်ပါဘူး။ ရောဂါနှင့်ပတ်သက်သော ဗဟုသုတများကို ရှာမှီးခြင်း၊ ဆရာ၀န်ညွှန်ကြားထားသည့်အတိုင်း ဆေးဝါးများမှီ၀ဲခြင်း၊ ရောဂါအခြေအနေကို မှတ်တမ်းတင်ထားပြီး ဆရာ၀န်နှင့်တိုင်ပင်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် သာမန်လူများကဲ့သို့ တနေ့တာလုပ်ငန်းကို ပုံမှန်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
Dr.Htet Htet Aung






























