/
news/ကျန်းမာရေး-z/ပါးစပ်တွင်ဖြစ်သော-အပူကန်နာ

ပါးစပ်တွင်ဖြစ်သော အပူကန်နာ

Category
ကျန်းမာရေး (A-Z)

          အပူကန်နာဆိုတာ ပါးစပ်ထဲမှာ (သို့) သွားဖုံးအောက်ခြေမှာပေါက်လေ့ရှိတဲ့ သိပ်မနက်တဲ့အနာသေးသေးလေးဖြစ်ပါတယ်။ ရေယုန်ကဲ့သို့သော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အနာတွေနဲ့ မတူတဲ့အချက်ကတော့ အပူကန်နာတွေက နှုတ်ခမ်းအပြင်ဘက်မှာပေါက်လေ့မရှိသလို ကူးစက်နိုင်ခြင်းလည်းမရှိပါဘူး။ ဒီအနာတွေက နာကျင်စေပြီး တစ်ခါတစ်ရံမှာ အစာစားခြင်းနဲ့ စကားပြောခြင်းကိုခက်ခဲစေပါတယ်။

          အများအားဖြင့်တော့ တစ်ပတ်၊ နှစ်ပတ်ကြာရင် ပျောက်သွားလေ့ရှိပါတယ်။ ပုံမှန်မဟုတ်ဘဲ အနာမကျက်တဲ့အနာကြီးကြီးမျိုးဖြစ်တယ်ဆိုရင်တော့ ဆရာဝန် (သို့) သွားဆရာဝန်နဲ့ သွားပြရပါမယ်။

လက္ခဏာများ

        အပူကန်နာအများစုက အလယ်ခေါင်မှာအဖြူ (သို့) အဝါ၊ ဘေးပတ်လည်က နီနီလေးဖြစ်နေတဲ့ အဝိုင်း (သို့) ဘဲဥပုံအနာဖြစ်ပါတယ်။ ပါးစပ်ထဲ၊ လျှာပေါ် (သို့) အောက်၊ နှုတ်ခမ်းအတွင်းဘက်၊ ပါးစောင်အတွင်း၊ သွားဖုံးအောက်ခြေတွေမှာ ပေါက်လေ့ရှိပါတယ်။ အနာမပေါက်ခင်တစ်ရက်နှစ်ရက်လောက်မှာ ထုံတဲ့ ပူတဲ့ ခံစားချက်မျိုး ခံစားရတတ်ပါတယ်။

          သာမာန်အနာ၊ အနာကြီးကြီးနဲ့ ရေယုန်နှင့်တူသောအနာဆိုပြီး (3) မျိုးရှိပါတယ်။

1. သာမာန်အနာက အဖြစ်အများဆုံးဖြစ်ပါတယ်။

- အရွယ်အစားသေးငယ်ပါတယ်။

- ဘေးပတ်လည်က နီနီလေးနဲ့ ဘဲဥပုံစံဖြစ်ပါတယ်။

- တစ်ပတ်၊ နှစ်ပတ်ကြာရင် အမာရွတ်ဖြစ်ပြီး အနာကျက်သွားတတ်ပါတယ်။

2. ကြီးသောအနာ အဖြစ်နည်းပါတယ်။

- အနာပိုကြီးပြီး ပိုနက်ပါတယ်။

- အနာအဝိုင်းပုံစံရှိပြီး ဘေးနှုတ်ခမ်းသားရှိသော်လည်း အရမ်းကြီးသွားရင်တော့ ဘေးနှုတ်ခမ်းသား သတ်သတ်မှတ်မှတ် မရှိတော့ပါဘူး။

- အရမ်းနာပါတယ်။

- အနာကျက်ဖို့ 6 ပတ်လောက်ကြာပြီး အမာရွတ်ကြီးကြီးကျန်ခဲ့နိုင်ပါတယ်။

3. ရေယုန်နှင့်တူသောအနာ

- အသက်ကြီးလာချိန်မှာဖြစ်လေ့ရှိပြီး ပုံမှန်အားဖြင့်တော့ ဖြစ်ခဲပါတယ်။ ရေယုန်နဲ့တူပေမယ့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာ မဟုတ်ပါဘူး။

- ပင်အပ်ထိပ်အရွယ်လောက်ပဲရှိပါတယ်။

- အနာ 10 ခုကနေ အများကြီးအထိတစ်နေရာထဲမှာ စုပေါက်တတ်ပြီး ဒီသေးသေးလေးတွေစုပြီး အနာကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။

- အနာနှုတ်ခမ်းသား တိတိကျကျမရှိပါဘူး။

- တစ်ပတ်နှစ်ပတ်ကြာရင် အမာရွတ်ဖြစ်ခြင်းမရှိဘဲ အနာကျက်သွားပါတယ်။

ဖြစ်ရသောအကြောင်းအရင်းများ

        ဖြစ်ရတဲ့အကြောင်းအရင်းတိတိကျကျမသိပေမယ့် အချက်များစွာကြောင့်ဖြစ်စေနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အချက်တွေကတော့ -

- သွားအလွန်အကျွံဖိတိုက်ခြင်း၊ အားကစားလုပ်ရာမှမတော်တဆဖြစ်ခြင်း၊ ပါးစောင်ကိုမတော်တဆကိုက်မိခြင်းတို့ကြောင့် ပါးစပ်ထဲတွင်အနည်းငယ်ထိခိုက်မိခြင်း

- Sodium Lauryl Sulfate ပါသော သွားတိုက်ဆေးနှင့် ပါးစပ်ဆေးရည်များ အသုံးပြုခြင်း

- ချောကလက်၊ ကော်ဖီ၊ စတော်ဘယ်ရီ၊ ဥ၊ အခွံမာသီး၊ ဒိန်ခဲ၊ အစပ်များ၊ အက်ဆစ်ပါသော အစားအစာများ စသည်တို့ဖြင့် မတည့်ခြင်း။

- ဗီတာမင် B12၊ သွပ်ဓာတ်၊ Folic acid၊ သံဓာတ်ချို့တဲ့ခြင်း

- ပါးစပ်အတွင်းရှိ ဘက်တီးရီးယားပိုးအချို့နှင့် ဓာတ်မတည့်ခြင်း

- အစာအိမ်အနာဖြစ်စေသော Helicobacter pylori ဆိုသော ပိုးကြောင့်

- ရာသီလာစဉ်အတွင်း ဟော်မုန်းအပြောင်းအလဲ

- စိတ်ဖိစီးမှုများခြင်း

အောက်ပါရောဂါများကြောင့်လည်း ဖြစ်နိုင်ပါတယ်

- Celiac disease (ကောက်ပဲသီးနှံအများစုတွင်ပါဝင်သော gluten ဆိုသည့် အသားဓာတ်တစ်မျိုးနှင့် မတည့်ခြင်းကြောင့် ဖြစ်သည့်အူရောဂါ)

- အူရောင်ရောဂါ (Crohn’s disease, ulcerative colitis)

- Behcet’s disease (ပါးစပ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးရောင်ရမ်းစေတတ်သော ရှားပါးရောဂါတစ်မျိုး)

- ဗိုင်းရပ်စ်၊ ဘက်တီးရီးယား စတဲ့ရောဂါပိုးတွေကိုမတိုက်ဘဲ ကျန်းမာနေတဲ့ဆဲလ်တွေကို မှားပြီးတိုက်ခြင်း (ခုခံအားစနစ် မှားယွင်းခြင်း)

- ခုခံအားကျဆင်းသောရောဂါ (HIV/AIDS)

ဖြစ်နိုင်ချေများသောအချက်များ

        အနာတွေက လူတိုင်းမှာဖြစ်နိုင်ပေမယ့် ဆယ်ကျော်သက်နဲ့ လူငယ်တွေမှာအဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ မိသားစုမျိုးရိုးထဲမှာ  ဒီအနာဖြစ်ရင် ပိုဖြစ်တတ်ပါတယ်။ မျိုးရိုးဗီဇအရဖြစ်နိုင်သလို တူညီတဲ့ပတ်ဝန်းကျင်အချက်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

စမ်းသပ်ချက်များနှင့် ရောဂါဖော်ထုတ်ခြင်း

        ရောဂါသတ်မှတ်ဖို့အတွက် စမ်းသပ်မှုတွေလုပ်ဖို့မလိုပါဘူး။ မျက်စိအမြင်နဲ့တင် သိနိုင်ပါတယ်။ အနာတွေအရမ်းကြီးပြီဆိုရင်တော့ အခြားရောဂါတွေရှိ/မရှိ စမ်းသပ်မှုတွေလုပ်ဖို့လိုပါတယ်။

ကုထုံးနှင့် ဆေးဝါးများ

        သာမာန်အနာလေးတွေအတွက် ကုသမှုခံယူဖို့မလိုပါဘူး။ အနာအရမ်းကြီး၊ နာပြီး မပျောက်ရင်တော့ ကုသမှုခံယူရပါမယ်။

1. ပါးစပ်ဆေးရည်

        ပါးစပ်ထဲမှာအနာတွေအများကြီးရှိနေရင် ရောင်ရမ်းခြင်းနှင့်နာခြင်းကိုသက်သာစေဖို့အတွက် dexamethasone (သို့) Lidocaine ပါတဲ့ ပါးစပ်ဆေးရည်တစ်မျိုးကို ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း အသုံးပြုရပါမယ်။

2. လိမ်းဆေးများ

        အနာစပေါက်တာနဲ့ လိမ်းဆေးလိမ်းမယ်ဆို်ရင် အနာသက်သာစေပြီး အနာကျက်မြန်စေပါတယ်။

3. ငုံဆေးနှင့် သောက်ဆေးများ

        လိမ်းဆေးတွေနဲ့ မသက်သာဘူး၊ အနာကလဲ ဆိုးဆိုးဝါးဝါးနာတယ်ဆိုရင် dequalinium chloride ပါ၀င်တဲ့ ငုံဆေးကို ငုံပေးခြင်း၊ ဆရာ၀န်ညွှန်ကြားတဲ့သောက်ဆေးတွေကိုလဲ သောက်ပေးခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။

4. အနာကိုလောင်ကျွမ်းစေပြီး ပျောက်အောင်လုပ်ခြင်း

        ကိရိယာ (သို့) ဓာတုပစ္စည်းသုံးပြီး အနာကိုလောင်ကျွမ်းစေခြင်းဖြင့် တစ်သျှူးတွေကိုဖျက်ဆီးပစ်လိုက်တာပါ။

5. အာဟာရဓာတ်များ (ဖြည့်စွက်စာ)

        Folic acid, Vitamin B6, B12,  သွပ်ဓာတ်တွေသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

6. နောက်ခံရောဂါတစ်မျိုးမျိုး

        ဒီအနာက ရောဂါတစ်မျိ်ုးမျိုးကြောင့်ဖြစ်တာဆိုရင် ဆရာဝန်ကနောက်ခံရောဂါကို ကုသပါလိမ့်မယ်။

နေထိုင်မှုပုံစံနှင့် အိမ်သုံးဆေးဝါးများ

- ပါးစပ်ဆေးပါ။ ဆားရေ (သို့) မုန့်ဖုတ်ဆိုဒါအရည် (ရေနွေးတစ်ခွက်ထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ¼၊ ဆားလက်ဖက်ရည်ဇွန်း 1/8 ထည့်ပြီး ပလုပ်ကျင်းပါ။)

- အက်ဆစ်ဓာတ်ပါသော၊ စပ်သော အစားအစာများကိုရှောင်ကြဉ်ပါ။

- အနာပေါ်မှာ ရေခဲတုံးလေးတင်ထားနိုင်ပါတယ်။

- နူးညံ့သော သွားတိုက်တံဖြင့် သွားကိုညင်သာစွာတိုက်ပါ။

ကာကွယ်ခြင်း

        ဒီအနာတွေက ခဏခဏပြန်ဖြစ်တတ်ပါတယ်။ အောက်ပါနည်းလမ်းများက အနာဖြစ်တဲ့အကြိမ်ရေကိုလျော့ကျစေပါတယ်။

1. အစားအစာစနစ်တကျစားပါ

        အခွံမာသီး၊ မုန့်ချောင်း၊ အပူအစပ်စာများ၊ ဆားပါသောအစားအစာများ၊ နာနတ်သီး၊ လိမေ္မာ်သီးကဲ့သို့သော အက်ဆစ်ပါသော သစ်သီးများ စတဲ့အစားအစာတွေက ပါးစပ်ကိုထိခိုက်စေတဲ့အတွက် ရှောင်ကြဉ်ပါ။ မိမိနှင့်ဓာတ်မတည့်သော အစားအစာများကိုရှောင်ပါ။

2. ကျန်းမာရေးနဲ့ညီညွတ်သောအစားအစာများစားပါ

        အာဟာရချို့တဲ့ခြင်းကို ကာကွယ်နိုင်ရန် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံပေါများစွာစားပါ။

3. ခံတွင်းသန့်ရှင်းအောင်ထားပါ

        တစ်နေ့ 2 ကြိမ်သွားတိုက်ပါ။ သွားပွတ်ကြိုးနဲ့ အစာအကြွင်းအကျန်မရှိအောင် ခံတွင်းကို အမြဲသန့်ရှင်းပါ။ အသားကိုမထိခိုက်စေရန် နူးညံ့သောသွားတိုက်တံဖြင့်တိုက်ပါ။ Sodium Lauryl Sulfate ပါသော သွားတိုက်ဆေး၊ ပလုတ်ကျင်းရည်များရှောင်ပါ။

4. ပါးစပ်ကို မထိခိုက်မိအောင်ကာကွယ်ပါ

5. စိတ်ဖိစီးမှုကိုလျှော့ချပါ

        စိတ်ဖိစီးမှုကြောင့် အနာဖြစ်တာဆိုရင် စိတ်ဖိစီးမှုလျော့ကျစေဖို့ တရားထိုင်ခြင်းကဲ့သို့သော နည်းလမ်းများကျင့်သုံးပါ။

 

Dr.Mya Myo Myo Swe

www.drmyanmar.com