/
news/ကျန်းမာရေး-z/မျက်စိတိမ်စွဲရောဂါ-cataract

မျက်စိတိမ်စွဲရောဂါ (Cataract)

Category
ကျန်းမာရေး (A-Z)

မျက်စိတိမ်စွဲရောဂါဆိုတာဘာလဲ ?

         ပုံမှန်မျက်လုံးရဲ့ ကြည့်နေတဲ့မှန်ဘီလူးမှာတိမ်တွေကာနေသလို ေ၀ေ၀ဝါးဝါးဖြစ်လာတဲ့အခါ မျက်စိတိမ်စွဲရောဂါ ဖြစ်တယ်လို့ခေါ်ပါတယ်။ ဂျီးအထပ်ထပ်နဲ့မှုန်ဝါးနေတဲ့ အိမ်ပြတင်းပေါက် မှန်တွေကိုဖျက်ပြီး အိမ်အပြင်ကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ အိမ်အပြင်ကိုေ၀ေ၀ဝါးဝါး၊ မကြည်မလင်နဲ့ မြင်တွေ့ရပါလိမ့်မယ်။ မျက်စိတိမ်စွဲရောဂါဖြစ်တဲ့သူတွေရဲ့ အမြင်အာရုံဟာလည်းအဲဒီအတို်င်းပါပဲ။ ကြည်ကြည်လင်လင် မမြင်ကြရပါဘူး။

          မျက်စိတိမ်စွဲရောဂါဖြစ်တဲ့သူတွေဟာစာဖတ်ရတာ၊ ကားမောင်းရတာ၊ စကားပြောနေတဲ့သူရဲ့ မျက်နှာအမူအရာတွေကို ကြည့်ရတာတွေမှာအခက်အခဲဖြစ်ကြရပါတယ်။

          မျက်စိတိမ်စွဲရောဂါအများစုဟာကနဦးမှာအမြင်အာရုံကိုအနှောင့်အယှက်မဖြစ်စေပါဘူး။ တဖြည်းဖြည်းချင်းမှရောဂါရင့်လာတဲ့သဘောရှိပါတယ်။ အချိန်ကြာမြင့်မှ အမြင်အာရုံကို ထိခိုက်စေတာဖြစ်ပါတယ်။

          မျက်စိတိမ်စွဲခြင်းကြောင့် အမြင်အာရုံေ၀ဝါးမှုဟာ အစပထမပိုင်းမှာကြည့်နေတဲ့အရာ၀တၳုကို အလင်းရောင်ပိုပေးတာမျိုး၊ မျက်မှန်တပ်တာမျိုးတွေနဲ့အမြင်ကြည်လင်အောင်ဖန်တီးနိုင်ပါတယ်။ အမြင်အာရုံတစ်စိတ်တစ်ပိုင်းချို့ယွင်းသွားတဲ့ အခြေအနေကိုရောက်လာပြီဆိုရင် အဲဒါတွေကို လုပ်လို့မရတော့ပါဘူး။ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပါတယ်။ ကံကောင်းတဲ့အချက်ကမျက်စိတိမ် ကိုခွဲစိတ်ကုသမှုဟာယေဘုယျအားဖြင့် အန္တရာယ်ကင်းတဲ့ ခွဲစိတ်ကုသမှုတစ်ခုဖြစ်ပါတယ်။ ထိရောက်မှုလည်းရှိပါတယ်။

 

ဘယ်လိုဖြစ်တာလဲ ?

           မျက်လုံးမှန်ဘီလူးကိုဖြစ်စေတဲ့ တစ်သျှူးအသားစတွေမှာ အသက်အရွယ်အိုမင်းလာလို့ပဲဖြစ် ဖြစ်၊ ထိခိုက်ဒဏ်ရာရမိလို့ပဲဖြစ်ဖြစ် ပြောင်းလဲမှုတွေဖြစ်ပေါ်လာတဲ့အခါ မျက်စိတိမ်စွဲရောဂါအစပြု လာပါတယ်။

          မျက်စိတိမ်စွဲသူတချို့ကတော့ မျိုးရိုးဗီဇကြောင့် ဖြစ်တာကိုတွေ့ရပါတယ်။ မျက်စိကိုခွဲစိတ်ကုသမှုခံယူဖူးတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရဖူးတဲ့သူတွေ၊ သွေးချိုဆီးချိုရောဂါဖြစ်နေတဲ့သူတွေ ဟာလည်းမျက်စိတိမ်စွဲရောဂါရနိုင်ပါတယ်။ စတီးရွိုက်ဆေးတွေ၊ မျက်စဉ်းတွေ ခဏခဏကာလရှည်ကြာသုံးစွဲတဲ့သူတွေဟာမျက်စိတိမ်စွဲရောဂါဖြစ်နိုင်ပါတယ်။

          အသက်အရွယ်အိုမင်းလာတဲ့အခါ မျက်လုံးမှန်ဘီလူးအဖြစ် အလုပ်လုပ်နေတဲ့အသားစတစ်သျှူးဟာ ပျော့ပြောင်းမှုလျော့နည်းလာပါတယ်။ အလင်းဖောက်၀င်နိုင်မှုလျော့နည်းလာပြီး တဖြည်းဖြည်းထူလာပါတယ်။ အသားစတချို့ပျက်ဆီးသွားပြီး တစ်ခုနဲ့တစ်ခုပူးကပ်ကုန်ပါတယ်။ အဲဒီလိုပူးကပ်သွားတဲ့နေရာတွေကို တိမ်လို့ခေါ်တာဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တိမ်ရှိတဲ့ နေရာတွေကပိုမိုသိပ်သည်းလာပြီးပိုမိုကြီးထွားလာပါတယ်။

          မျက်စိတိမ်စွဲရောဂါဟာမျက်စိတစ်ဖက်တည်းမှာပဲ ဖြစ်နိုင်သလိုမျက်စိနှစ်ဖက်လုံးမှာ လည်း ဖြစ်နိုင်ပါတယ်။ နှစ်ဖက်လုံးမှာဖြစ်တာများပါတယ်။ နှစ်ဖက်လုံးမှာဖြစ်တယ်ဆိုပေမယ့် တစ်ဖက်နဲ့ တစ်ဖက် ပြင်းထန်မှုမတူညီကြပါဘူး။ တစ်ဖက်ကအခြားတစ်ဖက်ထက် ပိုဆိုးလေ့ရှိပါတယ်။

 

ဘာတွေကြောင့်ဖြစ်ရတာလဲ?

(1) အသက်အရွယ်အိုမင်းလာခြင်း

(2) သွေးချိုဆီးချိုရောဂါရှိခြင်း

(3) အရက်အလွန်အကျွံသောက်သုံးခြင်း

(4) နေရောင်နှင့်အလွန်အမင်းထိတွေ့ခြင်း

(5) ဓာတ်မှန်ရောင်ခြည်၊ ကင်ဆာဓာတ်ရောင်ခြည်များနှင့် အလွန်အမင်းထိတွေ့ခြင်း

(6) မျက်စိတိမ်စွဲရောဂါမျိုးရိုးရှိခြင်း

(7) သွေးတိုးရောဂါရှိခြင်း

(8) အ၀လွန်ခြင်း

(9) မျက်လုံးထိခိုက်ဖူးခြင်း၊မျက်လုံးရောင်ရမ်းမှုဖြစ်ဖူးခြင်း

(10) မျက်လုံးခွဲစိတ်ဖူးခြင်း

(11) စတီးရွိုက်မျက်စဉ်းများကိုကာလရှည်ကြာသုံးစွဲခြင်း

(12) ဆေးလိပ်သောက်ခြင်း

          စတာတွေဟာမျက်စိတိမ်စွဲရောဂါဖြစ်စေတဲ့အကြောင်းများဖြစ်ပါတယ်။

 

အမျိုးအစားဘယ်နှစ်မျိုးရှိသလဲ?

         မျက်စိတိမ်စွဲရောဂါအမျိုးအစား (4)မျိုးရှိပါတယ်။

(1) မျက်လုံးမှန်ဘီလူးအလယ်ဗဟိုတွင် တိမ်စွဲခြင်း (Nuclear Cataracts)

(2) မျက်လုံးမှန်ဘီလူးအနားစွန်းများတွင် တိမ်စွဲခြင်း (Cortical Cataracts)

(3) မျက်လုံးမှန်ဘီလူးနောက်ကျောတွင် တိမ်စွဲခြင်း (Posterior SubcapsularCataracts)

(4) မွေးရာပါ မျက်စိတိမ်စွဲရောဂါ (Congenital Cataracts) စတာတွေဖြစ်ပါတယ်။

 

ရောဂါလက္ခဏာတွေကဘာတွေလဲ ?

(1) အမြင်ေ၀ဝါးခြင်း

(2) ညဘက်တွင် ကောင်းစွာမမြင်ရခြင်း

(3) မီးရောင်မခံနိုင်ခြင်း

(4) မီးလုံးများကိုကြည့်သောအခါ မီးလုံးဘေးတွင် ရောင်စုံအကွင်းများမြင်ရခြင်း

(5) မျက်မှန်ပါဝါမကြာခဏပြောင်းလဲခြင်း

(6) မျက်လုံးတစ်လုံးတည်းဖြင့် ပုံရိပ်နှစ်ခုမြင်ခြင်း

 

ဘယ်လိုစမ်းသပ်စစ်ဆေးကြမလဲ ?

(1) မျက်စိအမြင်အာရုံစမ်းသပ်စစ်ဆေးသည့်ကားချပ် (eye chart) ဖြင့် စမ်းသပ်ခြင်း (visual acuity test)

          ရုပ်ပုံကားချပ်ပေါ်မှာအရွယ်အစားအမျိုးမျိုးရှိတဲ့စာလုံးများကိုရေးသားထားပါတယ်။ ၎င်း စာလုံးများကို မြင်မမြင်ဖတ်ခိုင်းခြင်းဖြစ်ပါတယ်။

 

(2) မျက်လုံး၏အတွင်းပိုင်းအားမှန်ဘီလူးဖြင့် ကြည့်ခြင်း(Slit-lamp examination)

        မျက်လုံးအတွင်းကိုအလင်းရောင်ပါတဲ့ မှန်ဘီလူးနဲ့ကြည့်ပြီးပုံမမှန်မှုများကိုစစ်ဆေးဖော် ထုတ်ခြင်းဖြစ်ပါတယ်။

 

(3) မြင်လွှာအားစမ်းသပ်စစ်ဆေးခြင်း (Retinal examination)

        မျက်စိသူငယ်အိမ်ကျယ်စေတဲ့ဆေးစက်တွေကိုမျက်လုံးထဲထည့်ပြီး မြင်လွှာအားစမ်းသပ် စစ်ဆေးခြင်းဖြစ်ပါတယ်။

 

ဘယ်လိုကုသကြမလဲ?

         မျက်စိတိမ်စွဲခြင်းအတွက် တစ်ခုတည်းသောကုသမှုနည်းလမ်းကတော့ ခွဲစိတ်ကုသမှုပဲဖြစ်ပါတယ်။

          မျက်စိတိမ်ကိုခွဲစိတ်တဲ့အခါ တိမ်စွဲနေတဲ့မျက်လုံးမှန်ဘီလူးကိုခွဲစိတ်ဖယ်ထုတ်လိုက်ပြီး မျက်လုံးမှန်ဘီလူးအတုနဲ့အစားထိုးထည့်လိုက်ပါတယ်။ မျက်လုံးအစစ်လိုပဲမျက်လုံးထဲမှာတစ် သက်လုံးရှိသွားမှာဖြစ်ပါတယ်။

          ပြင်ပလူနာဌာနမှာမျက်စိတိမ်ကိုခွဲစိတ်လို့ရပါတယ်။ အသေးစားခွဲစိတ်မှုဖြစ်ပါတယ်။ ဆေးရုံတက်စရာ မလိုအပ်ပါဘူး။

          ခွဲစိတ်နေတုန်းမှာထုံဆေးပေးထားပါတယ်။ မေ့ဆေးမပေးပါဘူး။ ခွဲစိတ်တဲ့ဖြစ်စဉ်တစ်ခုလုံးကို သိရှိနေမှာဖြစ်ပါတယ်။

          မျက်စိတိမ်စွဲခြင်းဟာယေဘုယျအားဖြင့် အန္တရာယ်ကင်းတဲ့ ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။ ဒါ ပေမယ့်ပိုး၀င်ခြင်း၊ သွေးထွက်ခြင်းတို့မဖြစ်အောင် ဂရုစိုက်ရပါမယ်။ မျက်စိတိမ်ခွဲထုတ်ထားတဲ့သူဟာ နောင်တစ်ချိန်မှာမြင်လွှာကွာတဲ့ရောဂါ (retina detachment)ဖြစ်နိုင်ပါတယ်။

          ခွဲစိတ်ပြီးစမှာတော့ မျက်လုံးထဲမှာမသက်မသာရှိတတ်ပါတယ်။ ရက်အနည်းငယ်ကြာနိုင်ပါတယ်။ အနာကျက်ဖို့က နှစ်လ၀န်းကျင်ကြာပါတယ်။

          မျက်လုံးနှစ်လုံးလုံးမှာတိမ်စွဲနေပြီး နှစ်လုံးလုံးခွဲစိတ်ဖို့လိုတယ်ဆိုရင် ပထမမျက်လုံးခွဲစိတ်ပြီးလို့ တစ်လသို့မဟုတ် နှစ်လအကြာမှာဒုတိယမျက်လုံးကိုခွဲစိတ်ကုသမှုခံယူနိုင်ပါတယ်။

 

ဘယ်လိုကြိုတင်ကာကွယ်မလဲ?

         မျက်စိတိမ်စွဲရောဂါမဖြစ်အောင် ကာကွယ်ဖို့၊ ပိုမဆိုးအောင်ကာကွယ်ဖို့နည်းလမ်းတွေကို မတွေ့ရှိသေးပါဘူး။ ဒါပေမယ့် အထောက်အကူဖြစ်စေမယ့် အချက်တွေရှိပါတယ်။

 (1) မျက်လုံးကိုပုံမှန်စစ်ဆေးမှုပြုလုပ်ပေးပါ။

(2) ဆေးလိပ်ဖြတ်ပါ။

(3) အရက်ဖြတ်ပါ။

(4) နေကာမျက်မှန်၀တ်ပါ။

(5) သွေးချိုဆီးချိုရောဂါကဲ့သို့သောရောဂါများကိုဂရုတစိုက်ကုသပါ။

(6) ကိုယ်အလေးချိန်လျှော့ချပါ။

(7) ဟင်းသီးဟင်းရွက်နှင့်သစ်သီး၀လံများကို များများစားပါ။

 

 

Dr. Thant Zaw (IM-2)

www.drmyanmar.com