/
news/ကျန်းမာရေး-z/မွေးရာပါနားပုံစံချို့ယွင်းသောရောဂါ-microtia

မွေးရာပါနားပုံစံချို့ယွင်းသောရောဂါ (Microtia)

Category
ကျန်းမာရေး (A-Z)

           Microtia ဆိုတာ မွေးကတည်းက နားကသေးပြီး ပုံစံမကျခြင်းဖြစ်ပါတယ်။ ဒါက သာမာန်ကနေ ပြင်းထန်အထိဖြစ်တတ်ပါတယ်။ အများအားဖြင့် နားအစိတ်အပိုင်းအမျိုးမျိုး ပုံမှန်အတိုင်း မဖွံ့ဖြိုးခြင်းကြောင့်ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ နားလုံးဝမပါတာမျိုးဖြစ်တတ်ပေမယ့် ဖြစ်ခဲပါတယ်။ နားလုံးဝမပါတာကိုတော့ ဆေးပညာအရ anotia လို့ခေါ်ပါတယ်။

          Microtia ရှိတဲ့လူနာအများစုမှာ နားသံသီးပါပေမယ့် အခြားနားအစိတ်အပိုင်းတွေပျောက်နေ တတ်ပါတယ်။ ကလေး 6000-7000 မွေးတိုင်း 1 ယောက်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် 2 ဆပိုဖြစ်ပါတယ်။ ဘယ်ဘက်ထက် ညာဘက်မှာ 2 ဆပိုဖြစ်တတ်ပါတယ်။ 20% လောက်မှာ နားနှစ်ဖက်လုံးဖြစ်တတ်ပါတယ်။

ရောဂါဖြစ်စေသောအကြောင်းအရင်းများ

          Microtia က သူတစ်မျိုးတည်းဖြစ်နိုင်သလို မျက်နှာတစ်ခြမ်းသေးသောရောဂါလက္ခဏာစု နဲ့လည်းတွဲပြီးဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါရှင်အမေမှ မွေးသောကလေးများ၊ isotretinoin, thalidomide, alcohol, mycophenolate နဲ့ထိတွေ့မှုရှိတဲ့ မွေးကင်းစကလေးတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။

ရောဂါဖော်ထုတ်ခြင်း

          မွေးပြီးပြီးချင်းစစ်ဆေးကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ အချို့မှာ မမွေးမီကတည်းက Ultrasound, MRI ရိုက်ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

          Microtia ရှိတဲ့ ကလေးတွေကို အခြားရောဂါတွေရှိ/မရှိ စစ်ဆေးဖို့လိုပါတယ်။ အကြားအာရုံ စစ်ဆေးရပါမယ်။ အကြားအာရုံဆုံးရှုံးရင်တော့  အကြားအာရုံပြန်ရဖို့အတွက် အကူပစ္စည်းတပ်ဆင်ဖို့ (သို့)ခွဲစိတ်မှုပြုလုပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။

          ကလေးက ခွဲစိတ်နိုင်တဲ့အရွယ်ရောက်ပြီဆိုရင်တော့ အလယ်နားနဲ့အတွင်းနားမှာ ချို့ယွင်းမှုရှိ/မရှိ CT scan ရိုက်ကြည့်ရပါမယ်။ အသက်တစ်နှစ်အောက်ကလေးတွေမှာတော့ ဓာတ်ရောင်ခြည်တွေနဲ့ ထိတွေ့မှုမရှိအောင် CT scan ရိုက်ဖို့မသင့်တော်သေးပါဘူး။ မိခင်ဗိုက်အတွင်း နားဖြစ်ပေါ်တဲ့အချိန်နဲ့ ဆီးလမ်းကြောင်းဖြစ်တဲ့အချိန်တူတဲ့အတွက် ကျောက်ကပ်အာထရာဆောင်းရိုက်ပြီး ချို့ယွင်းမှုရှိ/မရှိ စစ်ဆေးဖို့လိုအပ်ပါတယ်။

ကုထုံးများ

          ကုသရာတွင် နားအထူးကု၊ အကြားအာရုံအထူးကု၊ မျိုးရိုးဗီဇအထူးကုန့ဲ ခွဲစိတ်ပြုပြင် အထူးကုတွေပေါင်းပြီး ကုသကြရပါတယ်။ အကြားအာရုံဆုံးရှုံးတဲ့ကလေးတွေအတွက် အရိုးမှာတွယ်ကပ်နေတဲ့ အကြားအကူပစ္စည်းသုံးလို့ရပါတယ်။ ဒါကတော့ ခွဲစိတ်ပြီးထည့်ရတဲ့ကိရိယာတစ်မျိုးဖြစ်ပြီး အရိိုးမှတိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် အသံဖြစ်ပေါ်စေပါတယ်။ နားပတ်လည်မှပြုလုပ်တဲ့ခွဲစိတ်မှုအားလုံးကို အကောင်းဆုံးဖြစ်စေဖို့အတွက် plastic surgeon နဲ့တိုင်ပင်ပြီး ပြုလုပ်ဖို့လိုပါတယ်။

          Microtia ကလေးအများစုမှာ နားကိုပြန်ပြီးတည်ဆောက်တဲ့ခွဲစိတ်မှုပြုလုပ်ရပါတယ်။ ဒါကတော့ အဆင့်ဆင့်လုပ်ရတဲ့ခွဲစိတ်မှုဖြစ်ပြီး ပထမဆုံးအနေနဲ့ နားပြန်ပြီး တည်ဆောက်ရပါတယ်။ နောက်တစ်ဆင့် မှာတော့ နားကို ခေါင်းဘေးကခွာပြီးတော့ အရေပြားအစားထိုးထည့်ရပါတယ်။ နောက်အဆင့်တွေကတော့ နားပုံစံရအောင် တစ်ဆင့်ပြီးတစ်ဆင့် ခွဲစိတ်မှုပြုရပါတယ်။

          အရေးကြီးတဲ့အချက်ကတော့ပြန်ပြီးပြုပြင်ထားတဲ့နားတွေက ပုံမှန်နားတွေလောက်တော့ အသေးစိတ် မကျသလို၊ ပျော့ပြောင်းမှုမရှိပါဘူး။ ရည်ရွယ်ချက်က ဖြစ်နိုင်သလောက် ပုံမှန်နားပုံစံ ရအောင် ပြုပြင်ခွဲစိတ် ထားခြင်းဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကို ကလေး အသက် 6-10 နှစ်လောက်မှပြုလုပ်တာဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဘာတွေဖြစ်နိုင်တယ်ဆိုတာကို ကြိုပြီးတွေးထားနိုင်ပါတယ်။

          Microtia ရှိတဲ့ကလေးအများစုက ပုံမှန်အတိုင်းကြီးထွားဖွံ့ဖြိုးလာပါတယ်။ အကြားအာရုံပြဿနာရှိရင်တော့ အကြားအာရုံစစ်ဆေးမှုပြုလုပ်ပြီး ပုံမှန်ပြန်ပြဖို့လိုအပ်ပါတယ်။ နားပုံစံရအောင်ပြုပြင်ခွဲစိတ်မှုတွေက ပုံစံပြန်ရစေရုံသာမက မျက်မှန်၊ မျက်နှာဖုံးများတပ်ဆင်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com