ရင်သားကင်ဆာ (Ca Breast)
ရင်သားကင်ဆာရောဂါရှိကြောင်းသိရှိနိုင်တဲ့ ပထမဆုံး လက္ခဏာတွေကတော့ ရင်သားမှာ အလုံးပေါ်တာ ဒါမှမဟုတ် mammogram မှာအလုံးတွေ့ရတာပဲဖြစ်ပါတယ်။ ရင်သားကင်ဆာ ရောဂါဖြစ် တာကို စောစောသိရှိမယ်ဆိုရင် ကုသပျောက်ကင်းနိုင်တဲ့ အခြေအနေရှိပါတယ်။ နောက်ကျမှသိမယ်ဆို ရင်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကင်ဆာရောဂါပျံ့နှံ့ရောက်ရှိသွားတတ်ပြီး အမြစ်ပြတ်အောင် ကုသဖို့ခဲယဉ်းပါတယ်။ ရင်သားကင်ဆာရောဂါဟာ အမျိုးသမီးတွေမှာအဖြစ် များလေ့ရှိပြီး အမျိုးသားတွေမှာဖြစ်ပြီဆိုရင် ရောဂါပြင်းထန်တာကိုတွေ့ရပါတယ်။
♦ ရင်သားကင်ဆာရဲ့ လက္ခဏာများ
ရင်သားကင်ဆာရောဂါဟာ စဖြစ်ဖြစ်ခြင်းမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ အလုံး အကျိတ်ကြီးလာတဲ့အခါမှာတော့ အောက်ပါလက္ခဏာတွေကို စတင်ခံစားရပါတယ်။
1. ရင်သားမှာပဲဖြစ်ဖြစ်၊ ချိုင်းပတ်၀န်းကျင်မှာပဲဖြစ်ဖြစ် အလုံးအကျိတ်ကို စတင်သတိထား မိလာပါတယ်။ ရင်သားကင်ဆာအလုံးအကျိတ်တွေဟာ နာကျင်မှုမရှိဘူးလို့ဆိုပေမယ့် တချို့ မှာတော့ စူးသလိုလို၊ အောင့် သလိုလိုမျိုး ခံစားရနိုင်ပါတယ်။ Mammogram လို့ခေါ်တဲ့ ရင်သားစစ်ဆေးတဲ့ကိရိယာနဲ့စစ်ဆေးမယ်ဆိုရင် ရင်သားအလုံးအကျိတ်ကို မတွေ့နိုင်၊ မစမ်းမိနိုင်လောက် အောင် သေးငယ်တဲ့အရွယ်ကတည်းက ကြိုတင်စစ်ဆေးတွေ့ရှိနိုင်မှာဖြစ်ပါတယ်။
2. ချိုင်းပတ်ဝန်းကျင်မှာ ရောင်ရမ်းဖောင်းကားလာပါတယ်
3. ရင်သားဟာ သိသိသာသာ ပြားလာတာ ဒါမှမဟုတ် ချိုင့်လာတာကိုတွေ့ရနိုင်ပါတယ်။
4. ရင်သားရဲ့ အရွယ်အစား၊ အလုံးအ၀န်းပုံစံ၊ တင်းရင်းမှု၊ အပူအအေး စတာတွေမှာ ပြောင်းလဲ မှုတွေဖြစ်လာတတ်ပါတယ်။ လိမေ္မာ်သီးအခွံလိုနီရဲပြီး အချိုင့်လေးတွေအများကြီး ပေါ်လာပြီဆိုရင်တော့ ရင်သားကင်ဆာရောဂါရင့်နေပြီလို့ ဆိုနိုင်ပါတယ်။
5. နို့သီးခေါင်းဟာ အတွင်းကို ချိုင့်၀င်သွားတာ ဒါမှမဟုတ် ယားယံတာ ဒါမှမဟုတ် ပူနာ နေတာ ဒါမှမဟုတ် နို့သီးခေါင်းမှာ အနာဖြစ်နေတာဆိုရင် ရင်သားကင်ဆာရောဂါလို့ပြနေပါတယ်။
6. နို့သီးခေါင်းကနေ အရည်ကြည်ပဲဖြစ်ဖြစ်၊ သွေးပဲဖြစ်ဖြစ်၊ အရောင်ရှိတဲ့ အရည်တစ်ခုခု ပဲဖြစ်ဖြစ်ထွက်မယ်ဆိုရင် ရင်သားကင်ဆာရောဂါဖြစ်နိုင်ကြောင်း သိထားသင့်ပါတယ်။
7. အရေပြားရဲ့အောက်မှာ မာမာခဲခဲလေးတွေ ပေါ်လာတတ်ပါတယ်။
8. ပုံမှန်အတိုင်းရှိနေတဲ့ အခြားရင်သားနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသိသာသာကွဲပြားနေတာ ကို တွေ့နိုင်ပါတယ်။
♦ ရင်သားကင်ဆာရှိ မရှိ စမ်းသပ်စစ်ဆေးခြင်း
ရင်သားကင်ဆာရောဂါကို ဖော်ထုတ်သိရှိမယ်ဆိုရင် ပျောက်ကင်းအောင် ရောဂါစဖြစ် ကတည်းက ကုသနိုင်ဖို့အခွင့်အရေးများပါတယ်။ ရင်သားကင်ဆာရောဂါရှိမရှိ ဖော်ထုတ်စစ်ဆေး ရာမှာ အကောင်းဆုံးနည်းလမ်းကတော့ mammography လို့ခေါ်တဲ့ ရင်သားစစ်ဆေးတဲ့ကိရိယာနဲ့ စမ်းသပ်စစ်ဆေးခြင်းပဲဖြစ်ပါတယ်။
ရင်သားကိုဆရာ၀န်က စမ်းသပ်စစ်ဆေးတာပဲဖြစ်ဖြစ်၊ မိမိဘာသာစမ်းသပ်စစ်ဆေးတာပဲ ဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် mammography (မမ်မိုဂရပ်ဖီ) လုပ်ရတဲ့ အကြိမ်အရေအတွက်ကို လျှော့ချနိုင်ပါတယ်။ ရင်သားကင်ဆာရောဂါရှိမရှိ မိမိဘာသာ လက်ဖြင့်စမ်းသပ်စစ်ဆေးတာဟာ အသက် ၂၀ ကျော်တာနဲ့ လုပ်လိုရတဲ့ စမ်းသပ်စစ်ဆေးမှုဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်နည်းလုပ်ဟန်မှားယွင်းလို့ပဲဖြစ်ဖြစ်၊ မိမိရဲ့ဆုံးဖြတ်ချက်မှားယွင်းလို့ပဲဖြစ်ဖြစ် မိမိဘာသာစမ်းသပ်စစ်ဆေးတဲ့အခါ အဖြေမှားယွင်းသွားနိုင်ပါတယ်။ ဒါကြောင့်မို့ တချို့ဆရာ၀န်ကြီးတွေက မိမိဘာသာစမ်းသပ် စစ်ဆေးခြင်းကို မတိုက်တွန်းကြပါဘူး။
♦ ရင်သားအားမိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်း
ရင်သားအား မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးတော့မယ်ဆိုရင် မှန်ကန်တဲ့စမ်းသပ်မှုနည်းလမ်းတွေကို ဆရာ၀န်ထံမှာ သေသေချာချာသင်ယူထားရပါမယ်။ ရာသီသွေးပေါ်တဲ့အချိန်မှာ ရင်သားမှာ ယာယီပြောင်းလဲမှုတွေ (ရင်သားတင်းတာ၊ ရင်သားမှာအလုံးတွေပေါ်တာ) ဖြစ်ပေါ်လေ့ ရှိပါတယ်။ အဲဒီပြောင်းလဲမှုတွေဟာ ရာသီသွေးပေါ်ပြီ သုံးရက်မှငါးရက်ခန့်အကြာမှာ အလို အလျောက် ပြန်လည်ပျောက်ကွယ်သွားပါတယ်။ ဒါကြောင့်မို့ ရင်သားကင်ဆာရောဂါရှိမရှိ ရင်သားကိုလက်ဖြင့် စမ်းသပ်ကြည့်မယ်ဆိုရင် ရာသီသွေးပေါ်ပြီး ငါးရက်ကျော်ကြာမှ စတင် စမ်းသပ်သင့်ပါတယ်။ မိမိဘာသာစမ်းသပ်ကြည့်လို့ သံသယရှိရင် ဒါမှမဟုတ် မသိနားမလည်တာ တွေရှိရင် ဆရာ၀န်နဲ့ပြန်လည်ဆွေးနွေးတိုင်ပင်ရပါမယ်။
ရင်သားကိုလက်ဖြင့် စမ်းသပ်တဲ့အခါ ရင်သားမှာ ပါးချိုင့်လိုချိုင့်နေတာ၊ ပုံသဏ္ဌာန်ပြောင်း လဲတာ၊ တစ်ဖက်နဲ့တစ်ဖက်ညီညာမှုမရှိတာ စတာတွေကို အရင်ဆုံးကြည့်ရှုရပါမယ်။ မှန်ထဲမှာ ကြည့်ရင်အကောင်းဆုံးပါပဲ။ ပြီးရင်ရေချိုးခန်းထဲမှာ ရင်သားနှစ်ဖက်ကိုဆပ်ပြာနဲ့ဆေးကြော ရပါမယ်။ ပြီးရင် ရင်သားအနှံ့ကို လက်ဝါးဖြင့်အသာအယာဖိကြည့်ပြီး ရင်သားရဲ့မျက်နှာပြင်မှာ အလုံးအကျိတ်ရှိမရှိ စစ်ဆေးရပါမယ်။ ပြီးရင် ရင်သားအနှံ့ကို လက်ဝါးဖြင့်ခပ်တင်းတင်းဖိကြည့်ပြီး ရင်သားအောက်မှာ အလုံးအကျိတ်ရှိမရှိ စစ်ဆေးရပါမယ်။ နို့သီးခေါင်းနဲ့ နို့သီးခေါင်းပတ်၀န်းကျင်ကို ခပ်ဖွဖွဖိညှစ်ပြီး ပြည်၊ သွေး၊ အရည်ကြည်စတာတွေထွက်မထွက် ကြည့်ရပါမယ်။ အရည်တစ်ခုခု ထွက်ရင် အထူးသဖြင့် သွေးထွက်တယ်ဆိုရင် ဆရာ၀န်နဲ့အမြန်ဆုံးပြသရပါမယ်။
ရင်သားမှာ အလုံးအကျိတ်အသစ်တစ်ခုခုစမ်းသပ်မိတိုင်း ဆရာ၀န်နဲ့ပြသပြီး ကင်ဆာအလုံး ဟုတ်မဟုတ်၊ ကင်ဆာရောဂါဖြစ်နိုင်မဖြစ်နိုင်စစ်ဆေးရပါမယ်။ ရင်သားမှာတွေ့ရတဲ့အလုံးအကျိတ် အများစုဟာ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်တွေဖြစ်လေ့ရှိပါတယ်။ တစ်ခါတရံမှာ အလုံး အကျိတ်မဟုတ်ဘဲ အရည်အိတ်လေးတွေလည်း တွေ့နိုင်ပါတယ်။ ရင်သားမှာတွေ့ရတဲ့ အလုံးဟာ အကျိတ်လုံးလား၊ အရည်လုံးလားဆိုတာကို Ultrasound လို့ခေါ်တဲ့ တယ်လီဗေးရှင်းဓာတ်မှန်ရိုက် ပြီးခွဲခြားနိုင်ပါတယ်။ လိုအပ်ရင်တော့ အပ်နဲ့စုပ်ထုတ်ပြီး စစ်ဆေးကြည့်ရပါတယ်။
American Cancer Society အဖွဲ့ရဲ့အဆိုအရ အသက် ၄၀ ကျော်ရင် ရင်သားကို mammogram နဲ့တစ်နှစ်တစ်ကြိမ် စမ်းသပ်စစ်ဆေးသင့်တယ်လို့ဆိုပါတယ်။ အသက် ၄၀ ကျော်ပြီ ဆိုရင် ဆရာ၀န်နဲ့တိုင်ပင်ပြီး mammogram စရိုက်သင့်ပါတယ်။ mammogram ရိုက်ခြင်းဖြင့် ရင်သားမှာရှိတဲ့အလုံးအကျိတ်ကို လက်နဲ့စမ်းသပ်မိတဲ့အရွယ်မရောက်ခင် နှစ်နှစ်ခန့်အထိ စော လျင်စွာ သိရှိနိုင်တယ်လို့ဆိုပါတယ်။
ရင်သားမှာတွေ့ရတဲ့အလုံးအကျိတ်ကို ကင်ဆာကျိတ်ဟုတ်မဟုတ် ခွဲခြားတဲ့နေရာမှာ စမ်းသပ်စစ်ဆေးနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ mammogram နဲ့ Ultrasound တွေက အသုံးများတဲ့ စစ်ဆေးမှုတွေဖြစ်ပါတယ်။ အသေချာဆုံးနည်းလမ်းက အသားစစစ်ဆေးခြင်း ဖြစ်ပါတယ်။
အဖြစ်နည်းတဲ့နေရာတွေမှာ ပုန်းကွယ်နေတတ်တဲ့ အလုံးအကျိတ်တွေကို ရှာဖွေဖို့ပဲဖြစ်ဖြစ်၊ သင့်တော်တဲ့ခွဲစိတ်ကုသမှုနည်းလမ်းကို ရှာဖွေဖို့ပဲဖြစ်ဖြစ် လိုအပ်လာတဲ့အခါ ရင်သားကို MRI လို့ခေါ်တဲ့ စက်နဲ့စမ်းသပ်စစ်ဆေးမှုပြုလုပ်ရပါတယ်။ ရင်သားကင်ဆာဟာ ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေကို ပျံ့နှံ့ရောက်ရှိမှုမရှိဘူးဆိုရင် CT Scan, PET Scan, Bone Scan နဲ့ X-ray (ဓာတ်မှန်) စက်တွေနဲ့စမ်းသပ်စစ်ဆေးမှုပြုလုပ်ဖို့ မလိုအပ်နိုင်ပါဘူး။
ရင်သားကင်ဆာကို ဟော်မုန်းကုထုံးနဲ့ကုလို့ရမရ သိရှိလိုတဲ့အခါ ကင်ဆာဆဲလ်တွေပေါ်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းလို့ခေါ်တဲ့ ဟော်မုန်းတွေကို လက်ခံတုံ့ပြန်နိုင်တဲ့ receptor တွေရှိမရှိ စစ်ဆေးရပါတယ်။
♦ ရင်သားကင်ဆာရောဂါကိုကုသမှုနည်းလမ်းများ
ရင်သားကင်ဆာရောဂါရှိနေပြီလို့ သိရပြီဆိုရင် မြန်မြန်ကုလေပြန်ကောင်းဖို့ အခွင့်အရေး များလေဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုကုသလမှုခံယူမယ်လို့ ဆုံးဖြတ်ချက်မချခင် ကုသနိုင်တဲ့ နည်းလမ်းအသွယ်သွယ်ကို လေ့လာထားသင့်ပါတယ်။ မိသားစုဆရာ၀န်၊ အထူးကုဆရာ၀န် တွေနဲ့ ရင်သားကင်ဆာရောဂါခံစားနေရသူတွေကို မေးမြန်းတိုင်ပင်သင့်ပါတယ်။ ဆုံးဖြတ်ချက်ကို အလျင် စလိုမချပါနဲ့။ ရောဂါကိုသိတဲ့အချိန်နဲ့ ကုသတဲ့အချိန်ကြားမှာ မှန်ကန်တဲ့ကုသမှုနည်းလမ်းရဖို့ အတွက် အချိန်အနည်းငယ်ပေးတာဟာ ကုသမှုကို အနှောင့်အယှက်မဖြစ်စေပါဘူး။
ရင်သားကင်ဆာရောဂါကို ဘယ်လိုနည်းလမ်းနဲ့ကုသမယ်ဆိုတာဟာ ကင်ဆာရောဂါရဲ့ အနုအရင့်၊ အမျိုးသမီးရဲ့အသက်အရွယ်၊ အမျိုးသမီးရဲ့ ကျန်းမာရေးအခြေအနေစတာတွေ အပေါ် မှာမူတည်ပါတယ်။ ရင်သားကင်ဆာအတွက် လုပ်လေ့ရှိတဲ့ ကုသမှုနည်းလမ်းကတော့ ခွဲစိတ်ကု သမှုပြုလုပ်ပြီး ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation theraphy)၊ ဆေးသွင်းကုသခြင်း (Chemotheraphy)၊ ဟော်မုန်းဓာတ်ဖြင့်ကုသခြင်း (Hormone theraphy) စတာတွေကို အဆင့်ဆင့်ပေါင်းစပ်ကုသတာပဲဖြစ်ပါတယ်။
ခွဲစိတ်ကုသတဲ့အခါမှာ အသုံးအများဆုံးနည်းလမ်းက ကင်ဆာဖြစ်နေတဲ့ရင်သားအပါအ၀င် ရင်သားနဲ့ချိုင်းမှာရှိတဲ့ ပြန်ရည်ကျိတ် (lymph node) တွေကို ခွဲစိတ်ဖယ်ထုတ်တဲ့နည်းလမ်းဖြစ် ပါတယ်။ ရင်သားကင်ဆာအကျိတ်ကို စောစောစီးစီးသိရှိတယ်၊ ပျံ့နှံ့မှုမရှိသေးတဲ့ အလုံးအကျိတ် အနေအထားမျိုးရှိတယ်ဆိုရင် ရင်သားတစ်ခုလုံးကို ခွဲစိတ်ဖယ်ထုတ်စရာမလိုအပ်ပါဘူး။ ကင်ဆာ အကျိတ်ရယ်၊ သူနဲ့သက်ဆိုင်တဲ့ ပြန်ရည်ကျိတ်တွေရယ်ကို ခွဲစိတ်ဖယ်ထုတ်လိုက်ပြီး ဓာတ်ရောင် ခြည်ကုသခြင်း၊ ဆေးသွင်းကုသခြင်း၊ ဟော်မုန်းဓာတ်ပေးကုသခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ ရင်သားအလှကို မထိခိုက်စေတော့ဘူးပေါ့။
ရင်သားကင်ဆာဟာ အသိနောက်ကျလို့ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားရင်ပဲဖြစ်ဖြစ်၊ ခွဲစိတ် ကုသပြီးလို့ နောက်တစ်ကြိမ်ပြန်ဖြစ်ရင်ပဲဖြစ်ဖြစ် ကုသတဲ့အခါမှာ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနဲ့ ဆေးသွင်းကုသခြင်းတွေကို အဓိကထားလုပ်ဆောင်ရပါတယ်။ ဟော်မုန်းဓာတ်ကိုတု့ံပြန်မှုရှိ တယ်ဆိုရင်တော့ ဟော်မုန်းဓာတ်ပေးပြီး ကုသပေးခြင်းဟာ အထောက်အကူဖြစ်စေပါတယ်။ ခွဲစိတ်ကုသမှုကို လည်း လိုအပ်သလိုထည့်သွင်းအသုံးပြုကြပါတယ်။
ရင်သားကင်ဆာရောဂါကို အသိနောက်ကျလို့ ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ထုတ်လိုက်ရတဲ့ အမျိုးသမီးတွေအတွက် သတင်းကောင်းကတော့ Reconstructive Breast Surgery လို့ခေါ်တဲ့ ရင်သားပြန်လည်ဖြည့်တည်းပေးတဲ့ ကုသမှုပဲဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ ခွဲစိတ် ဖြတ်တောက်လိုက်ရတဲ့ရင်သားကို ပုံမှန်ကောင်းနေတဲ့တစ်ဖက်ရင်သားနဲ့ ဆင်တူအောင် ပြုပြင် ဖြည့်တင်းပေးတာဖြစ်ပါတယ်။
ရင်သားကိုခွဲစိတ်ကုသမှုခံယူပြီးလို့ အိမ်ကိုပြန်ရောက်တဲ့အခါ သာမန်ရိုးစင်းတဲ့ ကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို မှန်မှန်ပြုလုပ်ပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြု လုပ်ပေးခြင်းဖြင့် ခွဲစိတ်ကုသမှုရဲ့ နောက်ဆက်တွဲလက္ခဏာတွေ ကို လျော့ကျစေပြီးကြွက်သား တောင့်တင်းခြင်းတွေကို လျော့နည်းစေပါတယ်။ ဘရာကျပ်ကျပ် ဒါမှမဟုတ် တင်းကျပ်တဲ့ အ၀တ်အစားတွေ၀တ်ဆင်ခြင်းကို ရှောင်ကျဉ်ရပါမယ်။ အရေပြားကို သန့်သန့်ရှင်းရှင်းနဲ့ လေ၀င် လေထွက်ကောင်းအောင်ထားရပါမယ်။ အသားလှဆီနဲ့ အမွှေးနံ့သာအဆီတွေကို လိမ်းမယ်ဆိုရင် ဆရာ၀န်ညွှန်ကြားတဲ့ အမျိုးအစားကိုသာ အသုံးပြုသင့်ပါတယ်။
♦ ရင်သားကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ခြင်း
ရင်သားကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့နည်းလမ်းတွေ တိတိကျကျမသိရှိရသေးပါဘူး။ ဒါပေမယ့် ကာယလေ့ကျင့်ခန်းမှန်မှန်လုပ်ရင် ရင်သားကင်ဆာရောဂါဖြစ်ဖို့ အခွင့်အရေးနည်းသွားပါ တယ်။ လေ့လာတွေ့ရှိချက်တွေအရ ကာယလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တဲ့ အမျိုးသမီးတွေ ဟာ ကာယလေ့ကျင့်ခန်းမလုပ်တဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာရောဂါဖြစ်ဖို့အခွင့်အရေး တစ်၀က်တိတိ လျော့ကျသွားတယ်လို့ဆိုပါတယ်။ အဆိုပါ လေ့လာမှုကိုသွေးမဆုံးသေးတဲ့ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ ပြုလုပ်ထားတာဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်နေတဲ့ အမျိုးသမီး တွေကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ပေးမယ်ဆိုရင် ကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံနိုင် စေပြီး ရောဂါပျောက်ကင်းမှု မြန်ဆန်တာကိုလည်း တွေ့ရပါတယ်။
♦ ရင်သားကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် အစားအစာရွေးချယ်မှု
ရင်သားကင်ဆာရောဂါကို ကြိုတင်ကာကွယ်တဲ့နေရာမှာ အစားအသောက်တွေရဲ့ အခန်းကဏ္႑ဟာ သေးငယ်တယ်ဆိုပေမယ့် အထိုက်အလျောက်ထိရောက်မှုရှိတဲ့အတွက် စနစ် တကျရွေးချယ်စားသုံးသင့်ပါတယ်။ အဆီဓာတ်တွေဟာ ရင်သားကင်ဆာရောဂါဖြစ်ဖို့ အခွင့်အရေး များစေပြီး သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတွေကတော့ ကင်ဆာရောဂါဖြစ်ဖို့ အခွင့် အရေးကို လျော့နည်းစေပါတယ်။
အရက်သောက်ခြင်းဟာ ရင်သားကင်ဆာရောဂါဖြစ်ဖို့ အခွင့်အရေးကိုများစေပါတယ်။
အရေးကြီးတဲ့အချက်က အစားအသောက်ရှောင်ကျဉ်ခြင်းဟာ အခြားအကြောင်းအရာ တွေကြောင့် ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ အခွင့်အရေးကို မလျော့ကျစေပါဘူး။ ဒါကြောင့်မို့ အစား အသောက်ဆင်ခြင်တဲ့အမျိုးသမီးတွေဟာလည်း mammogram ဖြင့် ရင်သားစမ်းသပ်စစ်ဆေးတာ၊ လက်ဖြင့်ရင်သားစမ်းသပ်စစ်ဆေးတာတွေကို မပျက်မကွက်ပြုလုပ်ရမှာဖြစ်ပါတယ်။
ကင်ဆာရောဂါကို စောစောသိအောင်လုပ်ပြီး စောစောကုသခြင်းဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ရင်သားကင်ဆာရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ဒါမှမဟုတ် ရင်သား ကင်ဆာဖြစ်ရင် စောလျင်စွာ သိရှိဖို့အတွက် အောက်ပါအတိုင်းပြုလုပ်သင့်ပါတယ်။
1. ရာသီသွးပေါ်ပြီး ငါးရက်အကြာမှာ လက်ဖြင့်ရင်သားစမ်းသပ်စစ်ဆေးခြင်းကို လစဉ်ပြု လုပ်သင့်ပါတယ်။ အထွေထွေကျန်းမာရေးစစ်ဆေးမှု (Medical Checkup) ကို တစ်နှစ်မှာနှစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ mammogram ဖြင့် ရင်သားစမ်းသပ်စစ်ဆေခြင်းကို တစ်နှစ်တစ်ခါ ပြုလုပ် သင့်ပါတယ်။ အချို့ဆရာ၀န်ကြီးများက mammogram ဖြင့် ရင်သားစမ်းသပ်စစ်ဆေးခြင်းကို အသက် ၄၀ ကျော်ရင် စတင်ပြုလုပ်ဖို့ ညွှန်ကြားကြပြီး အချို့က အသက် ၅၀ ကျော်မှ စတင်ပြုလုပ် ဖို့ညွှန်ကြားကြပါတယ်။ မိမိရဲ့မျိုးရိုးထဲမှာ ရင်သားကင်ဆာရောဂါရှိတဲ့သူပါတယ်ဆိုရင် mammogram ဖြင့်စစ်ဆေးခြင်းကို ပိုပြီးစောစောလုပ်ဖို့ လိုအပ်ပါတယ်။
2. သနေ္ဓတားဆေးဝါးတွေ သောက်တော့မယ်ဆိုရင် ဆေးဝါးတွေရဲ့ အကျိုးအပြစ်ကို သေသေချာချာမေးမြန်းပြီးမှ သုံးစွဲသင့်ပါတယ်။
3. သွေးဆုံးကာနီးရင် သွေးဆုံးတဲ့လက္ခဏာတွေ သက်သာဖို့အတွက် အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်ပါတဲ့ဆေးဝါးတွေကို သောက်ရလေ့ရှိပါတယ်။ ၎င်းဆေးဝါးအတွဲအစပ်ဟာ ရင်သား ကင်ဆာဖြစ်ဖို့အခွင့်အရေးကို များစေတဲ့အတွက် ဂရုတစိုက်၊ ကြပ်ကြပ်မတ်မတ် စောင့်ကြည့်သုံးစွဲ သင့်ပါတယ်။
4. ရင်သားကင်ဆာရောဂါဖြစ်ဖို့ အခွင့်အရေးများတဲ့သူတွေအတွက် အီစထရိုဂျင်ရဲ့ အာနိသင်ကိုပိတ်ပင်ပေးတဲ့ tamoxifen လို၊ raloxifene လိုဆေးဝါးတွေရှိပါတယ်။ ရင်သား ကင်ဆာရောဂါဖြစ်ဖို့ အခွင့်အရေးကို လျော့ကျစေတယ်လို့ဆိုပါတယ်။ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆရာ၀န်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်ပါက အသုံးပြုနိုင်ပါတယ်။
Dr. KKM (IM - 1)






























