/
news/ကျန်းမာရေး-z/ရာသီတုပ်ကွေးရောဂါ-seasonal-influenza-ah1n12009

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009)

Category
ကျန်းမာရေး (A-Z)

          ဒီရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009)ကို တစ်ချိန်က ၀က်တုပ်ကွေးရောဂါ (Swine Flu) လို့ ခေါ်ပါတယ်။ အများအားဖြင့် ၀က်နားမှာနေတဲ့သူတွေ၊ ၀က်မွေးမြူရေးသမားတွေ၊ တိရစၧာန်ဆေးကု ဆရာ၀န်တွေမှာ ဖြစ်လေ့ရှိတာကြောင့်ပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဒီရောဂါဟာ ရောဂါပိုးကူးစက်ခံနေရသူမှတစ်ဆင့် အခြားလူများထံသို့ လူလူချင်း ကူးစက်ပျံ့နှံ့လာတာကို တွေ့ရပါတယ်။

 

>> ရောဂါလက္ခဏာများ

          ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009) ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေဟာ ပုံမှန်တုပ်ကွေးရောဂါနဲ့ ဆင်တူပါတယ်။

•        အဖျားတက်ခြင်း

•        ချောင်းဆိုးခြင်း

•        လည်ချောင်းနာခြင်း

•        နှာရည်ယိုခြင်း

•        မျက်လုံးနီရဲခြင်း၊ မျက်ရည်ကျခြင်း

•        တစ်ကိုယ်လုံး ကိုက်ခဲခြင်း

•        ခေါင်းကိုက်ခြင်း

•        မောပန်းလွယ်ခြင်း

 

>> ဖြစ်ပွားရသည့် အကြောင်းအရင်းများ

          ရောဂါပိုးရှိတဲ့ အညစ်အကြေးများကို ရှူရှိုက်မိခြင်း (သို့) မသန့်ရှင်းတဲ့ မျက်နှာပြင်မှာရှိတဲ့ ဗိုင်းရပ်စ်ပိုးများဟာ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ၀င်ရောက်ကာ နှာခေါင်း၊ လည်ခောျင်းနဲ့ အဆုတ်နံရံမှာရှိတဲ့ ဆဲလ်တွေကို ရောဂါဖြစ်စေပါတယ်။

          ၀က်သားစားခြင်းကြောင့်တော့ ၀က်တုပ်ကွေးရောဂါ မဖြစ်စေနိုင်ပါဘူး။

 

>> ရောဂါကူးစက်နိုင်ခြေများသည့် အချက်များ

          ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009) ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ နေရာဒေသများသို့ သွားရောက်လည်ပတ်ပါက လူစည်ကားတဲ့နေရာတွေမှာ ဗိုင်းရပ်စ်ရောဂါ ကူးစက်နိုင်ခြေ များပါတယ်။

 

>> နောက်ဆက်တွဲဆိုးကျိုးများ

•        နာတာရှည်ရောဂါများ ပိုမိုဆိုးရွားလာခြင်း (နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ)

•        အဆုတ်ရောင်ခြင်း

•        ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာခြင်း (ဥပမာ - သတိလစ်ခြင်း)

•        အသက်ရှူရ ခက်ခဲခြင်း

 

>> ကုသမှုခံယူခြင်း

          H1N1 အပါအ၀င် တုပ်ကွေးရောဂါအများစုဟာ ရောဂါေ၀ဒနာတွေ သက်သာစေရန် လုပ်ဆာင်ဖို့ပဲ လိုပါတယ်။ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့ လူနာများကိုမူ ဆရာ၀န်မှ လိုအပ်သောဆေးများကို သောက်သုံးရန် ညွှန်ကြားပါလိမ့်မယ်။

          ရောဂါေ၀ဒနာတွေ သက်သာစေဖို့နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့အတွက် ရောဂါဖြစ်ပြီး 1 ရက်၊ 2 ရက်အတွင်းမှာ ဗိုင်းရပ်စ်ပိုးသတ်ဆေး (Oseltamivir, Zanamivir) တွေကို သောက်သုံးနိုင်ပေမယ့်လည်း ဆေးယဉ်ပါးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ 

 

>> လူနေမှုပုံစံနှင့် အိမ်သုံးဆေးမြီးတိုများ

          ဘယ်လိုတုပ်ကွေးမျိုးပဲဖြစ်ဖြစ် အောက်ပါတို့ကို လုပ်ဆောင်ခြင်းဖြင့် ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

•       အရည်များများ သောက်သုံးပေးပါ - ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ဖို့အတွက် ရေ၊ အသီးဖျော်ရည်နဲ့ စွပ်ပြုတ်တို့ကို သောက်သုံးနိုင်ပါတယ်။

•       ကောင်းစွာ အနားယူပါ - ရောဂါပိုးတွေကို တိုက်ဖျက်ဖို့ ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် အိပ်ရေး၀အောင် အိပ်ဖို့ လိုအပ်ပါတယ်။

•       အကိုက်အခဲပျောက်ဆေးများကို ဆရာ၀န်ညွှန်ကြားချက်နဲ့အညီ သောက်သုံးပါ။

•       အဖျားကြီးပါက ရေပတ်တိုက်ပါ။

 

>> ကာကွယ်ခြင်း

          ရောဂါကာကွယ် ထိန်းချုပ်တားဆီးရေးအဖွဲ့ကြီးက အသက် 6 လအထက်ရှိတဲ့သူတွေအားလုံး တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးဖို့ အကြံပြုထားပါတယ်။ H1N1 ကာကွယ်ဆေးကို ထိုးထားခြင်းဖြင့် တုပ်ကွေးရာသီမှာ အဖြစ်အများဆုံး ဗိုင်းရပ်စ်ပိုး 2-3 မျိုးကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

          ကာကွယ်ဆေးကို ထိုးဆေး (သို့) ရှူဆေးအနေဖြင့် ရနိုင်ပါတယ်။ ရှူဆေးကို အသက် 2 နှစ်မှ 49 နှစ်အတွင်း ကိုယ်၀န်မရှိသူများသာ အသုံးပြုနိုင်ရန် ခွင့်ပြုထားပါတယ်။ အသက် 50 နှစ်အထက် လူကြီးများ၊ အသက် 2 နှစ်အောက်ကလေးများ ကိုယ်၀န်ဆောင်မိခင်များ၊ ကြက်ဥနှင့် ဓာတ်မတည့်သူများ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများ၊ ကိုယ်ခံအားစနစ် အားနည်းနေသူများ၊ အက်စ်ပရင် သောက်သုံးနေသူများကိုမူ အသုံးမပြုသင့်ကြောင်း တားမြစ်ထားပါတယ်။

          H1N1 တုပ်ကွေးရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် -

•       နေမကောင်းပါက အိမ်၌သာ နားနေပါ - H1N1 တုပ်ကွေးသည် လူလူချင်း ကူးစက်နိုင်တာကြောင့် အဖျားကျပြီးလျှင်လည်း အိမ်၌သာ နားနေသင့်ပါတယ်။

•       လက်ကို သေချာစွာ မကြာခဏ ဆေးကြောပါ - ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး လက်ဆေးပါ။ (သို့) မရရှိပါက အရက်ပြန်ပါတဲ့ လက်ဆေးရည်ကို အသုံးပြုပါ။

•       နှာစေး၊ ချောင်းဆိုးတဲ့အခါမှာ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ - လက်တွေ မညစ်ပတ်စေဖို့ တစ်ရှူး (သို့) လက်ကိုင်ပဝါကို အသုံးပြုနိုင်ပါတယ်။

•       အခြားသူများနဲ့ ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ - လူစည်ကားတဲ့နေရာများသို့ မသွားပါနှင့်။ တုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ဖို့ အခွင့်အလမး်များတဲ့သူတွေဟာ အသက် 5 နှစ်အောက် ကလေးငယ်များ၊ အသက် 65 နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်၀န်ဆောင်အမျိုးသမီးများ၊ နာတာရှည်ရောဂါ ေ၀ဒနာသည်တွေ ဖြစ်ပါတယ်။

•       မိသားစု၀င် အချင်းချင်း ထိတွေ့မှုကို လျှော့ချပါ - မိသားစု၀င်ထဲမှာ H1N1 ရောဂါ ခံစားနေရသူတစ်ဦး ရှိပါက ထိုသူကို ပြုစုရန် တစ်ယောက်တည်းကသာ တာ၀န်ယူထားသင့်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)