ရာသီမလာခင် ခံစားရနိုင်တဲ့ လက္ခဏာစု (PMDD)
Premenstrual Dysphoric Disorder (PMDD) ဟာ ရာသီမလာခင်အကြိုခံစားရတဲ့ ပြင်းထန်တဲ့ လက္ခဏာစုဖြစ်ပြီး အမျိုးသမီးအယောက် 100 မှာ 3 - 8 ယောက်ခန့်ဟာ PMDD ကိုခံစားနေရပါတယ်။
PMDD မှာအမျိုးသမီးအများစုမှာ ဖြစ်လေ့ရှိတဲ့ premenstrual syndrome (PMS) ထက်ပိုမိုပြင်းထန်တာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပါတယ်။ နာတာရှည်ဖြစ်နိုင်တာကြောင့် PMDD ရှိနေကြောင်းသိရှိပါက ဆေးကုသမှု ခံယူသင့်ပါတယ်။ အချို့သောအမျိုးသမီးတွေက PMDD ကို သွေးဆုံးချိန်အထိ ခံစားရလေ့ရှိပါတယ်။
ရောဂါလက္ခဏာတွေက ရာသီမလာခင်ရက်သတ္တပတ်တစ်ပတ်အလိုတွင် စတင်လေ့ရှိပြီး ရာသီစလာပြီး ရက်အနည်းငယ်အတွင်းမှာ သက်သာသွားလေ့ရှိပါတယ်။ ရောဂါလက္ခဏာပြင်းထန်ပြီး နေ့စဉ် လုပ်ငန်းဆောင်ရွက်မှု စွမ်းဆောင်ရည်ကို နိမ့်ကျစေတာကြောင့် အလုပ်၊ အိမ်နှင့် အိမ်ထောင်မှုကိစ္စများမှာ အဆင်မပြေမှုတွေရှိလာနိုင်ပါတယ်။
လက္ခဏာများ
အလွန်အမင်နုံးခွေခြင်း၊ ဂဏှာမငြိမ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်း၊ ရင်တုန်ခြင်း၊ သူတပါးအပေါ်တွင် ယုံမှားသံသယလွန်ကဲလာခြင်း၊ သတိမေ့တတ်ခြင်း၊ လေပွခြင်း၊ အစားပိုစားလာခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းမသက်မသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေဖျားလက်ဖျား ထုံကျဉ်ခြင်း၊ ၀က်ခြံ၊ နှင်းခူစသောအရေပြားပြဿနာများ ဖြစ်ပေါ်လာခြင်း၊ အိပ်စက်မှု ပုံစံပြောင်းခြင်း၊ ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ မူးမေ့ခြင်း၊ အိပ်မပျော်ခြင်း၊ ရင်သားတင်း ခြင်း၊ ဆီးနည်းသွားခြင်း၊ အသက်ရှုလမ်းကြောင်းပိုး၀င်ခြင်း၊ ဓာတ်မတည့်ခြင်း၊ လိင်စိတ်လျော့ပါးခြင်း၊ ရာသီလာစဉ် နာကျင်ခြင်းစတာတွေဟာ PMDD ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
ဖြစ်ပွားရတဲ့အကြောင်းရင်း
ရာသီစက်၀န်းအတွင်းမှာဖြစ်ပေါ်လာတဲ့ ဟော်မုန်းပြောင်းလဲမှုတွေကို ဦးနှောက်မှမူမမှန် တုန့်ပြန်ရာမှ serotonin (ဆီရိုတိုနင်) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထုတ်လုပ်ခြင်းကို လျော့ကျစေတာကြောင့်ဖြစ်တယ်လို့ သုတေသီတွေက သုံးသပ်ထားကြပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ မျိုးရိုးထဲမှာဖြစ်စေ၊ စိတ်ရောဂါရှိသူ၊ မီးဖွားပြီးနောက် စိတ်ကျရောဂါဖြစ်ထားဖူးသူတွေမှာ PMDD ဖြစ်ဖို့ အလားအလာပိုများပါတယ်။
PMDD ဟုတ်မဟုတ် အတည်ပြုခြင်း
PMDD ဟုတ်/မဟုတ် ဆရာ၀န်က အထွေထွေစစ်ဆေးမှုပြုလုပ်ခြင်း၊ ဆေးပညာမှတ်တမ်း ယူခြင်း၊ ရောဂါလက္ခဏာတွေကို နေ့စဉ်မှတ်တမ်းယူထားခိုင်းခြင်းတို့ကို ပြုလုပ်ပါလိမ့်မယ်။
American Psychiatric Association ၏ Guidline အရ အနည်းဆုံး ရာသီစက်၀န်းနှစ်ခုမှာ ဆက်တိုက်ခံစားရမှသာ PMDD လို့ ဆိုနိုင်မှာဖြစ်ပါတယ်။
PMDD နှင့်ပတ်သက်၍ အထက်တွင် ဖော်ပြခဲ့သောလက္ခဏာများထဲမှ ငါးချက်နှင့်အထက်အပြင် အောက်ဖော်ပြပါ အချက်တွေထဲက အနည်းဆုံးတစ်ချက်ကို ခံစားနေရပြီဆိုရင်တော့ PMDD လို့ အတည်ပြုနိုင်ပြီဖြစ်ပါတယ်။
- ၀မ်းနည်းခြင်း ၊မျှော်လင့်ချက်မဲ့သလိုခံစားရခြင်း
- စိတ်ပူပန်ခြင်း
- စိတ်ခံစားမှုပြောင်းလဲခြင်း
- ဒေါသဖြစ်ခြင်း၊ဂဏှာမငြိမ်ခြင်း
ကုသမှု
စိတ်ကျရောဂါကုရာမှာအသုံးပြုတဲ့ SSRI ဆေးဝါးများ (Fluoxetine, Sertraline, Paroxetine, Citalopram) နှင့် မျိုးဥကြွေခြင်းကိုတားဆီးနိုင်သော ဆေးဝါးများ (သနေ္ဓတားဆေး birth control pills, Leuprolide, Nafarelin, Goserelin) ကို PMDD အတွက် အသုံးပြုနိုင်ပါတယ်။
ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ကိုက်ခဲခြင်းတို့အတွက် Aspirin (အက်စ်ပရင်)၊ Ibuproten (အိုင်ဗျူပရိုဖန်) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးဝါးတွေကို သုံးစွဲနိုင်ပါတယ်။
ကယ်လ်ဆီယမ်၊ Vitamin B6၊ Vitamin E နှင့် မဂ္ဂနီဆီယမ်ဓာတ် ကြွယ်၀တဲ့အစားအစာတွေ စားသုံးပါ။ အရက်၊ ကော်ဖီ၊ သကြားနှင့် ဆားစားသုံးမှုတွေကို လျှော့ချပြီးအသားဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်ဓာတ် ပိုစားပါ။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ စိတ်ဖိစီးမှုကင်းတဲ့ဘ၀မှာနေထိုင်ပါ။
Dr. Htet Htet Aung






























