/
news/ကျန်းမာရေး-z/လည်ချောင်းရောင်ခြင်း

လည်ချောင်းရောင်ခြင်း

Category
ကျန်းမာရေး (A-Z)

          အသံအိုး (သို့) အသံကြိုးမျှင်များကို အလွန်အကျွံအသုံးပြုခြင်း၊ ပိုးဝင်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ရောင်ရမ်းခြင်းဖြစ်စေတဲ့ ဖြစ်စဉ်ကို လည်ချောင်းရောင်ခြင်းလို့ခေါ်ပါတယ်။ ခဏတာလည်ချောင်းရောင်ခြင်းဆိုတာ 3 ပတ် အောက်ဖြစ်၍ 3 ပတ်ထက်ပိုမိုကြာမြင့်အောင် လည်ချောင်းရောင်နေပါက နာတာရှည်ဟုသတ်မှတ်ပါတယ်။

          ဗိုင်းရပ်စ်ပိုး၊ ပတ်ဝန်းကျင်မှအရာများ၊ ဘက်တီးရီးယားပိုး စတဲ့အကြောင်းအရင်းများစွာကြောင့် လည်ချောင်းရောင်နိုင်ပါတယ်။

လည်ချောင်းရောင်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတွေကဘာတွေလဲ?

        အသံကြိုးကို အလွန်အကျွံအသုံးပြုတာကြောင့်ဖြစ်တဲ့ ရုတ်တရက် လည်ချောင်းရောင်ခြင်းဟာ ခဏတာအခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် ပိုးဝင်ခြင်းကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဖြစ်စေတဲ့အကြောင်းအရင်းကို ကုသလိုက်ပါက လည်ချောင်းရောင်ခြင်းဟာ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။

          ကာလရှည်လျားစွာ လည်ချောင်းရောင်ခြင်းကတော့ ဓာတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ အချိန်ကြာမြင့်စွာထိတွေ့တာကြောင့် ဖြစ်နိုင်ပြီး ရုတ်တရက်လည်ချောင်းရောင်ခြင်းထက် ပိုမိုပြင်းထန်ကာ ကုသရာမှာလည်း အချိန်ပိုကြာတတ်ပါတယ်။

          ရုတ်တရက်လည်ချောင်းရောင်ခြင်းဖြစ်စေတဲ့ အကြောင်းတွေကတော့ -

- ဗိုင်းရပ်စ်ပိုးဝင်ခြင်း

- အော်ဟစ်ခြင်း၊ စကားပြောခြင်းကြောင့် အသံကြိုးဒဏ်ရာရခြင်း

- ဘက်တီးရီးယားပိုးဝင်ခြင်း

          နာတာရှည်လည်ချောင်းရောင်ခြင်းဖြစ်စေတဲ့ အကြောင်းတွေကတော့ -

- ဓာတ်မတည့်တဲ့ ပစ္စည်း၊ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ မကြာခဏထိတွေ့မိခြင်း

- အက်ဆစ်အထက်သို့ ဆန်တက်ခြင်း

- မကြာခဏ နှာခေါင်းအတွင်းပိုးဝင်ခြင်း

- ဆေးလိပ်သောက်ခြင်း (သို့) ဆေးလိပ်သောက်သူများနှင့် အတူရှိခြင်း

- အသံကို အလွန်အကျွံသုံးခြင်း

- ပန်းနာရင်ကျပ်ရှုဆေးများမကြာခဏသုံးခြင်းကြောင့် မှိုရောဂါအပျော့စားတစ်မျိုးဖြစ်ခြင်း

          ကင်ဆာရောဂါ၊ အသံကြိုးမျှင်များအားနည်းခြင်းနဲ့ အသက်ကြီးခြင်းကြောင့် အသံကြိုးပုံသဏ္႑ာန်ပျက်ယွင်းခြင်းတွေကလည်း အမြဲတစေအသံဝင်ခြင်းနဲ့ လည်ချောင်းနာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

လည်ချောင်းရောင်ခြင်းရဲ့ ရောဂါလက္ခဏာများ

        အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ -

- အသံအားနည်းခြင်း

- အသံမထွက်ခြင်း

- အသံဝင်၍ လည်ချောင်းခြောက်ခြင်း

- လည်းချောင်းယားယံခြင်း

- ချောင်းခြောက်ဆိုးခြင်း

          ၎င်းရောဂါလက္ခဏာတွေဟာ များသောအားဖြင့် ပြင်းထန်လေ့မရှိဘဲ အသံအသုံးပြုခြင်းကို အနားပေးလိုက်သည်နှင့် သက်သာပျောက်ကင်းစေပါတယ်။ ကဖိန်းမပါတဲ့ အရည်တွေနဲ့ ရေသောက်ခြင်းကလည်း လည်ချောင်းကိုစိုစွတ်စေရန် အကူအညီပေးပါတယ်။

ကလေးများတွင် လည်ချောင်းရောင်ခြင်း

        ကလေးငယ်များသည် တစ်ဦးမှတစ်ဦးရောဂါကူးစက်နှုန်းမြင့်မားလေ့ရှိကြပါတယ်။ ဒါကြောင့် ကလေးငယ်များကြားတွင် ဗိုင်းရပ်စ်ပိုးရော ဘက်တီးရီးယားပိုးပါ လျင်မြန်မြန်ပျံ့နှံ့ကာ လည်ချောင်းရောင်ခြင်းကို ဖြစ်စေနိုင်တာဖြစ်ပါတယ်။ ထို့ပြင် အော်ဟစ်ခြင်း၊ သီးချင်းအကျယ်ကြီးအော်ဆိုခြင်းကြောင့်လည်း အသံကြိုးတွင် အလုံးတည်၍ လည်ချောင်းနာစေနိုင်ပါတယ်။

          အကယ်၍ ကလေးငယ်က လည်ချောင်းနာသည်ဟု ပြောပါက (သို့) အသံဝင်နေပါက ကလေးအားအနားယူခိုင်းပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်းကိုသက်သာစေဖို့လည်း အရည်များများသောက်ခိုင်းပါ။ ဤနည်းအားဖြင့် တစ်ပတ်အတွင်း၌ပင် လည်ချောင်းနာခြင်းမှာ သက်သာသွားနိုင်ပါတယ်။

          သို့သော် မသက်သာပါက (သို့) ပိုဆိုးလာပါက ဆရာဝန်နှင့်ပြသကာ အကြံဉာဏ်ရယူနိုင်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့်ဟုထင်ပါက ဆရာဝန်မှ ပဋိဇီဝဆေးဝါးများ သောက်သုံးရန်ဆရာဝန်မှ ညွှန်ကြားပေးပါလိမ့်မယ်။

ရောဂါရှာဖွေခြင်း

        ဆရာဝန်မှ လေပြွန်မှန်ပြောင်းကို အသုံးပြုကာ အောက်ပါရောဂါလက္ခဏာတို့ရှိ/မရှိကို ကြည့်ရှုပါလိမ့်မယ်။

- ဓာတ်မတည့်ခြင်း

- နီရဲခြင်း

- အသံအိုးတွင်ဒဏ်ရာရှိ/မရှိ

- ရောင်ရမ်းခြင်းပျံ့နံ့ှမှု

- အသံကြိုးမျှင်များရောင်ရမ်းခြင်း

          အကယ်၍ သံသယဖြစ်ဖွယ်ရာအလုံးအကျိတ်တွေ့ရှိရပါက ဆရာဝန်မှ အသားစယူ၍ လည်ချောင်းကင်ဆာဟုတ်/မဟုတ်ကို စစ်ဆေးပေလိမ့်မယ်။

လည်ချောင်းရောင်ခြင်းကို ဘယ်လိုကုသမလဲ

        ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ချောင်းရောင်ခြင်းဆိုပါက ရောဂါလက္ခဏာများသည် ဘာကုသမှုမှမခံယူဘဲ ခုနစ်ရက်အတွင်း သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တာ လည်ချောင်းရောင်ခြင်းဟာ ရှားပါးသော်လည်း ဆရာဝန်မှ ပဋိဇီဝဆေးများဖြင့် ကုသပေးပါလိမ့်မယ်။

          နာတာရှည်လည်ချောင်းနာခြင်းအတွက်ကမူ ဖြစ်စေတဲ့အကြောင်းအရင်းကို ကုသခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

          ရုတ်တရက် လည်ချောင်းနာခြင်းကဲ့သို့ပင် အသံမထွက်ခြင်းနဲ့ အသံကြိုးအားနည်းခြင်း စတဲ့အခြေအနေတွေကိုလည်း အနားယူခြင်း၊ အသံကုထုံး (သို့) အသေးစားလုပ်ဆောင်မှုအချို့နဲ့ ကုသနိုင်ပါတယ်။

          အသံအိုးအားနည်းတဲ့ အခြေအနေမှာဆိုရင်တော့ အသံကြိုးတွေကို နေရာမှန်ရောက်အောင်ပြန်လည်ပြုလုပ်တဲ့ ခွဲစိတ်နည်းတွေနဲ့ ကုသနိုင်ပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com