/
news/ကျန်းမာရေး-z/လေယာဉ်စီးချိန်တွင်-ကြုံတွေ့ရသော-နားပြဿနာများ

လေယာဉ်စီးချိန်တွင် ကြုံတွေ့ရသော နားပြဿနာများ

Category
ကျန်းမာရေး (A-Z)

           လေယာဉ်စီးတဲ့အခါ နားအူခြင်း၊ လေထွက်ခြင်းတွေ ခံစားရတဲ့အကြောင်းအရင်းကတော့ ကျွနု်ပ်တို့ရဲ့အလယ်နားမှာရှိတဲ့လေထုဖိအားနဲ့ ပတ်ဝန်းကျင်မှရှိတဲ့ လေထုဖိအားမညီမျှတဲ့အခါမှာ နားစည်နဲ့ အခြားအလယ်နား တစ်သျှူးတွေပေါ်ကို ဖိအားသက်ရောက်မှုကြောင့်ဖြစ်ပါတယ်။ လေယာဉ်စပြီးတက်တဲ့အချိန်နဲ့ ဆင်းတဲ့အချိန်တွေမှာ နားအူတတ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေက လေထုဖိအားကို မြန်မြန်ပြောင်းလဲစေပြီး နားပြဿနာတွေဖြစ်စေပါတယ်။

          ဒီလိုဖြစ်တာကို barotrauma (လေဖိအားကြောင့် ခန္ဓာကိုယ်တစ်သျှူးတွင် ဒဏ်ရာရခြင်း)၊ barotitis media (လေဖိအားကြောင့် အလယ်နားရောင်ခြင်း)၊ aerotitis medတia (လေဖိအားကြောင့် အလယ်နားထိခိုက်ခြင်း) လို့ခေါ်ပါတယ်။

          သမ်းေ၀ခြင်း၊ တံတွေးမြိုချခြင်း၊ ပီကေဝါးခြင်းဖြင့် လေဖိအားကွာခြားမှုကိုကာကွယ်ပေးနိုင်ပြီး နားပြဿနာတွေကိုသက်သာစေပါတယ်။ သို့သော်လည်း ဒီပြဿနာတွေကပြင်းထန်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်။

ရောဂါလက္ခဏာများ

နားပြဿနာတွေက နားတစ်ဖက် (သို့) နှစ်ဖက်စလုံးမှာ ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ -

- နားထဲတွင် ကသိကအောက်ဖြစ်ခြင်း (သို့) ကိုက်ခြင်း

- နာထဲတွင် ပြည့်ကျပ်နေသလိုခံစားရခြင်း

- သဲသဲကွဲကွဲမကြားရခြင်း (သို့) အကြားအာရုံ အနည်းငယ်လျော့သွားခြင်း

ဒီလိုဖြစ်တာတွေက ပိုဆိုးလာတယ် (သို့) နာရီအတော်ကြာဖြစ်နေတယ်ဆိုရင်တော့ အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

- နားပြင်းထန်စွာကိုက်ခြင်း

- ရေအောက်ရောက်နေသလို နားတွင်ဖိအားများခြင်း

- အကြားအာရုံ အသင့်အတင့် သို့ အနည်းငယ် ဆုံးရှုံးခြင်း

- နားထဲတွင် အသံများကြားရခြင်း (နားအူခြင်း)

- မူးဝေခြင်း

- အော့အန်ခြင်း

- နားထဲမှသွေးထွက်ခြင်း

 

ဘယ်အချိန်မှာ ဆရာဝန်သွားပြသင့်သလဲ

         ပုံမှန်အားဖြင့်တော့ နားအူသက်သာအောင် ကိုယ့်ဟာကိုယ်ပဲကုလို့ရပါတယ်။ ရောဂါလက္ခဏာတွေက အချိန်အတော်ကြာဖြစ်နေတယ် (သို့)  ပြင်းထန်တယ်ဆိုရင်တော့ ဆရာဝန်ပြသဖို့လိုအပ်ပါတယ်။

 

အကြောင်းအရင်းများ

        လေယာဉ်စီးလျှင် နားအူရခြင်းမှာ အလယ်နားမှာရှိတဲ့ လေထုဖိအားနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့လေထုဖိအားမညီမျှမှုက နားစည်ကိုတုန်သင့်သလောက်မတုန်ခါအောင် ကာကွယ်ထားခြင်းကြောင့်ဖြစ်ပါတယ်။ Eustachian tube လို့ခေါ်တဲ့ ပြွန်က လေထုဖိအားထိန်းချုပ်ခြင်းအလုပ်ကိုလုပ်ပါတယ်။ ဒီပြွန်ရဲ့တစ်ဖက်က အလယ်နားကိုဆက်သွယ်ထားပြီး အခြားတစ်ဖက်က နှာခေါင်းအနောက်နဲ့ လည်ချောင်းဆုံတဲ့နေရာမှာ အပေါက်သေးသေးလေးအဖြစ်ပွင့်နေပါတယ်။

         လေယာဉ်တက်တဲ့အခါ (သို့)  ဆင်းတဲ့အခါမှာ ပတ်ဝန်းကျင်မှာရှိတဲ့ လေထုဖိအားက လျှင်မြန်စွာပြောင်းလဲပြီး ဒါကို Eustachian tube က လိုအပ်သလောက် မြန်မြန်မတုန့်ပြန်နိုင်ပါဘူး။ တံတွေးမြိုချခြင်း (သို့)  ပီကေဝါးခြင်းဖြင့် ဒီပြွန်ကိုပွင့်စေတဲ့ ကြွက်သားတွေကိုလှု့ံဆော်ပေးပြီး အလယ်နားဆီကို လေကိုပိုပြီးပို့ပေးပါတယ်။ ဒီလိုနည်းနဲ့ လေယာဉ်တက်ချိန်မှာ နားမှာဖြစ်တတ်တဲ့လက္ခဏာတွေ ပျောက်သွားပါတယ်။

        လေဖိအားကြောင့် နားမှာ ထိခိုက်ဒဏ်ရာရရှိခြင်းတွေက အောက်ပါအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။

- ရေငုပ်ခြင်း

- ဆွဲငင်အားများသော အောက်ဆီဂျင် အခန်းများ

- အနီးအနားတွင် ပေါက်ကွဲမှုဖြစ်ခြင်း

အရမ်းမြင့်တဲ့ အဆောက်အဦးများတွင် ဓာတ်လှေကားစီးနေစဉ်၊ တောင်တန်းများတွင် ကားမောင်းနေစဉ်များတွင်လည်း အသေးစားနားထိခိုက်မှုဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများသောအချက်များ

          Eustachian tube ကို ပိတ်ဆို့စေသော (သို့) ပြွန်၏လုပ်ဆောင်မှုကို ကန့်သတ်ထားသော ဘယ်လိုအခြေအနေမဆို လေယာဉ်စီးချိန်မှာ နားပြဿနာတွေဖြစ်စေပါတယ်။

- သေးငယ်သော Eustachian tube (အထူးသဖြင့် မွေးကင်းစကလေးငယ်များနှင့် တွားသွားခါစ ကလေးများ)

- အအေးမိခြင်း

- နှာခေါင်းတွင် ရောဂါပိုးဝင်ခြင်း

- Hey fever ( ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ခြင်း)

- အလယ်နားရောင်ခြင်း

- လေယာဉ်တက်ချိန် ဆင်းချိန်တွင် အိပ်ပျော်နေခြင်း

ဒီလိုပြသနာတွေကို ခဏခဏကြုံတွေ့နေရမယ်ဆိုရင်တော့ အလယ်နား (သို့)  Eustachian tube ကိုထိခိုက်စေပြီး ဒီလိုထပ်ခါထပ်ခါပိုပြီးဖြစ်စေပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

          လေယာဉ်စီးချိန်တွင်ဖြစ်လေ့ရှိတဲ့ နားပြဿနာတွေက ပုံမှန်အားဖြင့်တော့ ပြင်းထန်လေ့မရှိဘဲ သူ့ဟာသူပြန်ပျောက်သွားတတ်ပါတယ်။ အခြေအနေပြင်းထန်လျှင်၊ အချိန်အတော်ကြာခံစားရလျှင်၊ အလယ်နဲ့ အတွင်းနားတွေကို ထိခိုက်သွားရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီဆိုးကျိုးတွေကတော့ -

- ရာသက်ပန် အကြားအာရုံဆုံးရှုံးခြင်း

- နာတာရှည် နားစည်ရောင်ခြင်း

စမ်းသပ်စစ်ဆေးခြင်း

         ဆရာဝန်က ရောဂါဖော်ထုတ်ဖို့အတွက် ရောဂါအကြောင်းမေးခြင်း၊ နားထဲကို မှန်ပြောင်းဖြင့်ကြည့်ခြင်းများ ပြုလုပ်ပါလိမ့်မယ်။ နားစည်အပြင်ဘက်ကို (သို့)  အတွင်းဘက်ကို ဖောင်းထွက်နေတာကိုတွေ့နိုင်ပါတယ်။ ပိုဆိုးမယ်ဆိုရင်တော့ နားစည်စုတ်ပြဲခြင်း၊ နားစည်နောက်မှာ သွေး (သို့) အခြားအရည်များအိုင်နေခြင်းကို တွေ့နိုင်ပါတယ်။

         လူနာက မူးဝေနေမယ်ဆိုရင်တော့ အတွင်းနားအင်္ဂါတစ်ခုခုကို ထိခိုက်မိလို့ဖြစ်နိုင်ပါတယ်။ ဆရာဝန်က အကြားအာရုံစမ်းတဲ့ စမ်းသပ်ချက်တစ်ခုပြုလုပ်ပြီး အသံတွေကိုဘယ်လောက်ကြားနိုင်တယ်၊ အတွင်းနားရဲ့ဘယ်နေရာမှာ အကြားအာရုံပြဿနာဖြစ်နေတယ်ဆိုတာကို စမ်းသပ်ကြည့်ပါလိမ့်မယ်။

         လူအများစုမှာ ဒီနားပြဿနာတွေက အချိန်ကြာလာရင်ပျောက်သွားတတ်ပါတယ်။ မပျောက်ဘဲဆက်ရှိနေမယ်ဆိုရင် လေထုဖိအားကိုညီမျှအောင်လုပ်ပေးမယ့် ကုသမှုခံယူမှပဲ သက်သာနိုင်ပါတယ်။

ကုသမှုများ

         ဆရာဝန်က Eustachian tube ရဲ့လုပ်ဆောင်မှုတွေကိုကန့်သတ်ထားတဲ့ အခြေအနေတွေကို ထိန်းချုပ်ပေးနိုင်မယ့်ဆေးတွေကို ညွှန်ကြားပါလိမ့်မယ်။ ဒီဆေးတွေကတော့ -

- နှာခေါင်းအရောင်ကျစေသောဖြန်းဆေးများ

- အရောင်ကျသောက်ဆေးများ

- Antihistamine သောက်ဆေးများ (ဓာတ်မတဲ့ခြင်းကို သက်သာစေသော ဆေးဝါးများ)

         ကသိကအောက်ခံစားနေရတာတွေကို ပျောက်ကင်းစေဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေကို ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း သောက်နိုင်ပါတယ်။

1.   ကိုယ်တိုင်ပြုလုပ်ရမည့် ကုထုံးများ (Valsalva Maneuver)

         သောက်ဆေးတွေနဲ့အတူ ဆရာဝန်ကမိမိကိုယ်တိုင်ပြုလုပ်ရမယ့် အချက်တွေကိုလည်းညွှန်ကြားပါလိမ့်မယ်။ လုပ်ရမှာကတော့ - နှာခေါင်းပေါက်ကို ညှစ်ပြီးပိတ်လိုက်ပါ။ ပါးစပ်ကိုပိတ်လိုက်ပြီး လေကို နှာခေါင်းနောက်ကို တွန်းထုတ်လိုက်ပြီး နှာခေါင်းပေါက်မှတစ်ဆင့် မှုတ်ထုတ်လိုက်ပါ။ ဆေးဝါးတွေက Eustachian tube ရဲ့ လုပ်ငန်းကိုကောင်းမွန်စေပြီး လေ့ကျင့်ခန်းကတော့ပြွန်ကိုပွင့်စေပါမယ်။

 

2.   ခွဲစိတ်ခြင်း

ပုံမှန်အားဖြင့်တော့ ခွဲစိတ်ဖို့လိုအပ်ခဲပါတယ်။ လိုအပ်မယ်ဆိုရင်တော့ နားစည်ကိုခွဲစိတ်ရာပေးခြင်းဖြင့် လေထုဖိအားကိုထိန်းညှိပေးပြီး အရည်တွေကို စီးဆင်းသွားစေပါမယ်။

နားစည်ကွဲခြင်း၊ နားစည်အမြှေးပါးကွဲခြင်းကဲ့သို့သော ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေက များသောအားဖြင့်တော့ သဘာဝအတိုင်းအနာကျက်သွားတတ်ပါတယ်။ သို့သော်လည်း  အချို့သောအခြေအနေတွေမှာတော့ ခွဲစိတ်ပြီးပြုပြင်ပေးဖို့လိုအပ်ပါတယ်။

ကာကွယ်ခြင်း

          အောက်ပါအချက်များကိုလိုက်နာခြင်း လေယာဉ်စီးချိန်မှာဖြစ်တတ်တဲ့ နားပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

လေယာဉ်တက်ချိန်၊ဆင်းချိန်များတွင် သန်းခြင်း၊တံတွေးမျိုချခြင်း - ပြုလုပ်ပေးခြင်းဖြင့် Eustachian tube ဖွင့်ပေးတဲ့ ကြွက်သားတွေကိုလှုံ့ဆော်ပေးပါတယ်။ သကြားလုံးစုပ်ခြင်း၊ ပီကေဝါးခြင်းတို့က တံတွေးပိုပြီးမျိုချနိုင်အောင် ကူညီပေးပါတယ်။

လေယာဉ်တက်ချိန်၊ဆင်းချိန်များတွင် Vulsalva Maneuver ပြုလုပ်ပါ - နှာခေါင်းပေါက်ကို ညှစ်ပြီးပိတ်လိုက်ပါ။ ပါးစပ်ကိုပိတ်လိုက်ပြီး လေကိုနှာခေါင်းနောက်ကိုတွန်းထုတ်လိုက်ပြီး နှာခေါင်းပေါက်မှတစ်ဆင့်မှုတ်ထုတ်လိုက်ပါ။ ဒီလိုမျိုးထပ်ခါထပ်ခါလုပ်ပေးခြင်း အထူးသဖြင့် လေယာဉ်ဆင်းချိန်မှာပြုလုပ်ခြင်းဖြင့် နားထဲမှာရှိတဲ့လေထုဖိအားနဲ့ လေယာဉ်ထဲမှာရှိတဲ့လေထုဖိအားကို ထိန်းညှိပေးပါလိမ့်မယ်။

လေယာဉ်တက်ချိန်၊ဆင်းချိန်များတွင် မအိပ်ပါနှင့် - ဒီလိုအခိျန်တွေမှာ နိုးနေမယ်ဆိုရင် နားမှာ ဖိအားခံစားရတာနဲ့ လိုအပ်တဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။

ခရီးသွားမယ့်အစီအစဉ်ကို ပြန်လည်သုံးသပ်ပါ - ဖြစ်နိုင်ရင် အအေးမိနေချိန်၊ နှာခေါင်းပိတ်နေချိန်၊ နှာခေါင်းရောဂါပိုးဝင်နေချိန်၊ နားမှာရောဂါပိုးဝင်နေချိန်တွေမှာ လေယာဉ်နဲ့ခရီးမသွားပါနဲ့၊ မကြာသေးခင်ကမှ နားခွဲစိတ်မှုပြုလုပ်ထားရင်တော့ လေယာဉ်နဲ့ ခရီးသွားသင့်/မသင့် ဆရာဝန်ကိုသေချာမေးမြန်းပါ။

စစ်ထုတ်နိုင်တဲ့ နားအဆို့ကို သုံးပါ - ဒီနားအဆို့တွေက လေယာဉ်တက်ချိန်၊ ဆင်းချိန်များတွင် နားစည်ကိုထိခိုက်စေတဲ့ လေထုဖိအားကိုထိန်းညှိပေးပါလိမ့်မယ်။ ဆေးဆိုင်များ၊ လေဆိပ်ရှိ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ နားဆေးခန်းတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

နှာခေါင်းအရောင်ကျစေတဲ့ ဖျန်းဆေးများကိုအသုံးပြုပါ - နှာခေါင်းပိတ်နေရင်တော့ လေယာဉ်အတက်အဆင်းမပြုလုပ်မှီ နာရီဝက် တစ်နာရီလောက်ကြိုပြီး စပရေးဖြန်းထားပါ။ ဒါပေမယ့် အလွန်အကျွံသုံးစွဲခြင်းက နှာခေါင်းပိတ်ခြင်းကို ပိုဆိုးစေနိုင်လို့ အလွန်အကျွံမသုံးပါနဲ့။

နှာခေါင်းပိတ်သက်သာစေတဲ့ သောက်ဆေးတွေကိုလည်း သတိထားပြီးသောက်ပါ - လေယာဉ်အတက်အဆင်းမပြုလုပ်မှီ နာရီဝက် တစ်နာရီလောက်ကြိုပြီးသောက်ခြင်းက သက်သာစေနိုင်ပေမယ့် နှလုံးရောဂါ၊ နှလုံးခုန်မမှန်ခြင်း၊ သွေးတိုးရောဂါ၊ မတည့်တဲ့ဆေးတွေရှိရင်တော့ ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ ဒီဆေးတွေကို မသောက်ပါနဲ့။ အသက် 50 ကျော်အမျိုးသားများ အထူးသဖြင့် ဆီးကျိတ်ကြီးနေတဲ့သူတွေမှာ pseudoephedrine (Actifed, Sudafed)ပါတဲ့ နှာပိတ်ပျောက်ဆေးတွေသောက်ရင် ဆိုးကျိုးအနေနဲ့ ဆီးမသွားနိုင်ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဒီဆေးကိုသောက်သင့်ပါတယ်။

            လေယာဉ်စီးရင် နားအူခြင်း၊ လေထွက်ခြင်းဖြစ်တတ်ပြီး လေယာဉ်မကြာခဏစီးဖို့လည်းလိုတယ်ဆိုရင်တော့ ဆရာဝန်က ခွဲစိတ်ပြီး နားစည်မှာပြွန်လေးတစ်ခုထည့်ပေးခြင်းဖြင့် အရည်စီးဆင်းမှုကိုကူညီခြင်း၊ အလယ်နားလေဝင်လေထွက် ကောင်းစေခြင်း၊ အပြင်နဲ့ အလယ် နားကြားလေထုဖိအားကို ထိန်းညှိပေးစေပါလိမ့်မယ်။

ကလေးများကို လေယာဉ်စီးခြင်းကြောင့်ဖြစ်တဲ့နားပြဿနာများမဖြစ်အောင် ကာကွယ်ခြင်း

တံတွေးမြိုချခိုင်းပါ - ကလေးကို လေယာဉ်ဆင်းချိန်၊ တက်ချိန်တွေမှာ သောက်စရာတစ်ခုခုသောက်နေစေခြင်းဖြင့် မျိုချနေစေပါလိမ့်မယ်။ ငြိမ်သက်စေတဲ့အရာတစ်ခုခုပေးထားနိုင်ပါတယ်။ တစ်စုံတစ်ခုသောက်ရင် ထိုင်သောက်ခိုင်းပါ။ 4 နှစ်အထက် ကလေးဆိုရင် ပီကေဝါးခြင်း၊ ပိုက်မှစုပ်ပြီးသောက်ခြင်း၊ ပိုက်ဖြင့်ပူစီဖောင်းမှုတ်ခြင်းများပြုလုပ်ခိုင်းထားနိုင်ပါတယ်။

ကလေးအတွက်သင့်တော်မယ့် နားအစက်ချဆေးကို ဆရာ၀န်နဲ့တိုင်ပင်ပြီးထည့်ပါ။

နှာပိတ်ပျောက်ဆေးတွေကိုရှောင်ပါ - နှာခေါင်းပိတ်ပျောက်ဆေးတွေက ကလေးတွေအတွက်အသုံးမပြုသင့်ပါဘူး။

 

Dr. Mya Myo Myo Swe

www.drmyanmar.com