လှုပ်ရှားလျှင် အသံမြည်သော တင်ပါးဆုံရောဂါ
ဤတင်ပါးဆုံရောဂါသည် လှုပ်ရှားမှုတိုင်းတွင် အသံမြည်လေ့ရှိရုံမျှမက စိတ်မသက်သာဖွယ်ခံစားမှုမျိုးကိုလည်း ဖြစ်စေနိုင်ပါသည်။ အများစုအတွက်မူ ၎င်းအခြေအနေသည်စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ရုံသာဖြစ်သော်လည်း တင်ပါးဆုံအဆစ်ကို အသုံးများသော အကသမားများနှင့် အားကစားသမားများတွင်မူ နာကျင်ခြင်းကိုခံစားရရုံသာမက သူတို့၏စွမ်းရည်ကိုပါထိခိုက်စေနိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းအရင်းများ
အဓိကအကြောင်းအရင်းမှာ တင်ပါးရိုးအပေါ်၌ ဖုံးအုပ်ထားသော ကြွက်သား (သို့) အကြောများလှုပ်ရှားမှုကြောင့်ဖြစ်ပါသည်။
အဖြစ်အများဆုံးနေရာမှာ တင်ပါးအပြင်ဘက်ရှိတွယ်ဆက်တစ်သျှူးအစုအေ၀းသည် ပေါင်ရိုးပေါ်သို့ဖြတ်သွားသော နေရာတွင်ဖြစ်ပါသည်။ တင်ပါးအတွင်းသားကိုဆက်သွယ်ထားသော အကြောစုနေရာတွင်လည်း တင်ပါးလှုပ်ရှားမှုများကြောင့် အသံမြည်နိုင်ပါသည်။
အခြားအသံထွက်နိုင်သောနေရာမှာ တင်ပါးဆုံရိုး (တင်ပါးရိုးနှင့် ပေါင်ရိုးဆက်သောနေရာ) တွင်ဖြစ်ပြီး အရိုးနုပြဲသွားခြင်းကြောင့် (သို့) အရိုးပဲ့သွားခြင်းကြောင့်လည်း တခါတရံဖြစ်စေနိုင်ပါသည်။
အရိုးနုအစိတ်အပိုင်းဆုံးရှုံးမှုကြောင့် တင်ပါးဆုံတောင့်တင်းခြင်းကို ဖြစ်စေနိုင်သည့်အပြင် နာကျင်ခြင်းနှင့်မသန်စွမ်းမှုများကိုပါ ခံစားရစေနိုင်ပါသည်။
ကုသမှုများ
အကယ်၍၎င်းတင်ပါးဆုံရောဂါသည် နာကျင်ခြင်းနှင့် လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အခက်အခဲမဖြစ်စေပါက ကုသမှုခံယူရန်မလိုအပ်ပါ။
အနည်းငယ်သာနာကျင်ပါက မိမိဘာသာအိမ်တွင်ပင်ကုသ၍ရနိုင်ပါသည်။
- လှုပ်ရှားမှုများကိုလျှော့ချခြင်း
- ရေခဲကပ်ခြင်း
- အကိုက်အခဲပျောက် အနာသက်သာဆေးများသောက်ခြင်း
အကယ်၍မသက်သာပါက ဆရာ၀န်နှင့်ပြသ၍ ကုသမှုခံယူသင့်ပါသည်။
ကိုယ်ကာယလှုပ်ရှားမှုတွင် ကြွက်သားများဆန့်ခြင်း၊ သန်မာစေရန်ပြုလုပ်ခြင်းနှင့် အနေအထားမှန်အောင်ဆောင်ရွက်ခြင်းလေ့ကျင့်ခန်းများကို အထူးပြုလုပ်ဆောင်သင့်ပါသည်။ တခါတရံတွင်မူ ၎င်းနေရာသို့ စတီးရွိုက်များထိုးခြင်းဖြင့် အရောင်ကျစေနိုင်ပါသည်။ ခွဲစိတ်ကုသမှုပြုလုပ်ရန်ကိုမူ အလွန်ဆိုးရွားသောအခြေအနေတွင်မှ ပြုလုပ်လေ့ရှိပါသည်။
ကြွက်သားဆွဲဆန့်ခြင်းဆို်င်ရာလေ့ကျင့်ခန်းများ
လှုပ်ရှားမှုများကြောင့် တင်ပါးဆုံအသံမြည်ခြင်းအတွက်ပြုလုပ်ရန် သင့်တော်သောလေ့ကျင့်ခန်းများမှာများစွာရှိသော်လည်း ရောဂါအမျိုးအစားပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။ ၎င်းတို့မှာ -
- ပေါင်ရှေ့ကြွက်သား (Quadriceps) ဆွဲဆန့်ခြင်း - နံရံမှလက်တစ်ကမ်းအကွာတွင်ရပ်ပြီး နာကျင်သည့်တင်ပါးနှင့် ဆန့်ကျင်ဘက်လက်ကို နံရံတွင်ထောက်ထားပါ။ အခြားလက်ဖြင့် နာနေသောခြေထောက်ကိုခြေကျင်း၀တ်မှမပြီး တင်ပါးဖြင့်ထိအောင်ကွေးပါ။ စက္ကန့် 30 မှ 60 ကြာထိအောင် ကွေးထားပြီးမှလွှတ်ပါ။ သုံးကြိမ်ပြုလုပ်ပါ။
- တင်ပါးနောက်ကျောကြွက်သား (Hamstring) ဆွဲဆန့်ခြင်း - တံခါး၀င်ပေါက်၀တွင်လှဲ၍ နာကျင်နေသောခြေထောက်ကို တံခါးဘောင်ကိုမှီ၍ မြှောက်ထားပါ။ စက္ကန့် 30 မှ 60 ထိထားပြီးမှပြန်ချပါ။ သုံးကြိမ်ပြုလုပ်ပါ။
- တင်ပါးအတွင်းရှိကြွက်သား (Piriformis) ဆွဲဆန့်ခြင်း - ဒူးနှစ်ဖက်စလုံးထောင်၍လှဲနေပြီး နာကျင်နေသောခြေထောက်၏ ခြေကျင်း၀တ်ကို ကောင်းသော ဒူးခေါင်းအပေါ်တင်ပါ။ ကောင်းသောဘက်၏ပေါင်ကိုကိုင်၍ ဒူးခေါင်းကိုရင်ဘတ်ထိကွေးပါ။ စက္ကန့် 30 မှ 60 ထိ ထိန်းထားပါ။ သုံးကြိမ်ပြုလုပ်ပါ။
- ဒူးခေါင်းအပြင်ဘက်အလွှာ (Iliotibial band) ဆွဲဆန့်ခြင်း - မတ်တပ်ရပ်ပြီးနောက် ကောင်းသောခြေထောက်ကို နာကျင်နေသောခြေထောက်ရှေ့တွင်ထား၍ ခြေမထိအောင်ကုန်းပါ။ စက္ကန့် 30 ကြာ နေပြီးနောက် ပြန်မတ်ပါ။ သုံးကြိမ်ပြုလုပ်ပါ။
Dr. Thinzar Wynn