ဝက်သက်ရောဂါ
ဝက်သက်ရောဂါဟာ ကလေးတွေအတော်များများမှာ ဖြစ်လေ့ရှိတဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ယခုအခါမှာတော့ ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်ပြီဖြစ်ပါတယ်။ ဝက်သက်ရောဂါရဲ့ရောဂါ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်စိရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားနာခြင်းနဲ့ အနီစက်များထွက်ခြင်းတို့ပဲဖြစ်ပါတယ်။
ကလေးငယ်တွေမှာဆို ရောဂါပြင်းထန်တဲ့အပြင် အသက်အန္တရာယ်ပါစိုးရိမ်ရနိုင်ပါတယ်။ ဝက်သက်ကာကွယ်ဆေးပေါ်လာပြီးနောက်မှာတော့ ကမ်ဘာနဲ့အဝှမ်းသေဆုံးမှုနှုန်းဟာ ကျဆင်းသွားပေမယ့်လည်း ဝက်သက်ရောဂါကြောင့် နှစ်စဉ် ကလေးတစ်သိန်းကျော်ခန့် (အထူးသဖြင့် 5 နှစ်နှင့်အောက် ကလေးငယ်များ) သေဆုံးနေဆဲဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး 10 မှ 14 ရက်ကြာမှ ရောဂါလက္ခဏာတွေပေါ်လာလေ့ရှိပါတယ်။ ၎င်းတို့မှာ -
- ဖျားနာခြင်း
- ချောင်းအခြောက်ဆိုးခြင်း
- နှာရည်ယိုခြင်း
- လည်ချောင်းနာခြင်း
- မျက်စိရောင်ခြင်း (မျက်မြှေးရောင်ခြင်း)
- ပါးစောင်အတွင်းပိုင်းမှာ နီရဲနေ၍ အလယ်ဗဟိုမှာ အပြာရောင်ရှိသောအဖြူစက်များထွက်ခြင်း
- အရေပြားမှာ အနီစက်များထွက်ခြင်း
- ရုတ်တရက် နေမကောင်းဖြစ်၍ အစက်များထွက်ခြင်း - ၎င်းအစက်တွေဟာ အနီရောင်ရှိ၍ အချို့မှာ ဖောင်းနေတတ်ပါတယ်။ ၎င်းအနီစက်တွေ စုဝေးနေတာကြောင့် အနီပြင်ကဲ့သို့ဖြစ်နေပါတယ်။ မျက်နှာမှာစတင်လေ့ရှိပြီး အထူးသဖြင့် နားရွက်နောက်နဲ့ ဆံပင်ပေါက်ရာလမ်းကြောင်းတစ်လျှောက်မှာ အနီစက်တွေစပြီးပေါ်လာနိုင်ပါတယ်။
ရက်အနည်းငယ်ကြာမှာ အနီစက်တွေဟာ လက်မောင်းနဲ့ ရင်ဘတ်ထိ ပျံ့နှံ့လာပြီးနောက် ပေါင်၊ ခြေထောက်နဲ့ ခြေဖဝါးတွေမှာပါ ဆက်ပြီးပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပင် ကိုယ်အပူချိန်လည်း ရုတ်တရက် 104၊ 105 ဒီဂရီဖာရင်ဟိုက်ထိ တက်လာနိုင်ပါတယ်။ ဝက်သက်အစက်တွေဟာ မျက်နှာမှာစတင် မှေးမှိန်လာလေ့ရှိပြီး ပေါင်နဲ့ခြေထောက်တွေကတော့ နောက်ဆုံးမှ ပျောက်ကင်းလေ့ရှိပါတယ်။
ရောဂါကူးစက်နိုင်တဲ့ အချိန်ကာလကတော့ 8 ရက်ဖြစ်ပြီး အနီစက်တွေမပေါ်လာမီ 4 ရက်အလိုနဲ့ အနီစက်ပေါ်ပြီး 4 ရက်မြောက်နေ့ထိဖြစ်ပါတယ်။
ဖြစ်ပွားရသောအကြောင်းအရင်းများ
ရောဂါပိုးကူးစက်ခံထားရတဲ့ လူကြီး (သို့) ကလေးရဲ့ နှာခေါင်းနဲ့ လည်ချောင်းထဲမှာ ဗိုင်းရပ်စ်ပိုးတွေများတာကြောင့် ဝက်သက်ရောဂါဖြစ်ရခြင်းဖြစ်ပါတယ်။
ဝက်သက်ရောဂါဖြစ်နေတဲ့သူတစ်ယောက်ဟာ ချောင်းဆိုးတာဖြစ်ဖြစ်၊ နှာစေးတာဖြစ်ဖြစ်၊ စကားပြောတာဖြစ်ဖြစ် ရောဂါပိုးတွေဟာ လေထုထဲသို့ရောက်သွားတာကြောင့် အခြားသူတစ်ဦးမှအသက်ရှူလိုက်ခြင်းဖြင့် ရောဂါကူးစက်နိုင်ပါတယ်။ မျက်နှာပြင်တစ်ခုခု (ဥပမာ- ဖုန်း) မှာ ပေကျံသွားတဲ့ဗိုင်းရပ်စ်ပိုးပါရှိတဲ့ အရည်တွေကလည်း နာရီပေါင်းများစွာ အသက်ရှင်နေနိုင်ပါသေးတယ်။ ဒါကြောင့် ရောဂါပိုးကူးစက်နေတဲ့မျက်နှာပြင်တစ်ခုခုကို ထိတွေ့ပြီးနောက် ပါးစပ်၊ နှာခေါင်းနဲ့ မျက်လုံးတွေကို ပွတ်မိပါက ရောဂါပိုးကူးစက်စေတာဖြစ်ပါတယ်။
ဖြစ်ပွားမှုနှုန်းမြင့်တက်စေတဲ့ အချက်များ
ကာကွယ်ဆေးမထိုးထားခြင်း - ကာကွယ်ဆေးမထိုးထားပါက ရောဂါဖြစ်နိုင်ချေမြင့်မားပါတယ်။
အခြားနိုင်ငံများသို့ ခရီးထွက်ခြင်း - ဝက်သက်ရောဂါအဖြစ်များတဲ့ ဖွ့ံဖြိုးဆဲနိုင်ငံတွေကိုသွားရောက်လည်ပတ်ပါက ရောဂါကူးစက်ခံရနိုင်ချေများပါတယ်။
ဗီတာမင် A ချို့တဲ့ခြင်း - ဗီတာမင် A လုံလောက်စွာမစားသုံးပါက ဝက်သက်ရောဂါဖြစ်နိုင်ချေပိုမိုမြင့်မားတဲ့အပြင် ဖြစ်ပွားပါကလည်း ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားလေ့ရှိပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
1. နားအတွင်းပိုးဝင်ခြင်း - ဝက်သက်ရောဂါရဲ့ အဖြစ်အများဆုံးနောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ နားအတွင်းသို့ ဘက်တီးရီးယားပိုး ဝင်ခြင်းဖြစ်ပါတယ်။
2. လေပြွန်ရောင်ခြင်း၊ လည်ချောင်းနာခြင်း - ဝက်သက်ရောဂါကြောင့် အသံအိုးနဲ့ လေပြွန်အတွင်းနံရံများ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
3. အဆုတ်ရောင်ခြင်း - ကိုယ်ခံအားစနစ်မကောင်းတဲ့သူတွေမှာ အလွန်အန္တရာယ်များတဲ့ အဆုတ်ရောင်ခြင်းဖြစ်စေ၍ အသက်အန္တရာယ်ပင်ရှိနိုင်ပါတယ်။
4. ဦးနှောက်ရောင်ခြင်း - လူ 1000 မှာ 1 ယောက်လောက်ကတော့ ဦးနှောက်ရောင်ခြင်းဝေဒနာကို ခံစားရတတ်ပြီး အော့အန်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်းနဲ့ နောက်ဆုံးသေဆုံးခြင်းအထိဖြစ်နိုင်ပါတယ်။ ဦးနှောက်ရောင်ခြင်းဟာ ဝက်သက်ပေါက်ပြီးပြီးချင်းလည်းဖြစ်နိုင်သလို လအတော်ကြာမှလည်း ဖြစ်နိုင်ပါတယ်။
5. ကိုယ်ဝန်ဆောင်စဉ်ပြဿနာများ - ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ဝက်သက်ရောဂါမဖြစ်ပွားအောင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းနဲ့ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းတို့ ဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။
6. သွေးမွှားပမာဏလျော့နည်းခြင်း - ဝက်သက်ရောဂါဟာ သွေးခဲရာမှာ အရေးပါတဲ့သွေးဆဲလ်တစ်မျိုးဖြစ်တဲ့ သွေးမွှားပမာဏကို လျော့နည်းစေနိုင်ပါတယ်။
စမ်းသပ်စစ်ဆေးမှုများ
ဝက်သက်ရောဂါရဲ့ထူးခြားတဲ့ အနီစက်တွေရဲ့ပုံသဏ္႑ာန်နဲ့ ပါးစောင်အတွင်းပိုင်းရှိ အဖြူစက်တို့ကိုကြည့်ပြီး ဆရာဝန်တွေဟာ ဝက်သက်ရောဂါကို အမည်တပ်လို့ရကြပါတယ်။ လိုအပ်ပါက သွေးစစ်မှုတွေပြုလုပ်ပြီး ဝက်သက်ရောဂါ ဟုတ်/မဟုတ်ကို သေချာသိနိုင်ပါတယ်။
ကုသခြင်း
ဝက်သက်ရောဂါဖြစ်နေတဲ့သူကို ကုသဖို့ရာနည်းလမ်းမရှိပေမယ့်လည်း ရောဂါပိုးနှင့်ထိတွေ့ပြီးသူများအား ကာကွယ်ရန်နည်းလမ်းအချို့တော့ရှိပါတယ်။
1. ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက် ကာကွယ်ဆေးထိုးခြင်း (Post exposure vaccination)
မွေးကင်းစကလေးငယ်တွေအပါအဝင် ကာကွယ်ဆေးမထိုးထားသူများဟာ ရောဂါပိုးနဲ့ထိတွေ့ပြီး 72 နာရီအတွင်းမှာ ဝက်သက်ကာကွယ်ဆေးကို ထိုးပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်ပါတယ်။ ဝက်သက်ရောဂါဖြစ်ပွားခဲ့လျှင်တောင် ရောဂါလက္ခဏာတွေဟာ မပြင်းထန်ဘဲဖြစ်ပွားချိန်လည်းတိုတောင်းစေပါတယ်။
2. ရောဂါပိုးကို ခုခံတိုက်ဖျက်အားဆေးထိုးခြင်း (Immune Serum Globulin)
ကိုယ်ဝန်ဆောင်မိခင်များ၊ တစ်နှစ်အောက်ကလေးများနဲ့ ကိုယ်ခံစွမ်းအားစနစ်အားနည်းတဲ့သူတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက ခုခံအားဆေးထိုးနိုင်ပါတယ်။ ရောဂါပိုးနဲ့ထိတွေ့ပြီး 6 ရက်အတွင်းပေးပါက ဝက်သက်ရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း (သို့) ရောဂါလက္ခဏာတွေကို မပြင်ထန်စေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ခံစားရနိုင်ပါတယ်။
ဆေးဝါးများ
1. အဖျားကျဆေး - ဝက်သက်ရောဂါကြောင့်ဖြစ်တဲ့ ဖျားနာခြင်းကိုသက်သာစေရန် အဖျားကျဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်ပါတယ်။
2. ပဋိဇီဝဆေးများ - အဆုတ်ရောင်ခြင်း၊ နားရောဂါရခြင်း စတဲ့ဘက်တီးရီးယားပိုးဝင်တဲ့ အခြေအနေကြုံတွေ့နေရတဲ့ကလေးငယ်မှာ ဝက်သက်ရောဂါဖြစ်ပါက ဆရာဝန်မှ ပိုးသတ်ဆေးများသောက်သုံးရန် ညွှန်ကြားပါလိမ့်မယ်။
3. ဗီတာမင် A - ဗီတာမင် A ချို့တဲ့တဲ့သူတွေမှာ ပြင်းထန်တဲ့ဝက်သက်ရောဂါဖြစ်တတ်တာကြောင့် ဗီတာမင် A သောက်စေခြင်းဖြင့် ရောဂါပြင်းထန်မှုကိုသက်သာစေနိုင်ပါတယ်။
လူနေမှုပုံစံ
ဝက်သက်ရောဂါခံစားနေရပါက ဆရာဝန်နဲ့ပြသ၍ ရောဂါအခြေအနေ အနောက်ဆက်တွဲဆိုးကျိုးတွေရှိ/မရှိကို စစ်ဆေးသင့်ပါတယ်။ အောက်ပါနည်းလမ်းများဖြင့်လည်း ရောဂါသက်သာအောင်ပြုလုပ်နိုင်ပါတယ်။
1. သက်တောင့်သက်သာနေပါ - စိတ်ရှုပ်စရာတွေကိုခံဏမေ့ထားပြီး အေးဆေးစွာ အနားယူပါ
2. ရေများများသောက်ပါ - အချိုရည်နဲ့ ရေနွေးကြမ်းတွေဟာလည်း ရေဓာတ်ဆုံးရှုံးခြင်းကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
- ရေနွေးငွေ့စက်ကိုအသုံးပြု၍ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းများကိုသက်သာအောင်ပြုလုပ်ပါ။
3. မျက်လုံးများကို အနားပေးပါ - ဝက်သက်ရောဂါ ခံစားနေရတဲ့သူတော်တော်များများဟာ အလင်းရောင်စူးစူးကို မခံနိုင်တာကြောင့် နေကာမျက်မှန်တပ်ဆင်ခြင်းနဲ့ အလင်းလျှော့ခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။ ညအိပ်မီးနဲ့ ရုပ်ရှင်ကြည့်ခြင်း၊ စာဖတ်ခြင်းများကို ရှောင်ကြဉ်ပါ။
ကာကွယ်ခြင်း
မိသားစုဝင်ထဲမှာ တစ်စုံတစ်ဦးသည် ဝက်သက်ရောဂါခံစားနေရပါက အောက်ပါကာကွယ်မှုများကို လုပ်ဆောင်ခြင်းဖြင့် အခြားသူများထံ ကူးစက်ခြင်းကိုဟန့်တားနိုင်ပါတယ်။
- ဝက်သက်ရောဂါဟာ အနီစက်များမထွက်မီ 4 ရက်နဲ့ ပေါ်ထွက်ပြီး 4 ရက်အတွင်းမှာ ကူးစက်မှုနှုန်းအလွန်မြင့်မားတာကြောင့် အဲဒီအချိန်အတောအတွင်းမှာ အခြးာသူများနဲ့ ထိတွေ့ဆက်ဆံမှုကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
- ကာကွယ်ဆေးမထိုးထားသူများဟာ ရောဂါရှိတဲ့သူနဲ့ ဝေးဝေးနေသင့်ပါတယ်။
- ဝက်သက်ရောဂါကူးစက်နိုင်ချေရှိသူများဟာ ကာကွယ်ဆေးမထိုးရသေးပါက ချက်ချင်းသွားထိုးသင့်ပါတယ်။
Dr. Thinzar Wynn