သိုင်းရွိုက်ဟော်မုန်းနည်းရောဂါ
သိုင်းရွိုက်ဟော်မုန်းနည်းရောဂါဆိုတာ သိုင်းရွိုက်ဂလင်းမှ အချို့သော အရေးကြီးဟော်မုန်းတွေကို လုံလောက်စွာ မထုတ်လုပ်နိုင်တဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။
အသက် 60 အထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပြီး ခန္ဓာကိုယ်ရဲ့ ဓာတုဓာတ်ပြုမှုတွေကို မျှခြေအနေအထားမှ သွေဖယ်စေပါတယ်။ ကနဦးအခြေအနေမှာ ရောဂါလက္ခဏာတွေ တွေ့ရခဲသော်လည်း ကုသမှုမခံယူပါက အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အ၀လွန်ခြင်း၊ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ မျိုးမအောင်ခြင်းနဲ့ နှလုံးရောဂါ စတာတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။
သတင်းကောင်းတစ်ခုကတော့ သိုင်းရွိုက်ဂလင်း အလုပ်,လုပ်ဆောင်မှု မှန်၊ မမှန်ကို စစ်ဆေးခြင်းဖြင့် ဟော်မုန်းနည်းရောဂါ ရှိ၊ မရှိကို တိတိကျကျပြောနိုင်ပြီး ဟော်မုန်းအစားထိုးကုသမှုမှာလည်း လွယ်ကူရိုးရှင်း၍ လွန်စွာမှပင် ထိရောက်လှပါတယ်။
ရောဂါလက္ခဏာများ
ဟော်မုန်းချို့တဲ့မှုပေါ်မူတည်၍ သိုင်းရွိုက်ဟော်မုန်းနည်းရောဂါရဲ့ ရောဂါလက္ခဏာတွေက ကွဲပြားခြားနားပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ရောဂါလက္ခဏာတွေဟာ ဖြည်းဖြည်းချင်း ဖြစ်လာပြီးတော့ နှစ်ရှည်လများ မပျောက်ကင်းဘဲ ရှိနေတတ်ကြပါတယ်။
ပထမဦးစွာ ဟော်မုန်းချို့တဲ့ခြင်းရဲ့ ကနဦးလက္ခဏာတွေဖြစ်တဲ့ မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန် တိုးလာခြင်း စတာတွေကို စတင်သတိပြုမိနိုင်ပါတယ်။ ဇီ၀ဖြစ်စဉ်တွေ နှေးကွေးလာပြီဆိုရင်တော့ ပိုပြီးသိသာထင်ရှားတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
• မောပန်းနွမ်းနယ်ခြင်း
• အအေးဒဏ်မခံနိုင်ခြင်း
• ၀မ်းချုပ်ခြင်း
• အသားအရေ ခြောက်သွေ့ခြင်း
• ကိုယ်အလေးချိန် တိုးလာခြင်း
• မျက်နှာဖောင်းလာခြင်း
• အသံအက်လာခြင်း
• ကြွက်သားများ အားနည်းလာခြင်း
• သွေးတွင်း ကိုလက်စထရော မြင့်တက်လာခြင်း
• ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
• အဆစ်အမြစ်များ တောင့်တင်းခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း
• ဓမ္မတာ မမှန်ခြင်း (သို့) ဓမ္မတာ များခြင်း
• ဆံပင်ပါးလာခြင်း
• နှလုံးခုန်နှုန်းနှေးခြင်း
• စိတ်ကျရောဂါ ခံစားရခြင်း
• မှတ်ဉာဏ်ချို့တဲ့ခြင်း
အကယ်၍ ဟော်မုန်းချို့တဲ့မှုကို ကုသမှုမခံယူပါက ရောဂါလက္ခဏာတွေဟာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာတတ်ပါတယ်။ ဟော်မုန်းပိုထွက်စေဖို့အတွက် သိုင်းရွိုက်ဂလင်းကို အဆက်မပြတ် လှုံ့ဆော်ရာမှ သိုင်းရွိုက်ဂလင်း ကြီးလာပြီး လည်ပင်းကြီးရောဂါ ဖြစ်လာနိုင်ပါတယ်။ ထို့ပြင် သတိမေ့ခြင်း၊ စဉ်းစားမှုဖြစ်စဉ် နှေးကွေးခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။
အဆင့်မြင့် လည်ပင်းကြီး ဟော်မုန်းနည်းရောဂါဟာ အလွန်ရှားပါးသော်လည်း ဖြစ်ပွားပါက အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ သွေးပေါင်ချိန်ကျခြင်း၊ အသက်ရှူနှေးခြင်း၊ ခန္ဓာကိုယ်အပူချိန် ကျဆင်းခြင်း၊ တုံ့ပြန်မှုမရှိခြင်းနဲ့ သတိလစ်မေ့မျောခြင်းတို့ထိအောင် ဖြစ်တတ်ပါတယ်။ ဆိုးဆိုးရွားရွား အခြေအနေမှာဆိုရင်တော့ သေစေနိုင်ပါတယ်။
မွေးကင်းစကလေးများတွင် ဖြစ်ပွားသော ဟော်မုန်းနည်းရောဂါ
သိုင်းရွိုက်ဟော်မုန်းနည်းရောဂါဟာ အများအားဖြင့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အမျိုးသမီးတွေမှာ အဖြစ်များသော်လည်း ကလေးငယ်တွေ အပါအ၀င် အရွယ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းမပါတဲ့ (သို့) ကောင်းစွာ အလုပ်မလုပ်တဲ့ ကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့ -
• အသားဝါခြင်း - အများအားဖြင့် ကလေးရဲ့အသည်းဟာ သွေးနီဥတွေ ပျက်စီးရာမှ ထွက်ပေါ်လာတဲ့ ဘီလီရူဘင်လို့ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တစ်မျိုးကို မဖြိုခွဲနိုင်တာကြောင့် ဖြစ်တတ်ပါတယ်။
• မကြာခဏ သီးခြင်း
• လျှာတစ်လစ်ထွက်၍ သာမန်ထက်ကြီးခြင်း
• မျက်နှာဖောင်းအစ်နေခြင်း
ရောဂါအခြေအနေ ပိုဆိုးလာတာနဲ့အမျှ ကလေးငယ်ဟာ အစာစားတဲ့အချိန်မှာ ပြဿနာကြုံတွေ့နိုင်တာကြောင့် ကောင်းစွာ မဖွံ့ဖြိုးနိုင်တော့ပေ။ ထို့ပြင် -
• ၀မ်းချုပ်ခြင်း
• ကြွက်သားများ လျော့ရဲခြင်း
• အလွန်အမင်း အိပ်စက်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။
ကလေးငယ်တွေမှာ ဟော်မုန်းနည်းရောဂါကို အချိန်မီ မကုသပါက မပြင်းထန်တဲ့ အနေအထားမျိုးမှာပင် ခန္ဓာကိုယ်နဲ့ ဉာဏ်ရည်ဆုတ်ယုတ်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။
ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များတွင် ဖြစ်ပွားသော ဟော်မုန်းနည်းရောဂါ
လူကြီးများတွင် တွေ့ရလေ့ရှိသော ရောဂါလက္ခဏာများအပြင် -
• ကြီးထွားမှု နှောင့်နှေးခြင်း - အရပ်ပုခြင်း
• ကြီးသွား လဲရာတွင် နှေးကွေးခြင်း
• လူပျို၊ အပျိုဖော်၀င်တာ နောက်ကျခြင်း
• စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ချို့တဲ့ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။
ဖြစ်ပွားရသည့် အကြောင်းအရင်းများ
သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းလုံလောက်စွာ မထုတ်လုပ်ပါက ခန္ဓာကိုယ်ရဲ့ဓာတု ဓာတ်ပြုမှုဖြစ်စဉ်တွေဟာ ကမောက်ကမ ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ခုခံအားစနစ်မှ မိမိခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်သောရောဂါ၊ ဟော်မုန်းမြင့်တက်မှုကို ကုသမှုခံယူခြင်း၊ ဓာတ်ရောင်ခြည်ကုထုံး၊ သိုင်းရွိုက်ဂလင်း ခွဲစိတ်ကုသခြင်းနှင့် ဆေးဝါးများကြောင့် အပါအ၀င် ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်း များစွာရှိပါတယ်။
သိုင်းရွိုက်ဂလင်းဆိုတာ သေးငယ်တဲ့လိပ်ပြာပုံသဏ္ဌာန်ရှိ၍ ရှေ့လည်ပင်းရဲ့အောက်ခြေ၊ လည်ဇလုတ်ရဲ့ အောက်ဘက်နားမှာ တည်ရှိပါတယ်။ သိုင်းရွိုက်ဂလင်းကထုတ်တဲ့ ဟော်မုန်းတွေကတော့ T3 နဲ့ T4 ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီ၀ဖြစ်စဉ် တော်တော်များများအပေါ်ကို အကျိုးသက်ရောက်လေ့ရှိပါတယ်။ အဆီနဲ့ ကစီဓာတ်ကို ခန္ဓာကိုယ်က အသုံးပြုနှုန်းကို ထိန်းသိမ်းပေးခြင်း၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း၊ နှလုံးခုန်နှုန်းကို လွှွမ်းမိုးခြင်း၊ ပရိုတင်းထုတ်လုပ်မှုကို ကူညီပေးခြင်း စတဲ့ လုပ်ဆောင်မှုတေါအတွက် သိုင်းရွိုက်ဟော်မုန်းဟာ လိုအပ်ပါတယ်။
သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု နည်းပါးရခြင်း အကြေင်းအရင်းအချို့မှာ -
1. ခန္ဓာကိုယ်ခုခံအားစနစ်မှ မိမိခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်သောရောဂါ
Hashimoto သိုင်းရွိုက်ရောင်ခြင်းဆိုတာ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဟာ ပဋိပစ္စည်းတွေ ထုတ်လုပ်ပြီး သိုင်းရွိုက်ဂလင်းအပါအ၀င် မိမိရဲ့တစ်သျှူးတွေကို မိမိဘာသာ ပြနလည်တိုက်ခိုက်ကြပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတာ တိတိကျကျ မသိပေမယ့် ရောဂါပိုးမွှားများရဲ့ လှုံ့ဆော်မှုကြောင့်လို့ ထင်တဲ့သူတွေရှိသလို မျိုးရိုးဗီဇ ဆင်းသက်ရာမှ ပြဿနာရှိလို့ဟု ယူဆတဲ့သူတွေလည်း ရှိပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ မိမိကိုယ်မိမိ ပြန်လည်တိုက်ခိုက်ရတဲ့အကြောင်းမှာ အကြောင်းအရင်းတစ်ခုထက် ပိုပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ထိုပဋိပစ္စည်းတွေက သိုင်းရွိုက်ရဲ့ ဟော်မုန်းထုတ်လုပ်မှု အရည်အသွေးကို ကျဆင်းစေတာတော့ အမှန်ပင် ဖြစ်ပါတယ်။
2. လည်ပင်းကြီး ဟော်မုန်းများခြင်းကို ကုသမှုခံယူခြင်း
သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု များပြားခြင်းကို ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း (သို့) ဟော်မုန်းနည်းဆေးများဖြင့် သိုင်းရွိုက်ဂလင်း လုပ်ငန်းဆောင်တာများ ပုံမှန်ဖြစ်အောင် လုပ်ဆောင်ကြပါတယ်။ ဒါပေမဲ့ အချို့သူတွေမှာ လည်ပင်းကြီး ဟော်မုန်းများခြင်းကို ကုသမှုခံယူရာမှ ဟော်မုန်းလျော့နည်းသွားခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။
3. သိုင်းရွိုက်ဂလင်း ခွဲစိတ်ကုသခြင်း
သိုင်းရွိုက်ဂလင်း တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖယ်ရှားရာမှ ဟော်မုန်းထုတ်လုပ်မှုနှုန်းကို ကျဆင်းစေနိုင်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပွားပါက သိုင်းရွိုက်ဟော်မုန်းကို တစ်သက်လုံး သောက်သုံးသွားရနိုင်ပါတယ်။
4. ဓာတ်ရောင်ခြည်ကုထုံး
ဦးခေါင်းနှင့် လည်ပင်းနားတစ်၀ိုက်ရှိ ကင်ဆာများကို ကုသရာတွင် အသုံးပြုသော ဓာတ်ရောင်ခြည်များသည် သိုင်းရွိုက်ဂလင်းကို ထိခိုက်စေနိုင်ကာ ဟော်မုန်းထုတ်လုပ်မှုကို ကျဆင်းစေနိုင်ပါတယ်။
5. ဆေးဝါးများ
ဆေးဝါး တော်တော်များများဟာ သိုင်းရွိုက်ဂလင်းရဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေနိုင်ပါတယ်။ ဥပမာအားဖြင့် စိတ်ေ၀ဒနာရောဂါများကို ကုသပေးနိုင်တဲ့ လစ်သီယမ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးတစ်ခုခုကို မသောက်သုံးမီ သိုင်းရွိုက်ဂလင်းပေါ် အကျိုးသက်ရောက်ပုံကို ဆရာ၀န်ထံမှ မေးမြန်းသင့်ပါတယ်။
ဖြစ်တောင့်ဖြစ်ခဲအနေနဲ့ အောက်ပါအကြောင်းအရင်းများကြောင့်လည်း လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ ဖြစ်နိုင်ပါတယ်။
1. မွေးရာပါရောဂါများ
အချို့ကလေးတွေမှာ မွေးရာပါ သိုင်းရွိုက်ဂလင်း မကောင်းခြင်း (သို့) မပါခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဖြစ်စဉ်အများစုကတော့ ဘာကြောင့်ဖြစ်မှန်း မသိပေမယ့် အချို့ကမူ မျိုးရိုးဗီဇကြောင့် ဖြစ်တတ်ပါတယ်။ မွေးရာပါ လည်ပင်းကြီး ဟော်မုန်းနည်းရောဂါရှိတဲ့ ကလေးတွေဟာ မွေးကင်းစအချိန်မှာ ပုံမှန်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မွေးကင်းစကလေးတွေကို မဖြစ်မနေ သိုင်းရွိုက်စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။
2. ပစ်ကျူတရီဂလင်း ပုံမမှန်မှုများ
ပစ်ကျူတရီဂလင်းမှာ အကျိတ်ဖြစ်နေတာကြောင့် သိုင်းရွိုက်ဂလင်းကို နှိုးဆွဖို့ ဟော်မုန်း လုံလုံလောက်လောက် မထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။
3. ကိုယ်၀န်ဆောင်ခြင်း
အချို့အမျိုးသမီးတွေမှာ ကိုယ်၀န်ဆောင်ချိန်နှင့် ကလေးမွေးဖွားပြီးခါစတွင် ပဋိပစ္စည်းတွေ ထုတ်လုပ်ပြီး သိုင်းရွိုက်ဂလင်းကို တိုက်ခိုက်တာကြောင့် ဟော်မုန်းနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ကုသမှုမခံယူပါက ကိုယ်၀န်ပျက်ကျခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်းနဲ့ ကိုယ်၀န်ဆိပ်တက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့ပြင် သနေ္ဓသားလောင်းရဲ့ ဖွံ့ဖြိုးမှုကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။
4. အိုင်အိုဒင်း ချို့တဲ့ခြင်း
ပင်လယ်စာ၊ ပင်လယ်ရေညှိ စတာတွေမှာ တွေ့ရလေ့ရှိတဲ့ အိုင်အိုဒင်းဆားဟာ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုအတွက် အလွန်ပင် အရေးပါ,ပါတယ်။ ကမ်ဘာ့နေရာဒေသအချို့မှာ အိုင်အိုဒင်းချို့တဲ့မှုဟာ အဖြစ်များတဲ့ပြဿနာတစ်ခု ဖြစ်နေပေမယ့် အိုင်အိုဒင်းဆားပြားတွေကြောင့် ထိုပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ အိုင်အိုဒင်း အလွန်အကျွံ သောက်သုံးခြင်းဟာလည်း ဟော်မုန်းနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။
ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်တဲ့ အကြောင်းအရင်းများ
• အသက် 60 နှစ်အထက် အမျိုးသမီးများ
• ခန္ဓာကိုယ်ခုခံအားစနစ်မှ မိမိကိုယ်ကို ပြန်တိုက်သောရောဂါ
• မိသားစုမျိုးရိုးထဲတွင် သိုင်းရွိုက်ရောဂါရှိသူများ
• နာတာရှည် အဆစ်အမြစ်ရောဂါကဲ့သို့ ခန္ဓာကိုယ်ခုခံအားစနစ်မှ မိမိကိုယ်ကို ပြန်တိုက်ခိုက်သော အခြားရောဂါများ
• ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း (သို့) သိုင်းရွိုက်ကုသဆေးများဖြင့် ကုသမှုခံယူခြင်း
• လည်ပင်း (သို့) ရင်ဘတ်အပေါ်ပိုင်းကို ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသခြင်း
• သိုင်းရွိုက်ဂလင်း ခွဲစိတ်ကုသမှုခံယူခြင်း (သိုင်းရွိုက်တစ်စိတ်တစ်ဒေကို ဖယ်ရှားခြင်း)
• ကိုယ်၀န်ဆောင်ခြင်း (သို့) ကလေးမွေးပြီး 6 လအတွင်း ဖြစ်ခြင်း
နောက်ဆက်တွဲဆိုးကျိုးများ
လည်ပင်းကြီး ဟော်မုန်းနည်းရောဂါကို ကုသမှုမခံယူဘဲထားပါက ကျန်းမာရေးပြဿနာများစွာကို ရင်ဆိုင်ရနိုင်ပါတယ်။
1. လည်ပင်းကြီးခြင်း
ဟော်မုန်း ပိုမိုထွက်အောင် သိုင်းရွိုက်ဂလင်းကို အဆက်မပြတ် လှုံ့ဆော်ခြင်းကြောင်း သိုင်းရွိုက် ပိုမိုကြီးလာနိုင်ပါတယ်။ (ဥပမာ - Hashimoto သိုင်းရွိုက်ရောင်ရမ်းခြင်း) သိုင်းရွိုက်ဂလင်း ကြီးခြင်းဟာ ရုပ်သွင်ပြင်လက္ခဏာကို ထိခိုက်စေရုံသာမက အစာမျိုချခြင်းနဲ့ အသက်ရှူခြင်းတွေကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
2. နှလုံးပြဿနာများ
လည်ပင်းကြီး ဟော်မုန်းနည်းခြင်းဟာ မကောင်းတဲ့ ကိုလက်စထရောများခြင်းနဲ့ ဆက်စပ်နေတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။ ရောဂါလက္ခဏာမပြသေးတဲ့ ဟော်မုန်းနည်းရောဂါဆိုလျှင်တောင်မှ သွေးတွင်း ကိုလက်စထရောပမာဏကို မြင့်တက်စေတာကြောင့် နှလုံးရဲ့ညှစ်အားကို ထိခိုက်စေကာ နှလုံး ကြီးလာနိုင်ပါတယ်။
3. စိတ်ရောဂါဆိုင်ရာ ပြဿနာများ
သိုင်းရွိုက်ဟော်မုန်းနည်းရောဂါ ဖြစ်ကာစ၌ပင် စိတ်ကျေ၀ဒနာ ခံစားရ၍ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကိုလည်း နှေးကွေးစေနိုင်ပါတယ်။
4. ခြေ၊ လက်များတွင် အာရုံကြော အားနည်းခြင်း
ဟော်မုန်းနည်းရောဂါကို ကုသမှုမခံယူပါက ရေရှည်မှာ ခြေလက်တွေမှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အာရုံကြော ပျက်စီးတဲ့နေရာတွေမှာ နာကျင်ခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်းတို့ ခံစားရနိုင်ပါတယ်။ ထို့ပြင် ကြွက်သားအားနည်းခြင်း (သို့) ကြွက်သားထိန်းချုပ်မှု ဆုံးရှုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
5. ဆိုးဆိုးရွားရွား ဟော်မုန်းလျော့နည်းခြင်း
အလွန်အမင်း အအေးဒဏ်ကို မခံနိုင်ခြင်း၊ ငိုက်မျဉ်းခြင်းတို့အပြင် နုံးချိခြင်း၊ သတိလစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဆိုးဆိုးရွားရွား ဟော်မုန်းနည်းခြင်းကြောင့် မေ့မြောခြင်းဟာ စိတ်ငြိမ်ဆေး၊ ရောဂါပိုးများနဲ့ အခြားဖိစီးမှုဒဏ်တွေကြောင့် ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတစ်ခု ဖြစ်တာကြောင့် အထက်ပါ ရောဂါလက္ခဏာတွေ တွေ့ရှိပါက ဆေးကုသမှုကို ချက်ချင်းခံယူသင့်ပါတယ်။
6. သားသမီး မရနိုင်ခြင်း
သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ သားဥကြွေခြင်းကို အနှောင့်အယှက်ပေးတာကြောင့် သနေ္ဓအောင်နှုန်းကို ကျဆင်းစေနိုင်ပါတယ်။ ထို့ပြင် ဟော်မုန်းနည်းရောဂါကို ဖြစ်စေတဲ့ အခြားအကြောင်းအရင်းများကြောင့်လည်း သားသမီး မရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။
7. မွေးရာပါ ချို့ယွင်းချက်များ
သိုင်းရွိုက်ရောဂါကို ကုသမှုမခံယူတဲ့အမျိုးသမီးမှ မွေးဖွားတဲ့ကလေးတွေဟာ ကျန်းမာသန်စွမ်းတဲ့မိခင်တွေရဲ့ ကလေးတွေထက် မွေးရာပါ ချို့ယွင်းချက်တွေ ပါလာဖို့ များပါတယ်။ ထိုကလေးငယ်တွေဟာ ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာနဲ့ ဖွံ့ဖြိုးမှုပြဿနာတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဟော်မုန်းနည်းရောဂါကို ကုသမှုမခံယူတဲ့ ကလေးငယ်တွေမှာလည်း ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှာ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကို မွေးပြီး လအနည်းငယ်အတွင်းမှာ သိရှိပါက ပုံမှန်အတိုင်းဖွံ့ဖြိုးမှုကို ရနိုင်ဖို့ အခွင့်အလမ်းများပါတယ်။
ရောဂါရှာဖွေခြင်း
လည်ပင်းကြီး ဟော်မုန်းနည်းရောဂါဟာ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့အတွက် နှစ်စဉ် ကျန်းမာရေးစစ်ဆေးဖို့ ဆရာ၀န်တွေက တိုက်တွန်းထားပါတယ်။ ထို့ပြင် ကိုယ်၀န်ဆောင်အမျိုးသမီးတွေနဲ့ ကိုယ်၀န်ရယူရန် ကြိုးစားနေတဲ့ အမျိုးသမီးတွေဟာလည်း သိုင်းရွိုက်ဂလင်း စစ်ဆေးမှုများကို ပြုလုပ်သင့်ပါတယ်။
ပုံမှန်အားဖြင့်တော့ လူနာတစ်ဦးဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ ၀မ်းချုပ်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ယခင်က လည်ပင်းကြီးရောဂါ ရှိဖူးခြင်း စတာတွေရှိမှသာ ဆရာ၀န်က သိုင်းရွိုက်ဂလင်းကို စစ်ဆေးတာ ဖြစ်ပါတယ်။
သွေးစစ်ဆေးမှုများ
လည်ပင်းကြီး ဟော်မုန်းနည်းရောဂါကို ရှာဖွေရာမှာ ရောဂါလက္ခဏာတွေနဲ့ သွေးတွင်း သိုင်းရွိုက်ဟော်မုန်းပမာဏကို တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်း၍ ပစ်ကျူတရီမှထွက်တဲ့ သိုင်းရွိုက်ကို လှုံ့ဆော်တဲ့ဟော်မုန်း များပြားနေပါက သိုင်းရွိုက်ဂလင်း ကောင်းစွာ အလုပ်မလုပ်တာကို ဖော်ညွှန်းနေပါတယ်။
သိုင်းရွိုက်ကို လှုံ့ဆော်တဲ့ဟော်မုန်းက အကောင်းဆုံးရောဂါရှာဖွေတဲ့ စစ်ဆေးမှုတစ်ခုဖြစ်တာကြောင့် ၎င်းကို စစ်ဆေးပြီးမှသာ သိုင်းရွိုက်ဟော်မုန်းပမာဏကို တိုင်းတာလေ့ရှိပါတယ်။ ထိုလှုံ့ဆော်တဲ့ဟော်မုန်းဟာ လူနာကို ဆေးကုသရာမှာလည်း အလွန်အရေးကြီးပါတယ်။ ထိုဟော်မုန်းရဲ့ပမာဏကိုကြည့်ပြီး ဆရာ၀န်က ဆေးပမာဏ ဘယ်လောက်ပေးရမလဲဆိုတာကို ချိန်ဆနိုင်ပါတယ်။
ထို့ပြင် ရောဂါလက္ခဏာတွေ မပေါ်သေးတဲ့ ဟော်မုန်းနည်း အခြေအနေတစ်ခုကိုလည်း ကြိုတင်စစ်ဆေး တွေ့ရှိရနိုင်ပါတယ်။
ကုသမှုခံယူခြင်း
အဓိကကုသမှုကတော့ သိုင်းရွိုက်ဟော်မုန်း အစားထိုးဖြည့်စွက်ခြင်းဖြစ်ပြီး ၎င်းသောက်ဆေးတွေဟာ ရောဂါလက္ခဏာတွေကို သက်သာစေ၍ ဟော်မုန်းပမာဏကို ပုံမှန်အတိုင်း ပြန်ရောက်အောင် ကူညီပေးနိုင်ပါတယ်။
ကုသမှုခံယူပြီး 1-2 ပတ်ကြာပြီးနောက် တဖြည်းဖြည်း နုံးချိတာတွေ သက်သာလာတာ သတိပြုမိပါလိမ့်မယ်။ ထိုဆေးတွေဟာ ရောဂါကြောင့် တက်နေတဲ့ ကိုလက်စထရောပမာဏကိုလည်း လျှော့ချပေး၍ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဟော်မုန်းအစားထိုးဆေးများ (Levothyroxine) ကို တစ်သက်တာလုံး သောက်သုံးရန် လိုပေမယ့် သိုင်းရွိုက်ကို လှုံ့ဆော်တဲ့ဟော်မုန်းပမာဏကို နှစ်စဉ်စစ်ဆေး၍ ဆရာ၀န်မှ ဆေးပမာဏကို အပြောင်းအလဲ ပြုလုပ်ပါလိမ့်မယ်။
မိမိသောက်သုံးနေတဲ့ ဆေးပမာဏ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း
ကနဦး ဟော်မုန်းဆေးများ သောက်သုံရာတွင် ဆေးပမာဏ မှန်ကန်ခြင်း ရှိ/မရှိ သိရှိရန် 2-3 လခန့်အကြာတွင် သိုင်းရွိုက်ကို လှုံ့ဆော်တဲ့ဟော်မုန်းပမာဏကို ပြန်လည်စစ်ဆေးဖို့ ဆရာ၀န်မှ ညွှန်ကြားပါလိမ့်မယ်။ ဟော်မုန်းပမာဏ အလွန်အကျွံ များပြားပါက ဖြစ်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ -
• ခံတွင်းလိုက်ခြင်း
• အိပ်မပျော်ခြင်း
• ရင်တုန်ခြင်း
• လက်တုန်ခြင်း
နှလုံးသွေးကြောကျဉ်းရောဂါ (သို့) ဟော်မုန်း အလွန်အကျွံ နည်းနေပါက ဆရာ၀န်မှ ဆေးပမာဏနည်းနည်းဖြင့် စတင်၍ တဖြည်းဖြည်းမှသာ ပမာဏတိုးသွားဖြစ်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ဇီ၀ဖြစ်စဉ်များ မြန်ဆန်လာမှုကို နှလုံးမှ ပြန်လည်ထိန်းညှိနိုင်မှာ ဖြစ်ပါတယ်။
Levothyroxine ဟာ ဈေးသက်သာတဲ့အပြင် သင့်တော်တဲ့ပမာဏသာ သောက်သုံးပါက ဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ သောက်နေကျဆေးအမျိုးအစား ပြောင်းလဲလိုက်ပါက ဆရာ၀န်ကို အသိပေး၍ ဆေးပမာဏကို ပြန်လည်ထိန်းညှိသင့်ပါတယ်။ အရေးကြီးတာကတော့ နေကောင်းလာတာနဲ့ ဆေးရပ်လိုက်တာမျိုး၊ ဆေးပမာဏကို ပြောင်းလဲလိုက်တာမျိုး လုံး၀မပြုလုပ်သင့်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ယခင်က ခံစားခဲ့ရသော ရောဂါလက္ခဏာတွေ ပြန်ပေါ်လာနိုင်ပါတယ်။
Levothyroxine ကို ခန္ဓာကိုယ်မှ စုပ်ယူခြင်း
အချို့သောဆေးဝါးများ၊ ဖြည့်စွက်စာများနဲ့ အစားအသောက်တွေဟာ Levothyroxine စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ပဲပိစပ်ပါ၀င်တဲ့ အစားအစာတွေ၊ အမျှင်ဓာတ်ပါ၀င်တဲ့ အစားအစာ အလွန်အကျွံ စားသုံးထားပါက (သို့) ဆေးဝါးတွေဖြစ်တဲ့ -
• သံဓာတ်အားဖြည့်ဆေး (သို့) သံဓာတ်ပါ၀င်သောအားဆေးများ
• Cholestyramine
• အစာအိမ်ဆေးတွေမှာ ပါ၀င်လေ့ရှိတဲ့ အလူမီနီယမ် ဟိုင်ဒရောဆိုဒ်
• ကယ်လ်ဆီယမ် ဖြည့်စွက်စာများတို့ကို သောက်သုံးပါက ဆရာ၀န်ကို ကြိုတင်အသိပေးသင့်ပါတယ်။
ရောဂါလက္ခဏာမပြသေးတဲ့ လည်ပင်းကြီး ဟော်မုန်းနည်းရောဂါရှိပါက ကုသမှုခံယူရန် ဆရာ၀န်နှင့် တိုင်ပင်နိုင်ပါတယ်။ သိုင်းရွိုက်ကို လှုံ့ဆော်တဲ့ဟော်မုန်း အနည်းငယ်သာ မြင့်တက်နေပါက သိုင်းရွိုက်ဟော်မုန်း ကုသမှုဟာ ဘာမှအသုံးမ၀င်တဲ့အပြင် အန္တရာယ်တောင် ရှိနေနိုင်ပါသေးတယ်။ အခြားတစ်ဖက်မှာတော့ သိုင်းရွိုက်ကို လှုံ့ဆော်တဲ့ဟော်မုန်း မြင့်တက်နေချိန်တွင် ကုသမှုခံယူလိုက်ပါက ကိုလက်စထရောပမာဏ ကျဆင်းစေရုံသာမက နှလုံးညှစ်အားနဲ့ ခန္ဓာကိုယ်စွမ်းအားတို့ကိုလည်း တိုးတက်စေနိုင်ပါတယ်။
အခြားဆေးဝါးများ
ဆရာ၀န်အများစုဟာ အထူးပြုလုပ်ထားတဲ့ ဟော်မုန်းဆေးတွေကို ညွှန်းလေ့ရှိပေမယ့်လည်း ၀က်ရဲ့သိုင်းရွိုက်ဂလင်းကရတဲ့ သဘာ၀ဟော်မုန်းဆေးတွေလည်း ၀ယ်ယူလို့ရနေပြီ ဖြစ်ပါတယ်။ ထိုသဘာ၀ဟော်မုန်းဆေးမှာ thyroxine အပြင် triiodothyronine လည်း ပါ၀င်ပါတယ်။ ပြုပြင်ဖန်တီးထားတဲ့ သိုင်းရွိုက်ဟော်မုန်းတွေမှာတော့ thyroxine တစ်မျိုးသာ ပါ၀င်ပြီး triiodothyronine ကို ခန္ဓာကိုယ်မှ လိုအပ်တဲ့အခါ thyroxine မှတစ်ဆင့် ရယူပါတယ်။
သိုင်းရွိုက်ဂလင်းမှ ပြန်လည်ထုတ်ယူထားတဲ့ ဟော်မုန်းဆေးတွေဟာ ဆေးစာပါမှသာ ၀ယ်ယူနိုင်မှာဖြစ်တဲ့အပြင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်မရထားလို့ ၎င်းတို့ရဲ့ သန့်စင်မှုနဲ့ ဆေးပြင်းအားတွေကို အာမ,မခံနိုင်ပါဘူး။
Dr. Thinzar Wynn (www.drmyanmar.com)






























