အဆုတ်ကင်ဆာ (Lung Cancer)
အဆုတ်ဟာအောက်ဆီဂျင်ကို ရှူသွင်းခြင်းနှင့်ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ရှူထုတ်ခြင်းကို လုပ်ဆောင်ပေးတဲ့ ရင်ခေါင်းပိုင်းရှိ အင်္ဂါဖြစ်ပါတယ်။
♦ အဆုတ်ကင်ဆာဖြစ်ပွားရသည့်အကြောင်းရင််း
ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုသူတွေပါ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။ သောက်သုံးချိန်နဲ့ပမာဏမြင့်တက် လာတာနဲ့အမျှ အဆုတ်ကင်ဆာဖြစ်နိုင်ချေလည်း မြင့်တက်လာပါတယ်။ ဆေးလိပ်ငွေ့မှာ ကင်ဆာဖြစ်စေသောပစ္စည်း (Carcinogens) များပါ၀င်ပြီး ရှုရှိုက်မိတဲ့အခါ ၎င်းပစ္စည်းများက အဆုတ်တွင်းရှိ တစ်သျူးများကို ပျက်စီးစေပါတယ်။ အချိန်ကြာလာတာနှင့်အမျှ အဆုတ်တွင်းရှိ ကောင်းမွန်သော ဆဲလ်များပိုမိုပျက်စီးလာပြီး ကင်ဆာအဖြစ်သို့ ရောက်ရှိသွားတာ ဖြစ်ပါတယ်။
♦ ဖြစ်ပွားနှုန်းကိုမြင့်တက်စေတဲ့ အကြောင်းရင်းများ
1. ဆေးလိပ်သောက်ခြင်း
2. ဆေးလိပ်မသောက်သော်လည်းတဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း
3. ရေဒွန် (Redon) ဓာတ်ငွေ့နှင့် ထိတွေ့မှုရှိခြင်း (Radon ဓာတ်ငွေ့သည် မြေသြဇာ၊ ကျောက်ဆောင် နှင့် ရေထုထဲရှိ ယူရေနီယမ်သတ္တုပြိုကွဲရာမှ ထွက် လာတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်)
4. ကျောက်ဂွမ်း (Asbestos) အပါအ၀င် အခြားသော ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများသူများ
5. မိသားစုတွင် အဆုတ်ကင်ဆာမျိုးရိုးရှိသူများ
♦ ရောဂါလက္ခဏာများ
အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိပါ။ ရောဂါလက္ခဏာများမှာ -
1. ချောင်းဆိုးမပျောက်ခြင်း
2. ချောင်းဆိုလျှင်သွေးပါခြင်း
3. အသက်ရှူမ၀ခြင်း
4. ရင်ဘတ်အောင့်ခြင်း
5. အသက်ရှူရာတွင် တရွှီးရွှီးမြည်ခြင်း
6. အသံပြာလာခြင်း
7. ကိုယ်အလေးချိန်ကျဆင်းခြင်း
8. အရိုးနာကျင်ကိုက်ခဲခြင်း
9. ခေါင်းကိုက်ခြင်း
♦ အဆုတ်ကင်ဆာ၏ နောက်ဆက်တွဲဆိုးကျိုးများ
1. အသက်ရှူကြပ်ခြင်း
2. သွေးအန်ခြင်း
3. နာကျင်ခြင်း
4. အဆုတ်အမြှေးပါးအတွင်း ရေ၀င်ခြင်း
5. အခြားအင်္ဂါများသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်း
♦ စမ်းသပ်စစ်ဆေးခြင်း
အဆုတ်ကင်ဆာရှိနေကြောင်းကို
- ရင်ဘတ်ဓာတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့်လည်းကောင်း
- CT Scan ဖြင့်လည်းကောင်း
- သလိပ်ကို စစ်ဆေးခြင်း (Sputum Cytology) ဖြင့် လည်းကောင်း
- တစ်သျှူးအသားစယူ၍ စစ်ဆေးခြင်း (Biopsy) ဖြင့် လည်းကောင်း သိနိုင်ပါတယ်။
♦ အဆင့်သတ်မှတ်ခြင်း
အဆုတ်ကင်ဆာရောဂါရဲ့ အဆင့်များကို CT Scan ရိုက်ခြင်း၊ MRI ရိုက်ခြင်း၊ Positron Emission tomography (PET) တို့ဖြင့် ခွဲခြားနိုင်ပါတယ်။ အဆင့် (၄) ဆင့်ရှိပါတယ်။
အဆင့် (၁) - ကင်ဆာကျိတ်ဟာ အရွယ်အစား ၂ လက်မ ထက်သေးပြီး ပြန်ရည်ကြောများသို့ ပျံ့န့ှံခြင်း မရှိသေးပါဘူး။
အဆင့် (၂) - ကင်ဆာကျိတ် အရွယ်အစားပမာဏ ၂ လက်မထက်ကြီးပြီး အနီးအနားရှိ ပြန်ရည်ကြော၊ ၀မ်းဗိုက် ကြွက်သားနှင့် အဆုတ်အမြှေးပါး တို့ကိုပါကင်ဆာဆဲလ်ပျံ့န့ှံနေတဲ့ အဆင့်ဖြစ်ပါတယ်။
အဆင့် (၃) - ကျူမာဆဲလ်သည် အရွယ်အစားအလွန်ပင်ကြီးမားလာပြီး အနီးအနားရှိ အင်္ဂါများသို့ ပျံ့နှံ့နေပါပြီ။
အဆင့် (၄) - အခြားသော အဆုတ်တစ်ဖက်အပါအ၀င် ခန္ဓာကိုယ်ရှိ တခြားသောအင်္ဂါများသို့ ပျံ့နှံ့နေပြီဆိုရင် တော့ အဆင့် ၄ လို့ ဆိုရမှာပါ။
♦ ကုသမှု
ကုသမှုကုထုံးများမှာ လူနာ၏ အထွေထွေ ကျန်းမာရေး၊ ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်နှင့် လူနာ၏ ရွေးချယ်မှုပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
ကုထုံးများမှာ
I. ခွဲစိတ်ခြင်း
ခွဲစိတ်မှုကုထုံးများမှာ
- ကျူမာဆဲလ်ပါ၀င်သော အဆုတ် အစိတ်အပိုင်းငယ်ကိုခွဲထုတ်ခြင်း (Wedge Resection)
- ကျူမာဖြစ်နေသော အဆုတ်၏ အစိတ်အပိုင်းကို ခွဲစိတ်ခြင်း (Segmental Resection)
- ကျူမာဖြစ်နေသော အပိုင်းတစ်ခုလုံးကို ဖြတ်ထုတ်ခြင်း (Lobectomy)
- ကင်ဆာဖြစ်နေသော အဆုတ်တစ်ခုလုံးကို ဖြတ်ထုတ်ခြင်း (Pneumonectomy)
II. ကင်ဆာဆေးသွင်း၍ကုသခြင်း (Chemotherapy)
ခွဲစိတ်မှုမပြုလုပ်မီ ကင်ဆာဆဲလ်များကျုံ့သွားရန်အတွက်လည်းကောင်း၊ နာကျင်မှုနဲ့ အခြားသော လက္ခဏာများ သက်သာစေရန်အတွက်လည်းကောင်း အသုံးပြုပါတယ်။
III. ရောင်ခြည်သုံး၍ ကုသခြင်း (Radiotherapy)
ခွဲစိတ်ခြင်းဖြင့် မဖယ်ရှားနိုင်သော ကင်ဆာဆဲလ်များကို ကုသရန်၊ နာကျင်မှုနဲ့ အခြားသော လက္ခဏာများသက်သာစေရန် အသုံးပြုပါသည်။
IV. Bevacizumab (Avastin), Erolotinib (Tarceva), Crizotinib (Xalkori) ကဲ့သို့သော ဆေးဝါးများဖြင့် ကုသသော Targeted Drug Therapy
Bevacizumab သည် ကင်ဆာဆဲလ်များ၏ သွေးကြောထောက်ပံ့မှုကို ရပ်တန့်စေပြီး ကင်ဆာဆဲလ်များ ကြီးထွားမှုကို ရပ်တန့်စေပါတယ်။
Erolotinib သည် ကင်ဆာဆဲလ်များကြီးထွားရန် လှုံ့ဆော်ပေးသော ဓာတုပစ္စည်းများကို ရပ်တန့်စေ ပါသည်။
Crizotinib ရဲ့ အာနိသင်မှာ ကင်ဆာဆဲလ်များကြီးထွားနှုန်းနှင့် သက်တမ်းပိုရှည်အောင် ပြုလုပ်ပေးသော ဓာတုပစ္စည်းများကို ပိတ်ပင်တားဆီးခြင်းဖြစ်ပါတယ်။
♦ ကာကွယ်ခြင်း
အဆုတ်ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါတယ်။
- ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။
- ဆေးလိပ်ဖြတ်ပါ။
- အိမ်အနီးတ၀ိုက်တွင် Radon ဓာတ်ငွေ့ပါ၀င်မှု စစ်ဆေးပါ။
- အဆိပ်အတောက်ဖြစ်စေမည့် ဓာတုပစ္စည်းများ ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
- လတ်ဆတ်သော အသီးအနှံများကို စားသုံးပါ။
- လေ့ကျင့်ခန်းလုပ်ပါ။
Dr. Htet Htet Aung





























